အားကစားသမားစာရင်း

December 26, 2019

ဝင်ငွေအကောင်းဆုံး အားကစားသမားစာရင်းတွင် မေဝဲလ်သာ၊ ရော်နယ်ဒိုနှင့် မက်ဆီတို့ ဦးဆောင်

မကြာသေးခင်က ထုတ်ပြန်လိုက်တဲ့ ဖော့ဘတ်စ်မဂ္ဂဇင်းရဲ့ ဆယ်စုနှစ်အတွင်း ဝင်ငွေအကောင်းဆုံး အားကစားသမားစာရင်းမှာ လက်ဝှေ့အကျော်အမော် ဖလွိုက်မေဝဲလ်သာက ထိပ်ဆုံးက ဦးဆောင်နေပါတယ်။ မေဝဲလ်သာဟာ ၂၀၁၀ ‌နောက်ပိုင်း ကိုးနှစ်လုံးမှာ ကြေးစားလက်ဝှေ့ပွဲ ၁၀ ပွဲသာ ထိုးသတ်ခဲ့ပေမယ့် သူ့ကြွယ်ဝမှုဟာ ‌ ကန်ဒေါလာ  ၉၁၅ သန်းရှိခဲ့မယ်လို့ မဂ္ဂဇင်းက ခန့်မှန်းထားပါတယ်။ ဒီဝင်ငွေတွေထဲက သုံးပုံတပုံကို အသက် ၄၂ နှစ်အရွယ် မေဝဲလ်သာဟာ UFC ဘုရင်ကြီး ကော်နာမက်ဂရီဂေါ်နဲ့ ထိုးခဲ့တဲ့ပွဲမှာ ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲကြောင့် သူ့ရဲ့ ကစားသမားဘဝ ရှုံးပွဲမရှိ မှတ်တမ်းဟာလည်း ပွဲ ၅၀ အထိ မြင့်တက်သွားခဲ့တာ ဖြစ်ပါတယ်။  မက်ဂရီဂေါ်နဲ့ ၂၀၁၅ သြဂုတ်လ ပွဲပြီးချိန်ကတည်းက မေဝဲလ်သာ တရားဝင် ပြိုင်ပွဲထိုးသတ်မှုကို ရပ်နားခဲ့တာဖြစ်ပြီး အဲဒီနှစ် ဒီဇင်ဘာလ ဂျပန် ကစ်ဘောက်ဆာသမား တန်ရှင် နာဆူကာဝါနဲ့ သရုပ်ပြပွဲ ထိုးသတ်မှုကနေလည်း ‌ပေါင် ၇ သန်း ရရှိခဲ့ပါတယ်။ ဒီစာရင်းနဲ့ နံပါတ်၂ နေရာမှာ ဂျူဗင်တပ်စ်အသင်းရဲ့ ပေါ်တူဂီကြယ်ပွင့် ရော်နယ်ဒိုက ဒေါ်လာ သန်း ၈၀၀ နဲ့ရပ်တည်နေပြီး နံပါတ် ၃ နေရာမှာတော့ ဘာစီလိုနာ ကြယ်ပွင့် လီယွန်နယ်မက်ဆီက ဒေါ်လာ သန်း ၇၅၀ နဲ့ ရှိနေပါတယ်‌။ နံပါတ် ၄ နေရာကို ဘက်စကတ်ဘော အကျော်အမော် လီဘရွန်ဂျိမ်းစ်က ဒေါ်လာ သန်း ၆၈၀ နဲ့ သိမ်းပိုက်ထားပြီး နံပါတ် ၅ နေရာမှာ ရှိနေတာကတော့ တင်းနစ်သမား ရော်ဂျာဖက်ဒရာ ဖြစ်ပါတယ်။ ဖက်ဒရာဟာ ဆယ်စုနှစ်တစ်ခုအတွင်းမှာ ဒေါ်လာ သန်း ၆၄၀ ရရှိခဲ့တယ်လို့လည်း ခန့်မှန်းထားပါတယ်။ ဖက်ဒရာရဲ့ နောက်မှာ ဂေါက်သီးအကျော်အမော် တိုက်ဂါးဝုဒ် ဒေါ်လာ ၆၁၅ သန်းနဲ့ အဆင့်ခြောက် နေရာမှာ ရှိနေပြီး သူ့နောက်မှာတော့ နောက်ထပ်  ဂေါက်သီး အားကစားသမားတဦး ဖြစ်တဲ့ ဖီးလ်မစ်ကယ်ဆန်က ဒေါ်လာသန်း ၄၈၀ နဲ့ နံပါတ် ၇ နေရာကို ရရှိထားပါတယ်။ နံပါတ် ၉ နေရာမှာတော့ ဖိလစ်ပိုင်လက်ဝှေ့သမား မန်နီပက်ကွီအို ရှိနေပြီး သူဟာ ဒေါ်လာ ၄၃၅ ဒသမ ၉ သန်း ရရှိခဲ့ပါတယ်။ နောက်အဆင့် ၉ နဲ့ ၁၀ နေရာတွေမှာ ဘက်စကတ်ဘော ကစားသမား ကယ်ဗင်ဒူးရင်နဲ့ ပြိုင်ကားမောင်းသမား လူးဝစ္စဟာမီတန်လ်တို့က ဒေါ်လာ ၄၂၅ သန်း၊ သန်း ၄၀၀ တို့နဲ့ အစဉ်လိုက် ရပ်တည်နေပါတယ်။
2 years Ago
Up