အာသံ-မဏိပူရ သို့မဟုတ် တချိန်က မြန်မာ့ပိုင်နက်မြေ

May 22, 2016

အာသံ-မဏိပူရ သို့မဟုတ် တချိန်က မြန်မာ့ပိုင်နက်နယ်မြေ (၂)

ရာဂျီးဗ် ဘာတာချာယာ၏ အမေးကို ကျနော်က ပြန်ဖြေရာတွင်… ကျနော်တဦးချင်းအနေဖြင့် အိန္ဒိယအရှေ့မြောက်ဒေသ လက်ရှိအခြေအနေကို သိပ်မသိပါ။ ကျနော်တို့နိုင်ငံအတွင်းရှိ တိုင်းရင်းသားများက ဒီမိုကရေစီဖက်ဒရယ်စနစ် ပီပီပြင်ပြင်ရရှိရေးကို ကြိုးစားနေသည့် အချိန်ဖြစ်၍ အိန္ဒိယနိုင်ငံအတွင်းရှိ မျိုးနွယ်တူ တိုင်းရင်းသားများအရေးကိစ္စကို အာရုံစိုက်လေ့လာခြင်းမပြုနိုင်သေးပါ - ဟုဖြေကြားခဲ့ပါသည်။ ဒုတိယမေးခွန်းနှင့်ပတ်သက်၍ ပြီးခဲ့သည့် ဦးသိန်းစိန်အစိုးရလက်ထက်က မြန်မာ့ တပ်မတော်က အိန္ဒိယတပ်မတော်ကို မြန်မာပိုင်နက်နယ်မြေအတွင်း ဝင်ရောက်ကာ နယ်စပ် သူပုန်များကို တိုက်ခိုက်ခွင့်မပြုဘဲ ပိတ်ပင်ခြင်းမှာ မိမိတို့၏ နိုင်ငံခြားရေးမူဝါဒအရ နိုင်ငံခြား တပ်ဖွဲ့များကို မိမိပိုင်နက်နယ်မြေကို အသုံးပြုခွင့်မပေးခြင်းသာ ဖြစ်ပါလိမ့်မည်။ အိန္ဒိယနိုင်ငံ၏ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို အားပေးလိုခြင်းမဟုတ်ပါ။ သို့သော် အိန္ဒိယအစိုးရက မြန်မာအတိုက်အခံ အန်အယ်လ်ဒီပါတီအပေါ် ပိုမိုလိုလားသည့် တိမ်းညွတ်မှုရှိသည်ကို သိရှိ သည့်အတွက် အခွင့်ရသည့်အချိန်တွင် လက်တုံ့ပြန်ခြင်းလည်း ဖြစ်နိုင်ပါသည်။ လက်ရှိ အန်အယ်လ်ဒီအစိုးရသစ် တက်လာပြီးနောက်ပိုင်းတွင် အိမ်နီးချင်းနိုင်ငံအစိုးရကို ပုန်ကန်တိုက် ခိုက်နေသည့် နယ်စပ်လက်နက်ကိုင်အဖွဲ့များကို အားပေးသည့် အပြုအမူမျိုး၊ အိမ်နီးချင်းကောင်း မပီသသည့်လုပ်ရပ်မျိုး လုပ်ဆောင်လိမ့်မည်မထင်ပါဟု ကျနော့်ထင်မြင် ချက်ကိုဖြေကြားခဲ့ပါ သည်။ ဤမေးခွန်းကို အမေးခံရသည့်အတွက် ကျနော့်စိတ်ထဲ အနည်းငယ်ထူးဆန်းနေပါသည်။ နောက်မှသိရသည်မှာ ရာဂျီးဗ်မှာ ၂၀၁၁ ခုနှစ် အောက်တိုဘာလအတွင်းက အိန္ဒိယအစိုးရကို လက်နက်ကိုင်တိုက်ပွဲဝင်နေသည့် ULFA ( United Liberation Front of Asom) ရှိရာ အရှေ့ နာဂလန်းဒ်ခေါ် မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်း၊ နာဂတောင်တန်းများဆီသို့ သုံးလနှင့် ရက်နှစ်ဆယ် ကြာ သွားရောက်နေထိုင်ခဲ့ပြီး (RENDEZVOUS WITH REBELS) “သူပုန်များ နှင့်ဆုံတွေ့ရာ” စာအုပ်ကို ရေးသားခဲ့သူဖြစ်ပါသည်။ ( “ RENDEZVOUS WITH REBELS” စာအုပ် ကိုလက် ဆောင်ပေးလိုသည်ဆို၍ ကျနော်တို့အပြန်ခရီးတွင် သူနေထိုင်ရာ ဂူဝါဟတီမြို့၊ နေအိမ်သို့ ခေတ္တဝင်ရောက်ပြီး  တစ်ယောက်တအုပ် ယူခဲ့ကြပါသေးသည်။) ထို့ပြင် အာသံဒေသကြီးသည် ၁၂၂၆ ခုနှစ်မှ ၁၈၁၇ အထိ နှစ်ပေါင်း ၆၀၀ ခန့် အာ့ဟုန် ခေါ် ရှမ်းမင်းဆက်များ အုပ်ချုပ်ခဲ့ရာဒေသဖြစ်ခဲ့သည်။ ထိုမင်းဆက်ကို စတင်တည်ထောင်သူမှာ (Mong Mao) မုန်းမော (တရုတ်-မြန်မာနယ်စပ်ဒေသ ရွှေလီချိုင့်ဝှမ်းကို ဗဟိုပြုထားသည့်) ဒေသမှ (PatKai - ဖာ့ကိုင်) ပတ်ကွိုင်တောင်တန်းကို ဖြတ်ကျော်လျက် အာသံဒေသကို ရောက်ရှိ လာသူ ရှမ်းမင်းသား ဆုကဖား ( Sukaphaa ) ဖြစ်သည်။ ထို အာ့ဟုန်မင်းဆက် နှစ်ပေါင်း ၆၀၀ စိုးစံအပြီး၊ မြန်မာဘုရင် ဘိုးတော်ဘုရားလက်ထက် ၁၈၁၇ ခုနှစ် မတ်လတွင်တကြိမ်၊ ၁၈၁၉ ဖေဖေါ်ဝါရီလတွင် တကြိမ်၊ ဘကြီးတော်ဘုရား လက်ထက် ၁၈၂၁ တွင် တကြိမ် အာသံကို စစ်ပြုလျက်သိမ်းပိုက်ခဲ့သည်။ ထိုသို့သော သမိုင်းနောက်ခံအကြောင်းများ ရှိနေခြင်းကြောင့်- ကျနော်တို့က (အထူး သဖြင့် ရှမ်းတိုင်းရင်းသား နိုင်ငံရေးပါတီတခုက) သူတို့၏ အရှေ့မြောက်ဒေသအကြောင်း စိတ်ဝင်စားမှုရှိ-မရှိ မေးမြန်းခြင်းဖြစ်ပုံရလေသည်။ နောက်တယောက် ထူးထူးခြားခြားသတိထားမိသူမှာ အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေသော မီဇိုရမ်ပို့စ်မှ ဂျာနယ်လစ် Mr.Henry Lalhlimum ဖြစ်သည်။ သူသည် အာသံတက္ကသိုလ်မှ မာစတာဒီဂရီ ရခဲ့သူဖြစ်ပြီး၊ လူမှုရေးပရဟိတလုပ်ငန်း လုပ်ကိုင်နေသူ၊ ကျောင်းသားခေါင်း ဆောင်တယောက်ဖြစ်ကြောင်းလည်း သိရသည်။ သူက အိန္ဒိယအစိုးရ၏ Act East Policy မှာ မီဇိုရမ်ဒေသကို အခြေခံရမည်ဖြစ်ကြောင်း၊ မီဇိုရမ်ဒေသမှ ၉၅ ရာခိုင်နှုန်းသော ဌာနေတိုင်းရင်းသားများမှာ အရှေ့တောင်အာရှမှ ၁၆ ရာစုနှင့် အဓိကအားဖြင့် ၁၈ ရာစုတွင် စတင်ဝင်ရောက်လာကြသူများ ဖြစ်ကြောင်း၊ လက်ရှိ အနေအထားတွင်လည်း မီဇိုရမ်ပြည်နယ်မှာ ဘင်္ဂလားဒက်ရှ် - မြန်မာတို့နှင့် နယ်နိမိတ်ချင်း ဆက်စပ်လျက် နယ်စပ်ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်လာနေကြောင်း၊ စသည်ဖြင့် ပြောဆိုသွား လေသည်။ မစ္စတာ ဟင်နရီမှာ ဇိုမီးလူမျိုးဖြစ်ပုံရပြီး မြန်မာနိုင်ငံသား ချင်းလူမျိုးနှင့်ဆင်တူသည်။ အစည်းအဝေး ဒုတိယရက်တွင် ကျနော်တို့မြန်မာနိုင်ငံမှ အက်စ်သာထုဆန်နှင့် ကိုစည်သူ အောင်မြင့်တို့ စကားပြောအလှည့်ကျသည်။ အက်စ်သာမှာ လောလောလတ်လတ် ပူပူနွေးနွေး သတင်း