မြန်မာနိုင်ငံမှာ လက်ရှိနေတဲ့ အားကစားအဖွဲ့ချုပ်တွေကို ယာယီပြန်လည်ဖွဲ့စည်းသွားဖို့ရှိနေပေမယ့် လာမယ်ဆီးဂိမ်းပြိုင်ပွဲအတွက်ပြင်ဆင်မှုတွေ ထိခိုက်မှုရှိမှာ မဟုတ်ဘူးလို့ ကျန်းမာရေးနဲ့ အားကစား ၀န်ကြီးဌာန တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များပြန်လည်ဖွဲ့စည်းဖို့ကိစ္စနဲ့ စပ်လျဉ်းပြီး ဒီကနေ့ ဒီဇင်ဘာ၁၉ရက် မှာ ရန်ကုန်မြို့ သုဝဏ္ဏ အမျိုးသားအားကစားပြိုင်ပွဲရုံမှာ သတင်းစာရှင်းလင်းပွဲကျင်းပပြီး ပြောကြား လိုက်တာပါ။
လက်ရှိ အားကစားအဖွဲ့ချုပ် ၄၉ ဖွဲ့ထဲမှာ ၄၅ ဖွဲ့ ယာယီဖွဲ့စည်းပြီးသွားပြီဖြစ်ပြီး Net Ball အားကစားအဖွဲ့ချုပ်က လုံးဝဖွဲ့စည်းခြင်းမရှိပဲ ကျန်အားကစားအဖွဲ့ဖြစ်တဲ့ အမျိုးသမီး အားကစား အဖွဲ့ချုပ်နဲ့ မြင်းစီးအားကစားအဖွဲ့ချုပ်တွေကို အသစ်ဖွဲ့စည်းပြီးဖြစ်ပါတယ်။
အားကစားအဖွဲ့ချုပ်တွေအားလုံးထဲမှာ အများစုဖြစ်တဲ့ အဖွဲ့ ၃၀ ကျော်ကို အထူးတလည် အသစ်ပြန်လည်ဖွဲ့စည်းစရာမလိုပဲ အချို့ အားကစားအဖွဲ့ချုပ်တွေမှာသာ ကွဲလွဲမှုတွေနဲ့ နားလည်မှု လွဲမှားတာတွေ ရှိနေတယ်လို့ သိရပါတယ်။
အားကစားအဖွဲ့ချုပ်တွေ ပြန်လည်ဖွဲ့စည်းတာကြောင့် လာမယ့်နှစ် မလေးရှားနိုင်ငံမှာ ကျင်းပဖို့ ရှိနေတဲ့ ဆီးဂိမ်းပြိုင်ပွဲမှာ မြန်မာအားကစားသမားတွေ အောင်မြင်မှုရဖို့ မထိခိုက်နိုင်ဘူးလို့လည်း တာဝန်ရှိသူတွေက သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
ဆီးဂိမ်းပြိုင်ပွဲအတွက် နေပြည်တော်မှာ အားကစားနည်း ၁၆ မျိုးနဲ့ ကျန်အားကစား အဖွဲ့တွေ ကိုတော့ ရန်ကုန်မြို့မှာ နိုင်ငံတော်ရဲ့ ထောက်ပံ့ကူညီမှုတွေနဲ့ ကစားသမားတွေကို စခန်းသွင်း လေ့ကျင့်ပေးနေတယ်လို့ သိရပါတယ်။
သတင်း၊ ဓာတ်ပုံ - ထက်လူ
6 years Ago