အားကောင်းသည့် မိုးတိမ်တောင်ကြောင့်

May 31, 2017

အားကောင်းသည့် မိုးတိမ်တောင်ကြောင့် မိုးသီးကြွေ၊ မိုးကြိုးပစ်ခြင်းတို့ ဖြစ်နိုင်

တနိုင်ငံလုံး မေ ၃၁ ရက်နေ့မှာ မိုးတိမ်တောင်ဖြစ်နိုင်ခြေများ ရှိနေပြီး အားကောင်းတဲ့ မိုးတိမ်တောင်ကြောင့် မိုးသက်လေပြင်း တိုက်ခတ်ခြင်း၊ မိုးသီးကြွေကျခြင်းနဲ့ မိုးကြိုးပစ်ခြင်းတို့ ဖြစ်နိုင်ကြောင်း ဦးထွန်းလွင်က ပြောပါတယ်။ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းတို့တွင် မိုးတိမ်တောင်ဖြစ်ဖို့ သေချာမှု ၅၅ ရာခိုင်နှုန်းမှ ၇၅ ရာခိုင်နှုန်းအထိ ရှိနိုင်တယ်လို့ မိုးလေဝသ ပညာရှင် ဦးထွန်းလွင်က သူ့ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ ပြောကြားလိုက်တာပါ။ မိုးတိမ်တောင်တွေဟာ မွန်းလွဲ ညနေပိုင်းတို့မှာ အဖြစ်များလေ့ရှိပြီး အားကောင်းတဲ့ မိုးတိမ်တောင်ကြောင့် လျှပ်စီးလက်ခြင်း၊ မိုးခြိမ်းခြင်း၊ နေရာကွက် မိုးသည်းတန်ခြင်း၊ မိုးသက်လေပြင်း တိုက်ခတ်ခြင်း၊ မိုးသီးကြွေကျခြင်းနဲ့ မိုးကြိုးပစ်ခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ကြောင်း ဖော်ပြထားပါတယ်။ မိုးခြိမ်းသံကြားရပါက မိုးတိမ်တောင်ဟာ မိမိနဲ့ နီးကပ်စွာ တည်ရှိနေတတ်လို့ အန္တရာယ်ကို ပိုသတိထားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ မိုးတိမ်တောင်တွေဟာ မုတ်သုံအ၀င်ကာလတွေမှာ နေ့တိုင်းလိုလို ဖြစ်တတ်ပြီး မုတ်သုံဝင်အပြီး တပတ်လောက်အကြာမှာ လျော့နည်းသွားလေ့ရှိတယ်လို့ ဆိုပါတယ်။
4 years Ago
Up