ပူလစ်ဇာဆုရထားသော လေးဦးပါ AP သတင်းအဖွဲ့ဝင်ဖြစ်ပြီး၊ အမေရိကန်ပြည် ထောင်စုမှအပြန် ရန်ကုန်သို့ မဝင်ရောက်နိုင်သေးဘဲ ယခုဆွေးနွေးပွဲသို့ တောက်လျှောက်လာ ခဲ့ရသူဖြစ်သဖြင့် ပင်ပန်းလွန်းပြီး အိပ်ရေးမဝဖြစ်ကာ ပထမနေ့ အစည်းအဝေးကို နေ့တဝက် သာ တက်နိုင်သည်။ သူမမှာ ၂၀၁၃ ခုနှစ်ကတည်းက AP (Associated Press) တွင် သတင်းထောက်အဖြစ် အလုပ်လုပ်နေသူဖြစ်သည်။ အစည်းအဝေးတွင် အက်စ်သာက အိန္ဒိယ - မြန်မာ သတင်းသမားများ၊ ဂျာနယ်လစ်များအနေဖြင့် ရှေ့အနာဂတ်ကာလတွင် ပိုမိုချစ်ကြည်ရင်း နှီးမှုရစေရန်၊ တဘက်နှင့်တဘက်ပိုမို အပြန်အလှန် ပိုမိုနားလည်စေရန်အတွက် လက်တွေ့ ကျကျ ဆောင်ရွက်နိုင်သည့် ကိစ္စတခုကို အကြံပြုသည်။ အခြားမဟုတ် ဖေ့စ်ဘွတ်တွင် Group တစ်ခုထောင်၍ မြန်မာနှင့် အိန္ဒိယနိုင်ငံ ဆက်ဆံရေးဆိုင်ရာ သတင်းများ၊ နှစ်နိုင်ငံဆိုင်ရာ စိတ်ဝင်စားစရာ သတင်းဆောင်းပါးများကို တင်ပေးခြင်းဖြင့် ဝေငှကြရန်၊ တယောက်နှင့် တယောက် အဆက်အသွယ်မပြတ်စေဘဲ ထိတွေ့ဆက်ဆံနေကြရန်နှင့် အချက်အလက်များကို အပြန်အလှန် ကိုးကားနိုင်ရန် အကြံပြုသည်။ အက်စ်သာ၏ အကြံပြုချက်မှာ အစည်းအဝေး၏ ရည်ရွယ်ချက်နှင့် အကိုက်ညီဆုံး အကြံပြုချက်ဖြစ်သည်ဟု ကျနော်ယူဆသည်။ အဆိုပါအကြံ ပြုချက်ကို ကျနော်တို့ပြန်ခါနီးတွင် လက်တွေ့ အကောင်အထည်ဖေါ်သောအားဖြင့် Burma Centre Delhi မှ ဒါရိုက်တာ Dr. Alana Golmei က India-Myanmar Third Space ဆိုသော Closed Group တခုဖွင့်လိုက်ပြီး၊ အစည်းအဝေးတက်သူများအားလုံးကို Invite လုပ်သည်။ ထို ဂရုတွင် လွတ်လပ်စွာရေးသားကြမည်။ သတင်းဖလှယ်ကြမည်။ ဤသို့ဖြင့် အပြန်အလှန် ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်သွားကြမည်ဖြစ်၍ ကောင်းသော ခြေလှမ်း ဖြစ်ပါသည်။ အစည်းအဝေးပြီး ပထမညတွင် အိန္ဒိယ-မြန်မာ မီဒီယာသမားများ ပျော်ပျော်ပါးပါး ညစာစားကြသည်။ အိန္ဒိယ လူငယ်တစ်ယောက်က ကိုယ်တိုင်ဂီတာတီးကာ အိန္ဒိယသီချင်းများ သီဆိုဖျော်ဖြေသကဲ့သို့ ကိုသန်းဝင်းထွဋ်ကလည်း မြန်မာသီချင်းကို ကိုယ်တိုင်တီး ကိုယ်တိုင် ဆိုကာ ဖြေဖျော်သည်။ “မန္တလေးသွားတဲ့ရန်ကုန်သူ” သီချင်း ကိုအတူလာရောက် ဆိုပေးပါ ဆိုသဖြင့် မေ့တေ့တေ့ဖြစ်နေသော ထိုသီချင်းကို သူနှင့် စတိတ်ပေါ်အတူထိုင်၍ ဆိုပေးခဲ့ရသေး သည်။ သူက ဆိုလည်းဆို၊ တီးလည်းတီးပါသည်။ ဤညစာ စားပွဲမှာ အစည်းအဝေးတက်ရောက် သူများကို ကြိုဆိုခြင်းရော၊ နှုတ်ဆက်ခြင်းပါ ပြုသည့်ပွဲ ဖြစ်ပါလိမ့်မည်။ အကြောင်းမှာ (၂၁) ရက်နေ့ နေ့လယ်အစည်းအဝေးပြီးသည်နှင့် အက်စ်သာထုဆန်၊ ကိုသန်းဝင်းထွဋ်နှင့် ကိုစည်သူ အောင်မြင့်တို့ ပြန်ကြသည်။ ဒေါက်တာခင်ဇော်ဝင်း၊ ကျနော်နှင့် ခေါ်မာဝူတို့သုံးယောက်မှာ ရန်ကုန်သို့ မပြန်သေးဘဲ ရှီးလုံနှင့် အနီးပတ်ဝန်းကျင်တွင် နှစ်ရက်ခန့် လည်ပတ်ကြသည်။ (၂၁) ရက်နေ့ ညပိုင်းတွင် ရှီးလုံတွင်ကျန်နေသော ကျနော်တို့မြန်မာအဖွဲ့ဝင် (၃) ယောက်နှင့် အိမ်ရှင် အဖွဲ့ကို မီဂလာယာပြည်နယ်လွှတ်တော် အတိုက်အခံခေါင်းဆောင် James K.Sangma က သူ့ တိုက်ခန်းသို့ ဖိတ်ခေါ်၍ ညစာကျွေးပါသည်။ သူက ခါရှီးလူမျိုးမဟုတ်ဘဲ ဂါရိုလူမျိုးဖြစ်ပြီး ရုပ်ရည် မှာ မြန်မာတိုင်းရင်းသားများကဲ့သို့ အသားညိုညို၊ အရပ်ပုပြတ်ပြတ်၊ မျက်နှာဝိုင်းဝိုင်းနှင့် ဖြစ်လေရာ စိတ်ထဲတွင် ရင်းရင်းနှီးနှီးတွေ့ဖူးသည့် တစ်ယောက်ယောက်ဟု ခံစားနေမိပါသည်။ ဂါရိုလူမျိုးမှာ မီဂလာယာပြည်နယ်တွင် ခါရှီးလူမျိုး (၄၅) ရာခိုင်နှုန်း၊ ပြီးနောက် ဒုတိယ လူဦးရေအများဆုံး (၂၇.၅) ရာခိုင်နှုန်းဖြစ်သည်။ ကျနော်တို့ သူ့တိုက်ခန်းသို့ ရောက်သွားသည့် ညနေ ၆ နာရီလောက်မှ သူ့ဇနီးသည်က ဟင်းများ စတင်ချက်ပြုတ်ပုံရပါသည်။ သို့ဖြစ်ရာ ထမင်း-ဟင်း အဆင်သင့်ဖြစ်မည့်အချိန်ကို စောင့်ရင်း၊ ဝီစကီသောက်ရင်း စကားစမည်ပြောကြပါသည်။ အမြည်းမှာ ထွေထွေထူးထူး မဟုတ်ပါ။ ကျနော်တို့ဆီမှာလည်း စားလေ့ရှိသည့် “စာကလေးချီးကြော်” ခေါ်သည့် ကုလားပဲထောင်းညှစ်ကြော် သေးသေးမျှင်မျှင်များသာ။ ထူးခြားသည်မှာ ကျနော်တို့ဆီမှာထက် ပိုမိုသေးမျှင်ပြီး အမွှေးအကြိုင် ပိုမိုထည့်ထားခြင်းသာ ဖြစ်မည်ထင်သည်။ စကားဝိုင်းတွင်ပါဝင်သည့် အမျိုးသမီးများတွင် ခေါ်မာဝူမှအပ ဆာရာ (ဂျာမန်ဖောင်ဒေး ရှင်း)၊ အလန်နာ (ဘားမားစင်တာဒေလီ)၊ နီဟာ ဒီရှစ် တို့အားလုံး ဝိုင် (သို့မဟုတ်) ဝီစကီ သောက်သည်။ ခေါ်မာဝူ က ဝိုင်မသောက်သဖြင့် သစ်သီးဖျော်ရည်တခု သောက်သည်။ စကားဝိုင်းမှာ လွတ်လွတ်လပ်လပ် ပြောကြဆိုကြရသဖြင့် စိတ်ဝင်စားစရာကောင်းသည်။ အိန္ဒိယ အရှေ့မြောက်ပြည်နယ်များအတွင်းရှိ၊ ခွဲထွက်ရေး လှုပ်ရှားမှုများအကြောင်းနှင့် ထိုသို့ သော ဆူပူလှုပ်ရှားမှုများရှိခြင်းကြောင့် အိန္ဒိယ ဗဟိုအစိုးရအဆက်ဆက်က အရှေ့မြောက် ဒေသ၏ ဖွံ့ဖြိုးတိုးတက်ရေးကို ပေလယျကံ ပြုထားခဲ့ပုံများ၊ အိန္ဒိယ၏ အိမ်နီးချင်းနိုင်ငံဖြစ်သော