ယီမင်နိုင်ငံရဲ့ အစိတ်အပိုင်းတွေမှာ ကလေးတွေအချိန်တိုအတွင်း အာဟာရချို့တဲ့မှု စံချိန်တင်မြင့်နေလို့ ကလေးအယောက် တစ်သိန်းနီးပါး သေဘေးနဲ့ ရင်ဆိုင်နေရပါတယ်။
ယီမင်ဟာ စားနပ်ရိက္ခာလုံခြုံမှု အကျပ်အတည်းဆိုက်ဖို့ နီးလာပြီလို့ ကုလသမဂ္ဂ အစီရင်ခံစာတစောင်နဲ့ အရာရှိတွေက အောက်တိုဘာ ၂၇ ရက်မှာ ပြောလိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါ၊ စီးပွားရေးကျဆင်းမှု၊ ရေလွှမ်းမိုးမှု၊ လက်နက်ကိုင်ပဋိပက္ခ တိုးလာတာနဲ့ ယီမင်အတွက် ကမ္ဘာလုံးဆိုင်ရာ အကူအညီတွေ သိသိသာသာ ပြတ်လပ်တာတွေကြောင့် အာဟာရချို့တဲ့မှု က ၂၀၂၀ မှာ ပိုဆိုးလာခဲ့တာပါ။
ခြောက်နှစ်နီးပါး ကြာနေတဲ့ စစ်ပွဲနောက်မှာ ဆိုးဆိုးရွားရွား အငတ်ဘေး ကျယ်ပြန့်လာမယ့် အခြေအနေ မြင့်မားနေတယ်လို့ ရိုက်တာ သတင်းဌာနက ရေးပါတယ်။
ယီမင်တောင်ပိုင်းမှာ အသက် ၅ နှစ်အောက် ကလေး ၁၀ ယောက်မှာ တယောက်နှုန်း အာဟာရချို့တဲ့နေတယ်။ ဒါဟာ ကလေး ၅ သိန်းကျော်မှာ ရေတို အာဟာရချို့တဲ့နေတာလို့ ကုလအခြေပြု စားနပ်ရိက္ခာလုံခြုံရေး အဆင့်အကဲဖြတ်မှု (IPC)က ဖော်ပြထားပါတယ်။
အာဟာရချို့တဲ့ တဲ့ ကလေးစုစုပေါင်းရဲ့ ၁၅ ဒသမ ၅ ရာခိုင်နှုန်းဖြစ်တဲ့ အယောက် ၉၈၀၀၀ က သေဘေးနီးတဲ့အထိ ဆိုးဆိုးရွားရွား အာဟာရချို့တဲ့နေပြီး ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင် အယောက် ၂ သိန်းခွဲထက်မနည်းကတော့ အာဟာရချို့တဲ့မှု ဆိုင်ရာကုထုံးတွေ လိုအပ်နေပါတယ်။
နိုင်ငံတကာ အသိအမှတ်ပြု ယီမင်အစိုးရ ထိန်းချုပ်ထားတဲ့ တောင်ပိုင်းဒေသမှာ အသက် ၅ နှစ်အောက် ကလေး ၁ ဒသမ ၄ သန်း ရှိနေပါတယ်။
အီရန်နဲ့ မဟာမိတ် ဟူသီတွေ ထိန်းချုပ်ထားပြီး လူဦးရေ အများစုနေတဲ့ ယီမင်မြောက်ပိုင်းက သတင်းအချက်အလက်တွေကိုတော့ မသိရသေးပါဘူး။
၂၀၂၀ တနှစ်လုံး ယီမင် လူသားချင်း စာနာမှုတုံ့ပြန်ရေးအတွက် လိုအပ်တဲ့ငွေ အမေရိကန် ဒေါ်လာ ၃ ဒသမ ဘီလီယံထဲက အောက်တိုဘာလလယ်ထိ ရရှိငွေ ၁ ဒသမ ၄၃ ဘီလီယံပဲ ရသေးတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
ယီမင် ပြည်သူ ၈၀ ရာခိုင်နှုန်းလောက်ဟာ လူသားချင်းစာနာမှု အကူအညီတွေကို မှီခိုနေရလို့ ကမ္ဘာ့အကြီးဆုံး လူသားချင်း စာနာမှု အကျပ်အတည်း ဆိုက်နေတယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။
လူတသိန်းကျော် သေဆုံးပြီး သန်းချီတဲ့လူတွေ အငတ်ဘေးဆိုက်တဲ့ထိ ဖြစ်စေတဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ပြန်စရေး ကုလအရာရှိတွေက ကြိုးစားနေပါတယ်။
2 years Ago