ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပပြီးစီးသွားတဲ့ အကြိမ် (၃၀) ဆီးဂိမ်းစ်ပြိုင်ပွဲမှာ မြန်မာအားကစားအဖွဲ့အနေနဲ့ အတွေ့အကြုံအားနည်းမှုနဲ့ နည်းစနစ်တွေ ကွာဟမှုရှိတဲ့အတွက် မျှော်မှန်းသလောက် အောင်မြင်မှုမရရှိခဲ့ဘူးလို့ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က ပြောပါတယ်။
မနေ့က နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) မှာ ကျင်းပတဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနဲ့ မြန်မာ အားကစားအဖွဲ့က အုပ်ချုပ်သူတွေ၊ နည်းပြတွေ၊ ဝန်ထမ်းတွေနဲ့ တွေ့ဆုံပွဲမှာ ပြောကြားခဲ့တာပါ။
နိုဝင်ဘာ ၃၀ မှ ဒီဇင်ဘာ ၁၀ ရက်အထိ ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ဆီးဂိမ်းစ်ပြိုင်ပွဲမှာ မြန်မာအနေနဲ့ အားကစားနည်း ၃၁ နည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ် ၄ ခု၊ ငွေ ၁၈ ခု၊ ကြေး ၅၁ ခု စုစုပေါင်း ဆုတံဆိပ် ၇၃ ခုရရှိပြီး နိုင်ငံအလိုက် အဆင့် ၇ နေရာသာ ရရှိခဲ့တာပါ။
ဒါကြောင့် ဗီယက်နမ်နိုင်ငံမှာ ကျင်းပမယ့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် ခုအချိန်ကတည်းက စတင်ပြီး ကောင်းမွန်ထိရောက်တဲ့ လေ့ကျင့်မှု အစီအစဉ်တွေ ပြုလုပ်ရမှာဖြစ်သလို အားကစားသမားတွေ စခန်းသွင်းလေ့ကျင့်နေစဉ်အတွင်း ဘဝနောင်ရေးနဲ့ မိသားစုဝင်တွေ ရေရှည်ရပ်တည်နိုင်ရေးအတွက် စားစရိတ်နဲ့ထောက်ပံ့ကြေး မိုတိုးမြှင့်ပေးဖို့ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က ပြောသွားပါတယ်။
ဒါ့အပြင် အရည်အချင်းပြည့်ဝစွာ သင်ကြားပေးနိုင်တဲ့ ပြည်တွင်း နည်းပြတွေနဲ့ နိုင်ငံတကာအဆင့်မီ သင်ကြားပြသပေးနိုင်တဲ့ နိုင်ငံခြားသားနည်းပြတွေက အားကစားသမားတွေကို လေ့ကျင့်သင်ကြားပေးဖို့လည်း တိုက်တွန်းသွားပါတယ်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကတော့ မြန်မာ့အား ကစား ပိုမိုတိုးတက်အောင်မြင်မှုရဖို့ သမားရိုးကျရှေးရိုးစွဲပုံစံတွေနဲ့ မရတော့ဘဲ ဆန်းသစ်တဲ့ သမားရိုးကျမှဖောက်ထွက်တဲ့ အတွေးအမြင်တွေနဲ့ ပြတ်သားစွာ လုပ်ရမယ်လို့ ပြောပါတယ်။
ဒါ့အပြင် အားကစားနှင့်ကာယပညာသိပ္ပံ ကျောင်း(၆)ကျောင်းမှာ သင်တန်းသား စတင်စိစစ်ရွေးချယ်ရာမှာ အမှန်တကယ်အားကစားစိတ်ဓာတ်ပြည့်ဝပြီး ကျန်းမာသန်စွမ်းတဲ့ အားကစားနည်းအလိုက် ထူးချွန်အလားအလာရှိတဲ့ လူငယ်တွေကို စနစ်တကျ ရွေးချယ်ဖို့နဲ့ အားကစားသိပ္ပံဘွဲ့ (B.Sc (sports)) ရရှိသူတွေကို ကျောင်း (၆) ကျောင်းမှာ ခန့်အပ်တာဝန်ပေးဖို့ အပြင် နိုင်ငံတကာက နည်းပြတွေကို ပိုမိုခန့်အပ်ဖို့ ပြောသွားပါတယ်။
ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်ကလည်း အရှေ့တောင် အာရှအားကစားပြိုင်ပွဲတွေမှာ အောင်မြင်မှုများရရှိဖို့ အားကစားနှင့်ကာယပညာ (သိပ္ပံ)ကျောင်း(၆)ကျောင်းရှိ လူရွေးချယ်ရေး၊ စားသောက်ရေး၊လေ့ကျင့်ရေးတို့ကို စနစ်တကျ အသစ်ပြန်လည်ဆောင်ရွက်သွားမှာ ဖြစ်သို အောင်မြင်မှုရရှိခဲ့တဲ့ အားကစားသမားတွေကိုလည်း ထိုက်တန်စွာဂုဏ်ပြု ချီးမြှင့်သွားမယ်လို့ ပြောပါတယ်။
ကျောင်းသားအားကစားပွဲတော်ကို ဒီဇင်ဘာ ၂၄ ရက်ကနေ ဇန်နဝါရီ ၂ ရက်အထိ အားကစားနည်း (၄)မျိုးနဲ့ နေပြည်တော်တွင် ကျင်းပသွားဖို့ရှိနေတယ်လို့လည်း အားကာ လူထုပညာ ဌာန သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
1 year Ago