ဘင်္ဂလားဒေက်ရှ်နှင့် ဆက်ဆံရေး အဆင်မပြေပုံများ၊ အိန္ဒိယ နယ်စပ်တွင် မြန်မာနယ်စပ်မှာကဲ့ သို့ ဘင်္ဂါလီခိုးဝင်မှုသည် ပြဿနာကြီးကြီးမားမားရှိနေကြောင်း ဆွေးနွေးသည်။ ၂၀၀၁ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း အိန္ဒိယသို့ခိုးဝင်ရန်ကြိုးစားသည့် ဘင်္ဂလားဒေက်ရှ် နိုင်ငံသားများကို အိန္ဒိယ နယ်ခြားလုံခြုံရေးတပ်ဖွဲ့က ပစ်သတ်သည့်အရေအတွက်မှာ ၁၀၀၀ နီးပါးရှိသည်။ မြန်မာနိုင်ငံ အရေးနှင့် ပတ်သက်၍လည်း အိန္ဒိယ သံအမတ်ကြီးဟောင်း ရာဂျစ် ဘာတီးယားက စိတ်ဝင်တ စားဆွေးနွေးသည်။ အထူးသဖြင့် အန်အယ်လ်ဒီ အစိုးရသစ်နှင့် တပ်မတော်အကြား ဆက်ဆံ ရေး အဆင်ပြေနိုင်-မပြေနိုင် စိုးရိမ်စိတ်ရှိဟန်တူပါသည်။ စကားဝိုင်းတွင် အားရအောင် ပြောဆိုဆွေးနွေးကြပြီးသည့်အခါ ထမင်းဟင်းလည်း အဆင်သင့်ဖြစ်ချေပြီ။ ထမင်းကြိုက်သူက ထမင်းနှင့်ဟင်းကို ဘူဖေးပုံစံဖြင့် ထည့်စားကြသလို၊ ချာပါတီနှင့် အသားဟင်းကြိုက်သူက ချာပါတီစားကြသည်။ ဝက်သားဟင်းပါသော်လည်း အမဲသားမပါချေ။ အိန္ဒိယပြည်၏ စားပွဲသောက်ပွဲများမှာ တရုတ်ပြည်မှာကဲ့သို့ ဘုံးဘောလအော၊ ကိန်းကြီးခန်းကြီး မနိုင်လှချေ။ တရုတ်စားပွဲသောက်ပွဲများမှာ ခမ်းနားလှပြီး မကုန်နိုင်မခမ်းနိုင် ဖြင့် ကုန်ကျစားရိတ်ကြီးမားလှသဖြင့် တရုတ်သမ္မတ ရှီကျင့်ဖျင်က ဖြုန်းတီးမှုဆန့်ကျင်ရေး လုပ်နေရသည်။ ၂၂ ရက်နေ့တွင် ရှီးလုံတောင်ဘက် ကီလိုမီတာ ၅၆ ခန့်ဝေးသည့် ချာရာပွန်ဂျီဒေသရှိ မောစ်မိုင် သဘာဝဂူသို့ လည်းကောင်း၊ ကီလိုမီတာ ၈၀ ခန့်ဝေးသော အသန့်ရှင်းဆုံးရွာဟု တင်စားထားသည့် မော်လင်နွန်ရွာသို့လည်းကောင်း သွားရောက်လည်ပတ်ကြသည်။ ချာရာ ပွန်ဂျီမှာ ကမ္ဘာပေါ်တွင် မိုးရေချိန်လက္မအများဆုံး ရွာသွန်းသောနေရာဟု သိရသဖြင့် လွန်စွာ အံ့သြမိသည်။ ထိုဒေသ၏ တနှစ်ပျှမ်းမျှ မိုးရေချိန်လက္မမှာ ၄၆၃.၇ လက္မ ( မီလီမီတာ ၁၁၇၇၇) ခန့်ရှိသည်ဆို၏။ အံ့သြရသည့်အကြောင်းမှာ ပင်လယ်ကမ်းစပ်ဒေသ မဟုတ်ပါဘဲ မိုးအများဆုံး ဒေသဖြစ်နေသည့် အတွက်ဖြစ်သည်။ ၎င်း၏တောင်ဘက်ရှိ ဘင်္ဂလားဒေက်ရှ်နိုင်ငံ ပင်လယ် ကမ်းရိုးတန်းမြို့ စစ်တကောင်းကို မြေပုံတွင် အဖြောင့်တိုင်းလျှင် မိုင်နှစ်ရာခန့် ဝေးသည်။ မြန်မာ နိုင်ငံ၏ ရခိုင်ကမ်းမြောင်ဒေသ စစ်တွေမှ ကုန်းတွင်းပိုင်း နေပြည်တော်ခန့် အကွာအဝေးတွင် ရှိသည်။ သို့သော် ချာရာပွန်ဂျီက မြေပြန့်ဒေသ မဟုတ်ချေ။ ပေပေါင်း ၅၀၀၀ နီးပါး ( ၄၈၆၉ ပေ) မြင့်သော ခါရှီးတောင်တန်း၏ တောင်ဘက်ခြမ်းတွင် ဘင်္ဂလားဒေက်ရှ် မြေပြန့်လွင်ပြင်ကို မျက် နှာပြုလျက် တည်ရှိသည်။ ၎င်း၏ပတ်ဝန်းကျင် တောင်ကြားဒေသထက် မီတာ ၆၀၀ (ပေပေါင်း ၁၉၀၀ ခန့်) ပိုမိုမြင့်မားသည်။ ထိုဒေသသည် အနောက်တောင်ဘက်မှရော အရှေ့မြောက် အရပ်ကပါ တိုက်ခိုက်သည့် မုတ်သုန်ရာသီလေကို ရရှိသည်။ ချာရာပွန်ဂျီဒေသမှာ ခါရှီးတောင် တန်းဒေသ၏ လေတိုက်ခတ်ရာ လမ်းကြောင်းပေါ်တွင် ရှိနေသည့်အပြင် ဘင်္ဂလားဒေက်ရှ် လွင်ပြင်မှ ရေငွေ့သယ်ဆောင်လာသော မုတ်သုန်လေသည် ပေပေါင်း (၄၈၀၀) ကျော်မြင့်သည့် ခါရှီးတောင်တန်းကို ၂ ကီလိုမီတာမှ ၅ ကီလိုမီတာအကွာအဝေးအတွင်း ရုတ်တရက် မြင့်တက်ရသည့်အခါ အေးလာပြီး သဲသန်သောမိုးအဖြစ် ရွာချခြင်း ဖြစ်လေသည်။ ထိုဒေသအနီးသို့ ရောက်ခါနီး တံတားတခုသို့ ဖြတ်ကျော်ပြီးသည့်နောက်တွင် မြူခိုးများ ဖုံးလွှမ်းကာ ကားရှေ့မြင်ကွင်းကို ကောင်းစွာမမြင်ရတော့ချေ။ ကားဆရာမှာ နွေခေါင်ခေါင် နေ့ခင်းကြောင်တောင်တွင် မီးထိုး၍မောင်းနေရလေသည်။ မော်စမိုင်ဂူသို့ ရောက်သောအခါ ပတ်ဝန်းကျင်တခွင်လုံး မြူနှင်းများဖုံးနေပြီး၊ ရှေ့မြင်ကွင်းကို သဲသဲကွဲကွဲ မမြင်ရတော့ချေ။ ကျနော်တို့ လ္ဘက်ရည်ထိုင်သောက်ကြသည့် ဆိုင်တွင်းရှိ ထိုင်ခုံများ၊ စားပွဲများမှာ အမြဲလို စွတ်စို နေပြီး အဝတ်ခြောက်ဖြင့်သုတ်လျှင်လည်း မကြာခင်ပြန်လည် စွတ်စိုလာပြန်တော့သည်။ ပတ်ဝန်းကျင်တခွင်လုံး ဖုံးလွှမ်းနေသောမြူများက လူနေခန်းများအတွင်းသို့ ဝင်ရောက် ငွေ့ရည်ဖွဲ့ကြခြင်း ဖြစ်လေသည်။ ဤကဲ့သို့ မြူဆိုင်းပြီး မိုးရွာနေခြင်းမျိုးမှာ တနှစ်ပတ်လုံးလိုလို ဖြစ်ပြီး တလခန့်သာ နေကိုမြင်ရသည်ဟု ဆိုလေသည်။ မော်စမိုင်ဂူမှ ပြန်လာကြပြီးနောက် ဘင်္ဂလားဒေက်ရှ်နယ်စပ်နှင့် မဝေးလှသည့် မော်လင်နွန်ဆိုသည့် အသန့်ရှင်းဆုံး ခါရှီးရွာကလေးသို့ သွားလည်ကြသည်။ ပြောကြသည့် အတိုင်း သန့်ရှင်းပါပေသည်။ ထူးဆန်းသည်မှာ သစ်ပင်ပန်းပင်မျိုးစုံကို တွေ့ရခြင်းပင်ဖြစ်သည်။ သမပိုင်းရာသီဥတုတွင် ပေါက်ရောက်သော ထင်းရှူးပင်များ၊ ဝက်သစ်ချပင်များ တွေ့ရသကဲ့သို့ အပူပိုင်းဒေသပေါက်ပင်များဖြစ်သည့် သင်္ဘောပင်၊ ငှက်ပျောပင်များလည်းတွေ့ရသည်။ သို့သော် အသီးများက သိပ်မကြီးထွားကြချေ။ မော်လင်နွန်ရွာသို့ မရောက်မီ လမ်းဘေးရွာတရွာတွင် သဘာဝ သစ်မြစ်တံတား၊ (ချောင်းနှစ် ဘက်ကမ်းစပ်ရှိ ညောင်ပင်အမြစ်များကို