အာဘေး

April 19, 2018

နျူကလီးယားလက်နက် စွန့်လွှတ်ရန် မြောက်ကိုရီးယားကို ဖိအားပေးသွားမည်ဟု ထရမ့်ပြော

နျူကလီးယားလက်နက်စွန့်လွှတ်ဖို့ သဘောတူတဲ့အထိ မြောက်ကိုရီးယားကို ဆက်လက်ဖိအားပေးသွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။ ဧပြီ ၁၈ ရက်နေ့က ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာမှာ ဒေါ်နယ်ထရမ့်က အဲဒီလို ပြောကြားခဲ့တာပါ။ မြောက်ကိုရီးယားမှာ ဖမ်းဆီးခံထားရတဲ့ အမေရိကန်နိုင်ငံသား ၃ ဦး ပြန်လွှတ်ပေးဖို့လည်း ဆက်လက်ညှိနှိုင်းသွားမယ်လို့ ထရမ့်က ပြောပါတယ်။ “မြောက်ကိုရီးယားနဲ့ တွေ့ဆုံမှုမှာ ကြီးမားတဲ့ အောင်မြင်မှု ရရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒီအတွက် ကျနော်တို့ စောင့်မျှော်နေပါတယ်။ ဒါဟာ မြောက်ကိုရီးယားနဲ့ ကမ္ဘာကြီးအတွက် ကြီးကျယ်ခမ်းနားတဲ့ အရာတခု ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ကမ္ဘာကြီးရဲ့ အောင်မြင်မှုအတွက် ကျနော်တို့ ဖြစ်နိုင်တာအားလုံးကို လုပ်ဆောင်သွားမှာပါ။ အမေရိကန်အတွက်တင် မဟုတ်ပါဘူး။ တောင်ကိုရီးယား၊ မြောက်ကိုရီးယားနဲ့ ဂျပန်အတွက်တင် မဟုတ်ပါဘူး။ ဒါက တကမ္ဘာလုံးအတွက်ပါ” လို့ ထရမ့်က ပြောကြားခဲ့ပါတယ်။ “မြောက်ကိုရီးယားက ဆွေးနွေးမယ်လို့ ကမ်းလှမ်းထားရုံပါ။ ဒီအတွက် အလျှော့ပေးလို့ မရပါဘူး။ ဖိအားပေးမှုတွေကို ဆက်လက်ထိန်းသိမ်းပြီး နျူကလီးယား ဖျက်သိမ်းရေးကို လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ဖို့ တောင်းဆိုရမှာဖြစ်ပါတယ်။ ဒီမူဝါဒကို ကျနော်တို့ကြား လက်ခံထားပြီးဖြစ်ပါတယ်” လို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောကြားခဲ့ပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့်ဟာ ၂ ရက်တာ အလည်အပတ်ခရီးစဉ်အဖြစ် ရောက်ရှိလာတဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ ဇနီးဖြစ်သူတို့ကို ဖလော်ရီဒါမှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။ ထရမ့်နဲ့ အာဘေးတို့ဟာ မြောက်ကိုရီးယားကိစ္စအပြင် နှစ်နိုင်ငံကြား ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတို့ကိုလည်း ဆွေးနွေးသွားဖို့ ရှိနေပါတယ်။
3 years Ago
Up