အားကစားပြိုင်ပွဲ

December 17, 2018

အာဆီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် မြန်မာအဖွဲ့ ရွှေတံဆိပ် ၁၉ ခု ရရှိထား

အာဆီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲ ဒီဇင်ဘာ ၁၇ ရက်နေ့မနက်ထိ ဆုတံဆိပ်ရရှိမှု နောက်ဆုံးအခြေအနေမှာတော့ မြန်မာအားကစားအဖွဲ့ဟာ ရွှေတံဆိပ် ၁၉ ခုထိ ရရှိခဲ့ပေမယ့် နိုင်ငံအလိုက် စတုတ္ထနေရာမှာပဲ ဆက်လက်ရပ်တည်နေပါတယ်။ ငွေတံဆိပ်၊ ကြေးတံဆိပ်တို့သာ အရများတဲ့ မြန်မာအားကစားအဖွဲ့တွေဟာ ဒီဇင်ဘာ ၁၆ ရက်နေ့ တရက်တည်းမှာပဲ ရွှေတံဆိပ် ၆ ဆုထိ ရရှိခဲ့တာဖြစ်ပါတယ်။ ဗိုဗီနမ်အားကစားကနေ ရွှေတံဆိပ် ၂ ဆု၊ ဂေါက်သီးရိုက်ပြိုင်ပွဲကနေ လှိုင်မင်းထက်၊ ကရာတေး တဦးချင်းပြိုင်ပွဲကနေ သဇင်အေး၊ အသင်းလိုက်နဲ့ အမျိုးသားပြိုင်ပွဲကနေ မင်းဟိန်းခန့်တို့က ရွှေတံဆိပ်ဆုတွေ ရရှိခဲ့ပါတယ်။ မြားပစ်ကွန်ပေါင်းကစားနည်း အမျိုးသမီးပွဲစဉ်မှာ စုစုလှိုင်ကလည်း ပြိုင်ဘက် ထိုင်းကို တမှတ်အသာနဲ့ ရွှေတံဆိပ်ဆု ထပ်မံဆွတ်ခူးပေးခဲ့လို့ ရွှေတံဆိပ် ၁၉ ဆုအထိ ရှိလာခဲ့ပါတယ်။ ပြိုင်ပွဲရက် ၂ ရက်သာ ကျန်ရှိတော့တဲ့အချိန်မှာ ထိုင်းတက္ကသိုလ်အားကစားအဖွဲ့ဟာ ရွှေတံဆိပ် ၅၀ ဆုနဲ့ ထိပ်ဆုံးက ဦးဆောင်နေပြီး အင်ဒိုနီးရှားက ရွှေတံဆိပ် ၄၀ ဆု၊ မလေးရှားက ၂၇ ဆုနဲ့ အစဉ်လိုက် ရပ်တည်နေပါတယ်။
3 years Ago

November 27, 2018

မြန်မာပြည်တွင်ကျင်းပမည့် အာဆီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲ၌ ၂ဝဝဝ ကျော် ဝင်ပြိုင်မည်

၁၉ ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲကို မြန်မာနိုင်ငံက ပထမဆုံးအကြိမ် အိမ်ရှင်နိုင်ငံအဖြစ် ဒီဇင်ဘာ ၁ဝ ရက်ကနေ ၁၉ ရက်အထိ ဆယ်ရက်ကြာ   နေပြည်တော်မှာ လက်ခံကျင်းပမှာ ဖြစ်ပါတယ်။ အားကစားပြိုင်ပွဲမှာ မြန်မာနိုင်ငံ အပါအဝင် အာဆီယံဒေသတွင်း နိုင်ငံပေါင်း ၁၁ နိုင်ငံက ကျောင်းသူကျောင်းသား အားကစားသမားပေါင်း ၂ဝဝဝ ကျော် ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ အာဆီယံဒေသအတွင်း ထူးချွန်အားကစားသမားတွေ ပေါ်ထွက်လာစေဖို့ ရည်ရွယ်ပြီး ကျင်းပတာ ဖြစ်တယ်လို့ ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ဒုသမ္မတ ဦးမြင့်ဆွေက မနေ့ကကျင်းပတဲ့ ၁၉ ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောကြားခဲ့တယ်လို့  သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။ “အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲကို အာဆီယံလူငယ်များ အချင်းချင်း အားကစားကနေတဆင့် ချစ်ကြည်ရင်းနှီးမှုနဲ့ စည်းလုံးညီညွတ်မှုတွေ ရရှိလာစေဖို့၊ အာဆီယံ ဒေသတွင်း ထူးချွန်အားကစားသမားတွေ ပေါ်ထွက်လာစေဖို့နဲ့ အားကစားသမားတွေအကြား သက်ဆိုင်ရာ တက္ကသိုလ်အသီးသီးရဲ့ အရှေ့တောင်အာရှတက္ကသိုလ် အချက်အလက်တွေနဲ့ ယဉ်ကျေးမှုဆိုင်ရာတွေကို အချင်းချင်း အပြန်အလှန် လေ့လာဖလှယ်ခွင့် ရရှိစေဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့  ကျင်းပတာ” လို့ ဒုသမ္မတ ဦးမြင့်ဆွေက ပြောပါတယ်။ အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲဝင်မယ့် မြန်မာအားကစားသမားတွေဟာ စခန်းဝင်လေ့ကျင့်နေကြပြီဖြစ်ပြီး သူတို့တွေ တားမြစ်ဆေးဝါးသုံးစွဲမှု ရှိ/မရှိ စစ်ဆေးဖို့အတွက်လည်း ကြိုတင်ပြင်ဆင်နေပြီလို့ သမ္မတရုံး သတင်းမှာ ဖော်ပြပါတယ်။
3 years Ago
More News
Up