နွယ်ယှက်၍ တံတားတစ်ခုအဖြစ် နှစ်ရှည်လများ ပုံဖော် ထားခြင်းဖြင့် ရရှိလာသည့်  သစ်မြစ်တံတား) ကိုလည်း ဝင်ရောက်ကြည့်ရှုခဲ့ကြသေးသည်။ မော်လင်နွန်ရွာတွင် ညစာစားအပြီး ရှီးလုံသို့ပြန်လာသောအခါ မိုးချုပ်နေပါပြီ။ လမ်းတ လျှောက် မိုးဖွဲကလေးများ တစွတ်စွတ်ရွာနေရာမှ တောင်ကြော၏ မြောက်ဘက်ခြမ်းသို့ ရောက် လာသည်နှင့် သူမဟုတ်သည့်သဖွယ် မိုးကခြောက်သွေ့နေသည်ကို တွေ့ရပါသည်။ တောင်၏ အမြင့်ပေ သိပ်ကွာခြားမှုမရှိသော်လည်း တောင်ကြော၏ တောင်ဘက်ခြမ်းနှင့် မြောက်ဘက် ခြမ်း ကွာခြားမှုကြောင့် မိုးရွာသွန်းမှု သိသိသာသာ ကွာခြားသွားခြင်း ဖြစ်ပေသည်။ (၂၃-၄-၁၆)   နောက်တရက်တွင် ရှီးလုံမြို့ပေါ်ရှိ ပန်းခြံတစ်ခု ( Ward’s Lake Shillong) သို့သွားရောက် လည်ပတ်ပါသည်။ မီဂါလာယာပြည်နယ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တောဦးစီးဌာနက စီမံခန့်ခွဲပုံရပါသည်။ ဝင်ကြေးမှာ လူကြီးတစ်ဦး ၁၀ ရူပီးနှင့် ကလေးများ၊ မသန်မစွမ်းသူများကို တစ်ဦးလျှင် ၅ ရူပီးသာပေးရလေရာ မြန်မာငွေနှင့်ဆိုလျှင် ၁၅၀ ကျပ် နှင့် ၇၅ ကျပ်သာ ကျသင့်ပါသည်။ ဥယျဉ်ထဲတွင် ရေကန်တစ်ခုရှိပြီး ကန်ပတ် လျှောက်လမ်းတစ်ခုရှိသည်။ ထိုရေကန်တွင် လှေအပျော်စီးနိုင်ကြပါသည်။ မြန်မာနိုင်ငံ ပြင်ဦးလွင်ရှိ ကန်တော်ကြီး ရုက္ခဗေဒဥယျဉ်လောက် မကျယ်ဝန်းသလို သန့်ရှင်းသပ်ရပ်မှုလည်း မရှိပါပေ။ ကြည့်ရှုစရာ သစ်ပင်ပန်းပင်များလည်း များများစားစားမရှိချေ။ ဆိုရှယ်လစ်အငွေ့ အသက်အောက် (ဝင်ကြေးနည်းနည်း ဝန်ဆောင်မှုကြဲကြဲ) မှ လူထုအပန်းဖြေနားနေရာ ဖြစ်သဖြင့် စည်စည်ကားကား လှလှပပမရှိသည်ကို အံ့သြစရာ မရှိပါချေ။ ရှီးလုံသည် ယခင် အင်္ဂလိပ်ကိုလိုနီခေတ်က အာသံကိုအုပ်ချုပ်သည့် ကော်မရှင်နာမင်းကြီးရုံးစိုက်ရာ မြို့ဖြစ်ခဲ့ပြီး၊ ယခုအခါ မီဂါလယာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ ရုံးစိုက်သည်။ မြို့အတွင်း ကျနော်တို့ လည်ပတ်ကြည့်ရှုရာ နေရာများတွင် ဗလီသော်လည်းကောင်း၊၊ ဟင်ဒူဘုရားရှိခိုးကျောင်းသော် လည်းကောင်း မတွေ့ခဲ့ရဘဲ ခရစ်ယာန်ဘုရားကျောင်းများသာ တွေ့ခဲ့ရသည်။ မြို့နေရာအနှံ့ ကျနော်တို့ မရောက်ခဲ့ခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။ နေ့လယ်ပိုင်းတွင် ရှီးလုံမြို့လယ်တစ်နေရာရှိ နာဂ ထမင်းဆိုင်လေးတဆိုင်တွင် သုံး ယောက်သားထမင်း ဝင်စားကြပါသည်။ ဆိုင်ခန်းသေးသေးကျဉ်းကျဉ်း၊ စားပွဲ ၃ - ၄ လုံးခန့်တွင် သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ဆင်ထားသည်ကတော့ ချီးမွမ်းဖို့ကောင်းပါသည်။ နာဂ ထမင်း ဟင်းဆိုသော်လည်း ကျနော်တို့ဆီက ချစ်တီးထမင်းဟင်းပုံစံဖြစ်ပြီး ဈေးနှုန်းသင့်တင့်ပါသည်။ လူတယောက်အတွက် ဟင်းအမျိုးအစားကိုလိုက်၍ ရူပီး ၁၅၀ မှ ၁၉၀ အထိရှိပါသည်။ အသားဟင်း တမျိုးရပါမည်။ မြန်မာငွေနှင့်ဆိုလျှင် ၂၂၅၀ မှ ၂၈၅၀ ခန့်ဖြစ်ပါသည်။ ညနေပိုင်းတွင် (Mr.KYNTIEBOR WAR)  မစ္စတာ ကြင်ထဲဘော်ဝါးက သူ့ကားလေးဖြင့် ကျနော်တို့သုံးယောက်ကို လာခေါ်ပါသည်။ သူနေထိုင်ရာ ဝန်းခြံအတွင်းရှိ EVER LIVING MUSEUM ဟုအမည်ပေးထားသော ခါရှီးလူမျိုး ယဉ်ကျေးမှုဆိုင်ရာ ကိုယ်ပိုင်ပြတိုက် တခုကို ပြသလို၍ဖြစ်ပါသည်။ သူ့ကိုယ်ပိုင်ပြတိုက်ကို မပြသမီ ထိုရွာအနီးအနားရှိ Sweet Falls သို့ ခေါ်ဆောင်သွားပါသည်။ Sweet falls မှာ ပျော်စရာတောင်ကြား  Happy Valley မှ ၅ ကီလိုမီတာ အကွာအဝေးတွင် တည်ရှိပြီး ၃၁၅ ပေ (၉၆မီတာ) မြင့်သည်။ ထိုရေတံခွန်မှာ အလှဆုံးဖြစ်သည်ဟု ကျော်ကြားသလို အန္တရာယ်အများဆုံး ရေတံခွန်လည်းဖြစ်သဖြင့် ရေတံခွန်အောက်ခြေသို့ ဆင်းမကြည့်ရန် တားမြစ်ထားသည်။ ဤရေတံခွန်တွင် မိမိကိုယ်ကို သတ်သေမှုများ၊ မတော်တဆချော်ကျမှုများ ဖြစ်ပွားလေ့ရှိပြီး၊ သူရဲခြောက်သည်ဟုလည်း နာမည်ကြီးသည်ဆို၏။ ရေတံခွန်ထိပ် ရှုမျှော်ခင်းကြည့်ရာနေရာမှ ရေတံခွန်ရှိရာ လျှိုတလျှောက် ထင်းရှူးပင်များ ပေါက်ရောက်နေကြသဖြင့် လေထဲတွင် ထင်းရှူးနံ့သင်းနေသည်။ ရေတံခွန်ထိပ် အဝင်ဝတွင် သက်ဆိုင်ရာကျေးရွာ ရန်ပုံငွေအတွက် ဝင်ကြေးကောက်သော ဂိတ်ငယ်မှတပါး ကြီးကြီးမားမား ဈေးဆိုင်များမရှိပေ။ လာရောက်လည်ပတ်သူ နည်းပါးခြင်းက သဘာဝကျစွာ တိတ်တိတ်ဆိတ်ဆိတ် ရှိလှသည်။ မစ္စတာ ကြင်ထဲဘော်ဝါးအမည်ကို ရှေ့က U ထည့်၍ ဦးကြင်ထဲဘော်ဝါးဟုလည်း ခေါ်ဆိုကြကြောင်း သူပြောပြသဖြင့်၊ ကျနော်တို့မြန်မာ ထုံးစံနှင့် အတူတူဖြစ်ကြောင်း ပြောဖြစ် ကြသေးသည်။ ဦးကြင်ထဲဘော်ဝါးမှာ တကိုယ်တည်းနေထိုင်သူ လူလွတ်တစ်ဦးဖြစ်ပြီး အဖေ -ရှမ်း၊ အမေ- ကာရှီးလူမျိုးဖြစ်သည် ဆိုပါသည်။ ထို့ကြောင့်ဖြစ်မည် ထင်ပါသည်။ သူ့အသား အရေမှာ ရှမ်းလူမျိုးတစ်ယောက်ကဲ့သို့ ဖြူပါသည်။ ရုပ်ရည်မှာလည်း ရှမ်းရုပ်ဖြစ်ပါသည်။ တဧကခန့်ကျယ်ဝန်းသည့် သူခြံအတွင်းတွင် ပြတိုက်အဆောင်နှစ်ခုနှင့် သူနေထိုင်ရာ အိမ်တ လုံးရှိလေရာ အရာအားလုံး သပ်သပ်ရပ်ရပ် ရှိလှပါသည်။ မိသားစုမရှိ၊ တစ်ယောက်တည်း တပည့်တပန်း နှစ်ယောက်နှင့် နေထိုင်သူဖြစ်၍ သူနေထိုင်ရာ ဧည့်ခန်း၊ ထမင်းစားခန်း၊ မီးဖိုခန်း နှင့် ရှုမျှော်ခင်းကြည့်ရာဧည့်ဆောင် စသည်တို့သည်ပင်လျှင် ပြတိုက်တစ်ခုအလား အိုးခွက်၊ ပုဂံမျိုးစုံကို အလှပြရှိုးကေ့စ်များတွင် ထည့်ပြထားသကဲ့သို့ ဧည့်ခန်းရှိထိုင်ခုံများမှာလည်း ပုံစံ ဆန်းပြားသော ကြိမ်ကုလားထိုင်နှင့် စားပွဲများဖြစ်ကြလေရာ ကျနော်တို့သုံးယောက်သား ငေးမောကြည့်ရင်း ဓာတ်ပုံများကို တဖျပ်ဖျပ်ရိုက်မဝ ဖြစ်ခဲ့ကြရသည်။ အမှန်အားဖြင့် ဦးကြင်ထဲဘော်ဝါးမှာ ကျနော်တို့အစည်းအဝေးတွင် မပါဝင်ချေ။ မြန်မာနိုင်ငံမှ မိတ်ဆွေများ လာကြမည်ဆိုသည်ကိုသိရှိသဖြင့် Asian Confluence သို့ လာရောက်ဆက်သွယ်ကာ ကျနော်တို့အား တကူးတက ဖိတ်ခေါ်ပြသ ကျွေးမွေးဧည့်ခံခြင်း ဖြစ်ပါသည်။ ကျနော်တို့က သူစုဆောင်းပြသထားသည့် ခါရှီးရိုးရာ အိမ်များ၊ လူအသုံး အဆောင်များ၊ စိုက်ပျိုးရေးကိရိယာများ စသည်တို့ကို အံ့သြဝမ်းသာစွာ ကြည့်ရှုနေကြသည်ကို အလွန်ပီတိဖြစ်နေပုံလည်း ရပါသည်။ ကျနော်က “ ဒီလိုလှပသာယာတဲ့ အိမ်နဲ့ခြံထဲမှာ လှပချောမောတဲ့ အိမ်ရှင်မတစ်ယောက် ရှိနေသင့်တာပေါ့” လို့အရွှန်းဖောက်သည့်အခါ၊ “အင်း-အဲလိုအိမ်ရှင်မတယောက်ရှိနေရင် ခင်ဗျားတို့လို မိတ်ဆွေတွေကိုလည်း အခုလို အချိန် ပေးပြီး ဧည့်ခံနိုင်မှာမဟုတ်ဘူး။ အိမ်ရှင်မကလည်း ဒီလိုအိမ်လာလည်တာ ကြိုက်ချင်မှ ကြိုက်မှာလေ” လို့ ပြန်ပြောရှာသည်။ မီဂါလာယာပြည်နယ်၊ ရှီးလုံတွင် အိမ်ခြံမြေ အရောင်းအဝယ်ပြုရာတွင် ခါရှီးလူမျိုးပိုင် အိမ် ခြံမြေများကို တခြားသောလူမျိုးခြားများအား ရောင်းခွင့်မပြုရန် ဥပဒေက တားမြစ်ထားသည်ဟု ဦးကြင်ထဲဘော်ဝါးက ဆိုသည်။ သို့ဖြစ်ရာ မြို့လယ်နေရာကောင်းများ၊ ရှုခင်းကောင်းများရှိသည့် အပန်းဖြေရာ ရေတံခွန်တဝိုက်တို့တွင် ကြီးကြီးမားမား စည်စည်ကားကား ရင်းနှီးမြှပ်နှံမှု ပြုထား သည့် စားသောက်ဆိုင်များ၊ အမှတ်တရပစ္စည်း အရောင်းဆိုင်များ မတွေ့ရခြင်းမှာ ထိုသို့မြေယာ အရောင်းအဝယ်များကို ကန့်သတ်ထား၍ ဖြစ်မည်ထင်သည်။ အပြန်တွင်လည်း ဦးကြင်ထဲဘော်ဝါးကိုယ်တိုင် တည်းခိုရာ Guest House သို့ ကားမောင်းပို့ပေးပါသည်။ နောက်တနေ့ (၂၄-၄-၂၀၁၆)  မနက်စာစားအပြီး ရှီးလုံမှ ဂူဟာဝါတီ သို့ကားဖြင့်၊  ဂူဟာဝါတီမှ လေယာဉ်ဖြင့် ကာလကတ္တားသို့၊  ကာလကတ္တားတွင် တညအိပ်ပြီး (၂၅-၄-၂၀၁၆) ရက်နေ့တွင် ရန်ကုန်သို့လေယာဉ်ဖြင့် ပြန်ခဲ့ကြလေသည်။ ဤခရီးစဉ်တွင် ကျနော်သတိပြုမိသည်မှာ အိန္ဒိယအရှေ့မြောက် ဒေသခံတိုင်းရင်းသား များသည် ကျနော်တို့မြန်မာများအပေါ် စိတ်ဝင်တစားရှိလှသည်။ မြန်မာတိုင်းရင်းသားများနှင့် သွေးသားတော်စပ်သည်ဖြစ်၍ မြန်မာပြည်ကိုဖြတ်ကာ အရှေ့တောင်အာရှဒေသသို့ ကူးလူးဆက်ဆံရန်ကိုလည်း စိတ်ဝင်စားကြသည်။ မြန်မာနိုင်ငံ အနေဖြင့်လည်း ထိုဒေသကို ပိုမိုဂရုတစိုက် ရှိစေချင်ပုံရပါသည်။ ရဲထွန်း (သီပေါ)    
6 years Ago

May 15, 2016

အာသံ-မဏိပူရ သို့မဟုတ် တချိန်က မြန်မာ့ပိုင်နက်မြေ

လွှတ်တော်ကိုယ်စားလှယ် ငါးနှစ်သက်တမ်းကာလအတွင်း အိမ်နီးချင်း ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ဗီယက်နမ် စသည့်နိုင်ငံများအပြင် နီပေါ၊ နယ်သာလန်၊ ကနေဒါ နှင့် အမေရိကန် နိုင်ငံတို့ကို ရောက်ခဲ့ဖူးသည်။ သို့သော် အိမ်နီးချင်း ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီး အိန္ဒိယသို့ ရောက်ခွင့်မကြုံခဲ့ရပေ။ ဧပြီလ ၂၀ - ၂၁ ရက်နေ့တို့တွင် ကျင်းပပြုလုပ်မည့် India-Myanmar media dialogue ဆွေးနွေးပွဲသို့ တက်မည်လားဟု တမ္ပဒီပအင်စတီကျူမှ ဒေါက်တာခင်ဇော်ဝင်းက မေးမြန်းလာသည့်အခါ တက်လိုပါသည်ဟု ချက်ခြင်း အကြောင်းပြန်လိုက်သည်။ မိမိထံပေးပို့လာသည့် ဖိတ်ကြားစာတွင် ဖော်ပြထားချက်အရ အစည်းအဝေးကို အိန္ဒိယအရှေ့မြောက်ဒေသ မီဂါလာယာပြည်နယ်၊ ရှီးလုံမြို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။ အစည်းအဝေးကို စီစဉ်သူများမှာ Institute of Social Sciences, Heinrich Boll Foundation, Burma Centre Delhi  နှင့် Asian Confluence တို့ဖြစ်ကြကြောင်းသိရပြီး မြန်မာနိုင်ငံမှ တမ္ပဒီပ အင်စတီကျူက ပူးပေါင်းပါဝင်ခြင်းဖြစ်သည်။ အစည်းအဝေး၏ အဓိက ဦးတည်ချက်မှာ အိန္ဒိယအရှေ့မြောက်ဒေသကို ဗဟိုပြုထားသည့် အိန္ဒိယအစိုးရ၏ “Act East Policy”ကို အထောက်အကူဖြစ်စေမည့် နှစ်နိုင်ငံ သတင်းမီဒီယာသမားများအကြား ဆက်ဆံရေးဖွံ့ ဖြိုးတိုးတက်စေရန်၊ အတွေ့အကြုံနှင့်လုပ်ဆောင်ချက်များ အပြန်အလှန် ဖလှယ်ကြရန်ဖြစ်သည်။ မြန်မာနိုင်ငံမှ ဖိတ်ကြားခံရသည့် သတင်းမီဒီယာသမားများမှာ The Voice မှ ဇေယျသူ၊ DVB မှ သန်းဝင်းထွဋ်၊ စည်သူအောင်မြင့်၊ AP မှ အက်စ်သာထုဆန်၊ တမ္ပဒီပအင်စတီကျူမှ ဒေါက်တာခင်ဇော်ဝင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကျနော်နှင့် ကချင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ခေါ်မာဝူ (လီဆူးအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ) တို့ဖြစ်ကြသည်။  သို့သော်လည်း The Voice မှ ဇေယျသူ တက်ရောက်နိုင်ခြင်း မရှိသဖြင့် မြန်မာအဖွဲ့ဝင်အားလုံးပေါင်း (၆) ယောက်သာဖြစ်သည်။ ကျနော်တို့ သွားရောက်အစည်းအဝေးတက်ရမည့် ရှီးလုံမြို့မှာ မြန်မာ-အိန္ဒိယနယ်စပ် တမူး-မိုရေးမြို့မှ ကီလိုမီတာ ၅၇၂ ( မိုင်အားဖြင့် ၃၅၈) သာဝေးသဖြင့် ရန်ကုန်နှင့် မန္တလေးအကွာအဝေးခန့်သာရှိပေသည်။ သို့သော် ကျနော်တို့က ရန်ကုန်/ဂါယာ-ကာလကတ္တား၊  ကာလကတ္တားမှ ဂူဝါဟတီ ( အာသံပြည်နယ်မြို့တော်) သို့လေယာဉ်ဖြင့်လည်းကောင်း၊ ထိုမှတဆင့် ရှီးလုံသို့ မော်တော်ကားဖြင့်လည်းကောင်း စီး၍လာခဲ့ကြသည်။ သို့ဖြင့် ရန်ကုန်-ဂါယာ-ကာလကတ္တား/ ကာလကတ္တား-ဂူဝါဟတီ မိုင်ပေါင်း ၁၅၀၀ ခရီးကို လေယာဉ်နှစ်ဆင့်စီး၍လည်းကောင်း၊ ဂူဝါဟတီမှ ရှီးလုံသို့ မော်တော်ကားဖြင့် (မိုင် ၇၀ ခန့်) ၃ နာရီကျော်စီး၍လည်းကောင်း လာခဲ့ရပေသည်။ အမှန်အားဖြင့် ရန်ကုန်မှ ကာလကတ္တားသို့ လေယာဉ်ဖြင့် တိုက်ရိုက်ပျံသန်းလျှင် ဖြစ်နိုင်သော်လည်း လေယာဉ်မှာ ဂါယာသို့ အရင်ပျံ သန်းဆင်းသက်ပြီးမှ ကာလကတ္တားသို့ နောက်ကြောင်းပြန်လှည့်ဆင်းရသဖြင့် အသွားအပြန်မိုင်ပေါင်း ၅၀၀ ကျော်ခန့် အပိုစီးနင်းလိုက်ရခြင်းဖြစ်သည်။ အသွားရော အပြန်ခရီးတွင်ပါ ကာလကတ္တားတွင် တညစီအိပ်ခဲ့ကြရသည်။ ရှီးလုံမြို့မှာ အိန္ဒိယနိုင်ငံ၏ အငယ်ဆုံးပြည်နယ်ထဲကတစ်ခုဖြစ်သော မီဂလာယာပြည်နယ်၏မြို့တော်ဖြစ်ပြီး အမြင့်ပေ ၄၉၀၀ ကျော်တွင် တည်ရှိသည်။  ဗြဟ္မပုတ္တရမြစ်ဝှမ်းတွင်တည်ရှိသည့် အာသံပြည်နယ်၏မြို့တော် ဂူဝါဟတီမြို့မှ ရှီးလုံသို့လာရာ လမ်းသည် မန္တလေးမြို့မှ ပြင်ဦးလွင်သို့ သွားရာလမ်းနှင့် ဆင်ဆင်တူသဖြင့် နှိုင်းယှဉ်ကြည့်နိုင်သည်။ သို့သော် မန္တလေး-ပြင်ဦးလွင်လမ်းထက်ပိုဝေးပြီး ပြင်ဦးလွင်မြို့ထက်လည်း ပေ ၁၄၀၀ ခန့် ပိုမြင့်သည့်ကုန်းမြေမြင့်တွင် တည်ထားသဖြင့် ထင်းရူးတောများပေါများသည်။ မြန်မာနိုင်ငံ၊ ပြင်ဦးလွင်မြို့ကို ပန်းမြို့တော်၊ တရုတ်ပြည် ယူနန်ပြည်နယ်မြို့တော် ကူမင်းကို နွေဦးမြို့တော် ( The City of Spring ) ဟုတင်စား ခေါ်ဝေါ်ကြ သကဲ့သို့ ရှီးလုံကိုလည်း “တိမ်များရဲ့ကွန်းခိုရာ” ( The Abode of Clouds ) ဟုလှလှပပ တင်စားခေါ်ဝေါ်ကြလေသည်။ ဥရောပတိုက်သားများအဖို့ လှိုင်းထနေသောတောင်ကုန်းများက စကော့တလန်ကို သတိရစေသဖြင့် “Scotland of the East” အရှေ့ဘက်က စကော့တလန် ဟုလည်း ခေါ်ကြသည်ဆို၏။ ရှီးလုံမြို့မှ အရှေ့ဘက်သို့ မျဉ်းဖြောင့်တည့်တည့် နီးပါးဆွဲလျှင် ၃၄၅ မိုင်ခန့်အဝေးတွင် မြန်မာနိုင်ငံမြစ်ကြီးနားမြို့ကို တွေ့နိုင်သဖြင့် လတ္တီတွဒ်ချင်း မတိမ်းမယိမ်းတူသည်ဟု ဆိုနိုင်သည်။ သို့သော် တောင်ပေါ်ဒေသမြို့ဖြစ်သော ရှီးလုံက ရာသီဥတုပိုမိုအေးမြကာ နွေရာသီတွင် ဖျမ်းမျှ 23 Cံနှင့် ဆောင်းရာသီ တွင် ဖျမ်းမျှ 4 Cံ ရှိသည်။ ရှီးလုံတွင် ၂၀၁၁ ခုနှစ်သန်းကောင်စာရင်းအရ လူဦးရေ ၁၄၃,၀၀၀ ကျော်ရှိသည်။ ထိုအထဲတွင်  ၇၃,၂၆၂ ယောက် ( ၅၁.၁၅ ရာခိုင်နှုန်း) မှာ တိုင်းရင်းသား ခါရှီး များဖြစ်ကြပြီး ခါရှီး လူမျိုးအတော်များများမှာ နိုင်ယမ်ခါရှီ နှင့် နိုင်ယမ်တာ ဟုခေါ်သော ရိုးရာနတ်ကိုယ်းကွယ်ယုံကြည်သူများဖြစ်ကြသည်။ ရှီးလုံတွင် ခရစ်ယာန်ဘာသာဝင်များမှာ အများစုဖြစ်ကြပြီး ၄၆.၅ ရာခိုင်နှုန်း ရှိသည်။ ဟိန္ဒူဘာသာ ကိုယ်းကွယ်သူများမှာလူဦးရေ၏ ၄၂ ရာခိုင်နှုန်း ရှိသည်။ ရှီးလုံမြို့သည် ယခင်ဗြိတိသျှကိုလိုနီအစိုးရ လက်ထက်ကတည်းကပင် အာသံပေါင်းစည်းဒေသကြီး၏ မြို့တော်ဖြစ်ခဲ့ပြီး၊ နောက်ပိုင်း ၁၉၇၂ ခုနှစ်တွင် အသစ်ခွဲထုတ်ဖွဲ့စည်းလိုက်သော မီဂါလာယာပြည်နယ်၏ မြို့တော်ဖြစ်လာသည်။ [caption id="attachment_149893" align="aligncenter" width="909"]အစည်းအဝေး ပထမနေ့ အားလပ်ချိန် အမှတ်တရ အစည်းအဝေး ပထမနေ့ အားလပ်ချိန် အမှတ်တရ[/caption] အမှန်အားဖြင့် ၁၉ ရာစုနှင့်နောက်ပိုင်းအထိ ဂိုလ်ပါယာ ဒေသမှလွဲ၍ အာသံဒေသကြီးသည် အိန္ဒိယ၏ အစိတ်အပိုင်းမဖြစ်ခဲ့ဘူးချေ။ အာသံနှင့်မဏိပူရဒေသမှာ (၁၈၂၄ -၁၈၂၆) ခုနှစ်တွင်ဖြစ်ပွါးခဲ့သော အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲအပြီးတွင် မြန်မာထံမှ အင်္ဂလိပ် အရှေ့အိန္ဒိယကုမ္ပဏီက သိမ်းပိုက်ယူခဲ့ပြီးနောက်မှ ဗြိတိသျှအင်ပါယာ အတွင်းသို့ ထည့်သွင်းခဲ့ခြင်းဖြစ်ပြီး အိန္ဒိယကို ဗြိတိသျှတို့က လွတ်လပ်ရေးပေးသောအခါ ထိုဒေသကို အိန္ဒိယနိုင်ငံအတွင်းသို့ ပေါင်းထည့်ပေးလိုက်ခြင်းဖြစ်ပါသည်။ ထို ပထမအင်္ဂလိပ်-မြန်မာ စစ်ပွဲရှုံးနိမ့်မှုရလဒ်အဖြစ် မြန်မာတို့ထံမှ အာသံ၊ မဏိပူရ၊ ကချာ၊ ဂျိုင်ရှာ၊ ရခိုင်နှင့် တနင်္သာရီဒေသများကို အင်္ဂလိပ်က သိမ်းယူသွားခဲ့သည်။ နှစ်နှစ်ကြာ အဆိုပါစစ်ပွဲတွင် အရှေ့အိန္ဒိယကုမ္ပဏီဘက်မှ ဥရောပတိုက်သားများနှင့် အိန္ဒိယလူမျိုးစစ်သည်ပေါင်း ၁၅၀၀၀ ကျော် အသက်ပေးခဲ့ရသကဲ့သို့ အရေအတွက် အတိအကျ မသိရှိရသော မြန်မာစစ်သည်နှင့်အရပ်သားများစွာ သေကြေဒဏ်ရာရခဲ့ကြသည်။ အရှေ့အိန္ဒိယကုမ္ပဏီ အနေဖြင့် စစ်အသုံးစရိတ်ပေါင်စတာလင် ၅ သန်းမှ ၁၃ သန်း ( ၂၀၁၅ ခုနှစ်ငွေတန်ဖိုးဖြင့်တွက်လျှင် ပေါင်စတာလင် သန်းပေါင်း ၃၇၉ မှ ၉၈၅ သန်း) အထိ ကုန်ကျခဲ့သဖြင့် စီးပွားရေးအရ ကြီးမားသော အကြပ်အတည်းတွေ့ခဲ့သည်။ မြန်မာတို့အတွက်မူ အဆိုပါစစ်ပွဲမှာ လွတ်လပ်ရေးဆုံးရှုံးမှု၏ ကနဦးအစဟု ဆိုရပေမည်။ စစ်ပွဲရှုံးနိမ့်ခဲ့သဖြင့် ထိုစဉ်က အလွန်များပြားသော ပမာဏဖြစ်သည့် ပေါင်စတာလင် တစ်သန်း (ထိုစဉ်ကငွေဈေးဖြင့် ဒေါ်လာ ၅ သန်း) ကို နှစ်ပေါင်းများစွာအတွင်း စစ်လျော်ကြေး (နစ်နာကြေး) ပေးခဲ့ရကာ၊ နောက်ထပ် စစ်နှစ်ကြိမ်အပြုခံရ ပြီးနောက် ၁၈၈၅ ခုနှစ်တွင် တပြည်လုံး သိမ်းပိုက်ခြင်းကို ခံလိုက်ရလေသည်။ ဗြိတိသျှလက်အောက်မှ အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ၁၉၆၃ ခုနှစ်တွင် အိန္ဒိယအစိုးရက ဒေသခံ တိုင်းရင်းသားများ၏ အလိုဆန္ဒကို ဖြည့်ဆည်းသောအားဖြင့် အာသံဒေသတွင် ပါဝင်သော နာဂ တောင်တန်းဒေသကို အိန္ဒိယ၏ ၁၆ ခုမြောက် ပြည်နယ် နာဂလန်းဒ် (Nagaland) အဖြစ်ဖွဲ့စည်းပေးခဲ့သည်။ တဖန် ၁၉၇၂ ခုနှစ်တွင် အာသံပြည်နယ်၏ မြို့တော် ရှီးလုံမြို့အပါအဝင်၊ ခါရှီးတောင်တန်း၊ ဂျိုင်းရှာတောင်တန်းနှင့် ဂါရိုတောင်တန်းဒေသတို့ ပါဝင်သော မီဂါလာယာကုန်းပြင်မြင့်ဒေသကို မီဂါလာယာ ပြည်နယ်အဖြစ်ဖွဲ့စည်းပေးခဲ့သည်။ ထိုနှစ်အတွင်းမှာပင် အာသံပြည်နယ်မြောက်ဘက်အစွန်ဆုံး ဘူတန်-တရုပ်-မြန်မာတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ဒေသကို အရူနာချယ်ပရာဒက်ရှ်ဟုလည်းကောင်း၊ တောင်ဘက် မီဇိုတောင်တန်းဒေသကို မီဇိုရမ်ဟုလည်းကောင်း သတ်မှတ်ခေါ်ဝေါ်ပြီး ပြည်ထောင်စုနယ်မြေများ (Union territories) အဖြစ် ခွဲထုတ် သတ်မှတ်ပေးခဲ့ပြီး ၁၉၈၇ ခုနှစ်တွင် ထိုဒေသနှစ်ခုသည် အိန္ဒိယ၏ ပြည်နယ်များဖြစ်လာခဲ့ကြသည်။ ကျနော်တို့ (၅) ယောက် (ဒေါက်တာခင်ဇော်ဝင်း၊ စည်သူအောင်မြင့်၊ သန်းဝင်းထွဋ်၊ ခေါ်မာဝူ နှင့် ကျနော်) မှာ ရန်ကုန်မှ ကာလကတ္တားသို့ ဧပြီလ (၁၈) ရက်နေ့တွင် အတူတကွထွက်ခွာလာကြပြီး အစည်းအဝေးကျင်းပမည့် ရှီးလုံမြို့သို့ (၁၉) ရက်နေ့ညနေပိုင်းတွင် ရောက်ရှိသည်။ အစည်းအဝေးမှာ ကျနော်တို့နေထိုင်တည်းခိုရာ လေဒီဗာရိုနီကာလမ်းသွယ်ရှိ၊ Asian Confluence Center ၊ The Habitat Shillong ဆိုသည့် တည်းခိုခန်းအနီးရှိ အစည်းအဝေးခန်းမတွင်ပင် ကျင်းပခြင်းဖြစ်သည်။ ၂၀ ရက်နှင့် ၂၁ ရက်၊ နှစ်ရက်ကြာကျင်းပသော အစည်းအဝေးတွင် တက်ရောက်သူပေါင်း (၃၀) ခန့်ရှိပြီး စကားပြောသူပေါင်း (၂၁) ယောက်ရှိသည်။ အိန္ဒိယနိုင်ငံဘက်မှ အစည်းအဝေး တက်ရောက်လာကြသူများထဲတွင် ကျနော်ကောင်းစွာ သတိထားမိခဲ့သူများမှာ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးဟောင်း ( Mr.Rajiv Bhatia) ရာဂျစ် ဘာတီးယား၊ Eastern Nagaland ခေါ် မြန်မာနိုင်ငံ နာဂတောင်တန်းဒေသသို့သွားရောက်ပြီး အိန္ဒိယအစိုးရကို လက်နက်ကိုင်တိုက်ပွဲဝင်နေသည့် United Liberation Front of Asom (ULFA) လက်နက်ကိုင်တပ်ဖွဲ့များနှင့်တွေ့ဆုံကာ RENDEZVOUS WITH REBELS ဆိုသည့် စာအုပ်ကို ရေးသားထုတ်ဝေခဲ့သည့် (Mr. Rajeev Bhattacharya) မစ္စတာ ရာဂျီးဗ် ဘာတာချာယာ၊ မီဇိုရမ် ပိုစ့်မှ သတင်းထောက်လည်းဖြစ် လူမှုရေးခေါင်းဆောင်နှင့် ကျောင်းသားခေါင်းဆောင်လည်းဖြစ်သူ Mr. Henry Lalhlimum နှင့် နယူးဒေးလီအခြေစိုက် ( Freelance journalist Ms. Neha Dixit ) ဖရီးလင့်စ် ဂျာနယ်လစ် မစ္စစ် နီဟာ ဒစ်ရှစ်တို့ဖြစ်ကြသည်။ အစည်းအဝေးသို့တက်ရောက်လာကြသော အိန္ဒိယနိုင်ငံသားတဝက်ခန့်မှာ အထူးသဖြင့် အိန္ဒိယအရှေ့မြောက် နယ်စပ်ဒေသ အာသံ၊ မီဇိုရမ်၊ နာဂလန်းဒ်နှင့် မီဂါလာယာဒေသမှ အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေသော စာစောင်များ၊ ဂျာနယ်များမှ သတင်းနှင့် ဂျာနယ်လစ်များ၊ စာရေးဆရာများဖြစ်ကြသည်။ ထိုသူတို့၏ ရုပ်ရေမှာ အရှေ့တောင်အာရှသားများ၊  မြန်မာတိုင်းရင်းသားများနှင့်သာတူပြီး အိန္ဒိယရုပ်ရေမရှိပေ။ ပထမနေ့တွင်ပင် ဒုတိယစကားပြောသူအဖြစ် ကျနော်က စကားပြောခွင့်ရခဲ့ရာ ခေါင်းစဉ်မှာ…Post-Conflict Society and India-Myanmar relations ဖြစ်သည်။ ပထမ စကားပြောသူမှာ ဂူဝါဟတီမြို့မှ အရှေ့မြောက်ဆို ရှယ် ရီဆာ့ခ်ျစင်တာမှ ဒေါက်တာ ဝေါ်တာ ဖာနန်ဒက်ဇ် ဖြစ်သည်။ ကျနော်က အချက် (၃) ချက်ပြောသည်။ ပထမအချက်မှာ မြန်မာနိုင်ငံသည် တရုတ်နှင့် အိန္ဒိယအကြား ပထဝီအနေအထားအရ အလွန်အရေးပါသော အနေအထားတွင်တည်ရှိသည်။ တရုတ်ပြည်အနေဖြင့် အာရှတောင်ပိုင်း၊ အရှေ့အလယ်ပိုင်း၊ အာဖရိကနှင့် ဥရောပ နိုင်ငံများသို့ ရေလမ်းဖြင့် အနီးဆုံးကုန်သွယ်ရေးလမ်းကြောင်းဖွင့်ရန် ကြားမှခံနေသော မြန်မာနိုင်ငံကို ဖြတ်သန်းခွင့်ရရေးမှာ အရေးကြီးသကဲ့သို့ အိန္ဒိယအနေဖြင့်လည်း ကုန်းတွင်းပိတ်ဒေသဖြစ်နေသော သူ၏ အရှေ့မြောက်ဒေသသို့ မြန်မာနိုင်ငံရှိ ရခိုင်ကမ်းရိုးတန်း သင်္ဘောဆိပ်များမှတဆင့် မြန်မာပြည်တွင်း ကုန်းလမ်းများကို အသုံးပြု၍ ကူးသန်းသွားလာပို့ဆောင်နိုင်ရေးမှာအရေးကြီးကြောင်း၊ ထို့ပြင် အိန္ဒိယအရှေ့မြောက်ဒေသမှတဆင့် မြန်မာနိုင်ငံကိုဖြတ်လျက် အရှေ့တောင်အာရှနိုင်ငံများသို့ ကူးသန်းသွားလာဆက်ဆံနိုင်သဖြင့် အနီး ဆုံးလမ်းကြောင်းဖြစ်ကြောင်း။ ထို့ကြောင့် အိန္ဒိယနိုင်ငံအနေဖြင့် Look East Policy ၊ Act East Policy စသည် ဖြင့် ချမှတ်လုပ်ဆောင်နေသည်ကို တွေ့မြင်ရသကဲ့သို့ တရုတ်ပြည်အနေဖြင့်လည်း One Belt One Road  ဆို သည့် ပေါ်လစီချမှတ်လျက် တရုတ်ပြည်မှ အရှေ့တောင်အာရှ၊ အလယ်ပိုင်းအာရှဒေသနှင့် ဥရောပတို့ကို ရထားလမ်း၊ ကားလမ်း၊ ရေနံနှင့်ဓာတ်ငွေ့ပိုက်လိုင်းများဖြင့် ဆက်သွယ်လျှက် ကူးသန်းရောင်းဝယ်ဆက်ဆံနိုင်ရန် ကြိုးစား နေသည်ကို တွေ့ရကြောင်း။ ဒုတိယအချက်အနေဖြင့် မြန်မာနိုင်ငံ၏ အဆိုပါနယ်စပ်ဒေသများမှာ လက်နက်ကိုင်တိုက်ပွဲများဖြစ်ပွားနေရာ ဒေသများဖြစ်သဖြင့် ထာဝရငြိမ်းချမ်းရေးရရှိရန် အားထုတ်ကြိုးပမ်းနေကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်များ အနေဖြင့် နိုင်ငံရေးအရ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ရရှိရန် တောင်းဆိုနေကြပြီး အဆိုပါတောင်းဆိုမှုများကို နိုင်ငံရေး ဆွေးနွေးပွဲများတွင် ညှိနှိုင်းကြလိမ့်မည်ဖြစ်ကြောင်း၊ သဘောတူညီမှုရရှိပါက ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ရန် လိုအပ်လိမ့်မည်ထင်ကြောင်း၊ အခြေခံဥပဒေကိုပြင်ဆင်ရန်မှာ တပ်မတော်က သဘောတူမှသာလျှင် ဖြစ်နိုင်သဖြင့် တပ်မတော်ကပါ သဘောတူလက်ခံသည့် ဆွေးနွေးညှိနှိုင်းအဖြေရှာမှုများဖြစ်ရန် လိုအပ်ကြောင်း၊ ထို့ပြင် တတိယအချက်အနေဖြင့် နယ်စပ်ဒေသလက်နက်ကိုင်ပဋိပက္ခများမှာ အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေး အခြေအနေမကောင်းသည့်အခါ ပိုမိုဆိုးရွားတတ်ပြီး ဆက်ဆံရေးကောင်းမွန်သည့်အခါ ဖြေရှင်းရန်ပိုမိုလွယ် ကူသည်ကို သမိုင်းကသက်သေပြခဲ့ပြီးဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာအစိုးရအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးကောင်းမွန်ရန် အထူးအလေးထားရမည်ဖြစ်ကြောင်း၊ အထူးသဖြင့် တရုတ်ပြည်နှင့်ရင်းနှီးခင်မင်၍ အပြန်အလှန်အကျိုးရှိသော ဆက်ဆံရေးတခုရှိရန်လိုအပ်ကြောင်း၊ အဆိုပါနယ်စပ်ဒေသများ ထာဝရငြိမ်းချမ်းရေးရပါမှ အိန္ဒိယ-မြန်မာ-တရုတ်-ထိုင်း နိုင်ငံတို့အကြား ဆက်သွယ်ရေးလမ်းကြောင်းများ ဖောက်လုပ်ခြင်း လုပ်ငန်း ပိုမိုလျှင်မြန်လာလိမ့်မည်၊ အိန္ဒိယ၏ Act east policy သည် တရုတ်ပြည်၏ One belt One road နှင့်ဆက်စပ်နိုင်ပါမှ ပိုမိုလျှင်မြန်သွက်လက်လိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ကျနော်ဟောပြောအပြီး မေးခွန်းများမေးမြန်းချိန်ရောက်သောအခါ  သိလိုသည်များကို မေးမြန်းခွင့်ပေးရာ…. “ Rendezvous with rebels” ဆိုသည့်စာအုပ်ကိုရေးသည့် စာရေးဆရာ၊ ဂျာနယ်လစ် အာသံလူမျိုး ရာဂျီးဗ် ဘာတာချာယာ (Rajeev Bhattacharyya) က မေးခွန်းနှစ်ခုမေးပါသည်။ [caption id="attachment_149892" align="aligncenter" width="909"]ဦးရဲထွန်း၊ ဒေါက်တာခင်ဇော်ဝင်း၊ ခေါ်မာဝူ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီးဟောင်းတို့ အစည်းအဝေးခန်းမရှေ့အမှတ်တရ အတူတကွဓါတ်ပုံရိုက်ကြစဉ် ) ဦးရဲထွန်း၊ ဒေါက်တာခင်ဇော်ဝင်း၊ ခေါ်မာဝူ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီးဟောင်းတို့
အစည်းအဝေးခန်းမရှေ့အမှတ်တရ အတူတကွဓာတ်ပုံရိုက်ကြစဉ်။[/caption] ပထမမေးခွန်းမှာ…. ဦးရဲထွန်းက ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီကဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် ခင်ဗျားတို့ပါတီအနေနဲ့ဖြစ်စေ၊ ခင်ဗျားတစ်ဦးချင်းအနေနဲ့ဖြစ်စေ အိန္ဒိယအရှေ့မြောက်ဒေသမှာရှိတဲ့ ဒေသခံတိုင်းရင်းသားတွေရဲ့ လက်နက်ကိုင်လှုပ်ရှားမှုများအပေါ် စိတ်ဝင်စားမှုရှိပါသလား၊ ဘယ်လိုမြင်ပါသလဲ၊ ဒုတိယမေးခွန်းမှာ…. မကြာခင်နှစ်များအတွင်းက အိန္ဒိယတပ်မတော်က မြန်မာနယ်စပ်မှာရှိတဲ့ နာဂသူပုန်များကို တိုက်ခိုက်ချေမှုန်းတဲ့အခါ မြန်မာ့တပ်မတော်က နယ်စပ်ဒေသကို ပိတ်လိုက်ပြီး အိန္ဒိယတပ်မတော်ကို မြန်မာနိုင်ငံအတွင်း ပေးမဝင်ခဲ့ပါ။ ဒါဟာဘာကြောင့်ပါလဲ။ နောက်တပတ်ဆက်လက်ဖော်ပြပါမည် ရဲထွန်း (သီပေါ)  
6 years Ago
Up