အာသံ-မဏိပူရ

A d v e r t i s e m e n t With Us

May 15, 2016

အာသံ-မဏိပူရ သို့မဟုတ် တချိန်က မြန်မာ့ပိုင်နက်မြေ

လွှတ်တော်ကိုယ်စားလှယ် ငါးနှစ်သက်တမ်းကာလအတွင်း အိမ်နီးချင်း ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ဗီယက်နမ် စသည့်နိုင်ငံများအပြင် နီပေါ၊ နယ်သာလန်၊ ကနေဒါ နှင့် အမေရိကန် နိုင်ငံတို့ကို ရောက်ခဲ့ဖူးသည်။ သို့သော် အိမ်နီးချင်း ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီး အိန္ဒိယသို့ ရောက်ခွင့်မကြုံခဲ့ရပေ။ ဧပြီလ ၂၀ - ၂၁ ရက်နေ့တို့တွင် ကျင်းပပြုလုပ်မည့် India-Myanmar media dialogue ဆွေးနွေးပွဲသို့ တက်မည်လားဟု တမ္ပဒီပအင်စတီကျူမှ ဒေါက်တာခင်ဇော်ဝင်းက မေးမြန်းလာသည့်အခါ တက်လိုပါသည်ဟု ချက်ခြင်း အကြောင်းပြန်လိုက်သည်။ မိမိထံပေးပို့လာသည့် ဖိတ်ကြားစာတွင် ဖော်ပြထားချက်အရ အစည်းအဝေးကို အိန္ဒိယအရှေ့မြောက်ဒေသ မီဂါလာယာပြည်နယ်၊ ရှီးလုံမြို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။ အစည်းအဝေးကို စီစဉ်သူများမှာ Institute of Social Sciences, Heinrich Boll Foundation, Burma Centre Delhi  နှင့် Asian Confluence တို့ဖြစ်ကြကြောင်းသိရပြီး မြန်မာနိုင်ငံမှ တမ္ပဒီပ အင်စတီကျူက ပူးပေါင်းပါဝင်ခြင်းဖြစ်သည်။ အစည်းအဝေး၏ အဓိက ဦးတည်ချက်မှာ အိန္ဒိယအရှေ့မြောက်ဒေသကို ဗဟိုပြုထားသည့် အိန္ဒိယအစိုးရ၏ “Act East Policy”ကို အထောက်အကူဖြစ်စေမည့် နှစ်နိုင်ငံ သတင်းမီဒီယာသမားများအကြား ဆက်ဆံရေးဖွံ့ ဖြိုးတိုးတက်စေရန်၊ အတွေ့အကြုံနှင့်လုပ်ဆောင်ချက်များ အပြန်အလှန် ဖလှယ်ကြရန်ဖြစ်သည်။ မြန်မာနိုင်ငံမှ ဖိတ်ကြားခံရသည့် သတင်းမီဒီယာသမားများမှာ The Voice မှ ဇေယျသူ၊ DVB မှ သန်းဝင်းထွဋ်၊ စည်သူအောင်မြင့်၊ AP မှ အက်စ်သာထုဆန်၊ တမ္ပဒီပအင်စတီကျူမှ ဒေါက်တာခင်ဇော်ဝင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကျနော်နှင့် ကချင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ခေါ်မာဝူ (လီဆူးအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ) တို့ဖြစ်ကြသည်။  သို့သော်လည်း The Voice မှ ဇေယျသူ တက်ရောက်နိုင်ခြင်း မရှိသဖြင့် မြန်မာအဖွဲ့ဝင်အားလုံးပေါင်း (၆) ယောက်သာဖြစ်သည်။ ကျနော်တို့ သွားရောက်အစည်းအဝေးတက်ရမည့် ရှီးလုံမြို့မှာ မြန်မာ-အိန္ဒိယနယ်စပ် တမူး-မိုရေးမြို့မှ ကီလိုမီတာ ၅၇၂ ( မိုင်အားဖြင့် ၃၅၈) သာဝေးသဖြင့် ရန်ကုန်နှင့် မန္တလေးအကွာအဝေးခန့်သာရှိပေသည်။ သို့သော် ကျနော်တို့က ရန်ကုန်/ဂါယာ-ကာလကတ္တား၊  ကာလကတ္တားမှ ဂူဝါဟတီ ( အာသံပြည်နယ်မြို့တော်) သို့လေယာဉ်ဖြင့်လည်းကောင်း၊ ထိုမှတဆင့် ရှီးလုံသို့ မော်တော်ကားဖြင့်လည်းကောင်း စီး၍လာခဲ့ကြသည်။ သို့ဖြင့် ရန်ကုန်-ဂါယာ-ကာလကတ္တား/ ကာလကတ္တား-ဂူဝါဟတီ မိုင်ပေါင်း ၁၅၀၀ ခရီးကို လေယာဉ်နှစ်ဆင့်စီး၍လည်းကောင်း၊ ဂူဝါဟတီမှ ရှီးလုံသို့ မော်တော်ကားဖြင့် (မိုင် ၇၀ ခန့်) ၃ နာရီကျော်စီး၍လည်းကောင်း လာခဲ့ရပေသည်။ အမှန်အားဖြင့် ရန်ကုန်မှ ကာလကတ္တားသို့ လေယာဉ်ဖြင့် တိုက်ရိုက်ပျံသန်းလျှင် ဖြစ်နိုင်သော်လည်း လေယာဉ်မှာ ဂါယာသို့ အရင်ပျံ သန်းဆင်းသက်ပြီးမှ ကာလကတ္တားသို့ နောက်ကြောင်းပြန်လှည့်ဆင်းရသဖြင့် အသွားအပြန်မိုင်ပေါင်း ၅၀၀ ကျော်ခန့် အပိုစီးနင်းလိုက်ရခြင်းဖြစ်သည်။ အသွားရော အပြန်ခရီးတွင်ပါ ကာလကတ္တားတွင် တညစီအိပ်ခဲ့ကြရသည်။ ရှီးလုံမြို့မှာ အိန္ဒိယနိုင်ငံ၏ အငယ်ဆုံးပြည်နယ်ထဲကတစ်ခုဖြစ်သော မီဂလာယာပြည်နယ်၏မြို့တော်ဖြစ်ပြီး အမြင့်ပေ ၄၉၀၀ ကျော်တွင် တည်ရှိသည်။  ဗြဟ္မပုတ္တရမြစ်ဝှမ်းတွင်တည်ရှိသည့် အာသံပြည်နယ်၏မြို့တော် ဂူဝါဟတီမြို့မှ ရှီးလုံသို့လာရာ လမ်းသည် မန္တလေးမြို့မှ ပြင်ဦးလွင်သို့ သွားရာလမ်းနှင့် ဆင်ဆင်တူသဖြင့် နှိုင်းယှဉ်ကြည့်နိုင်သည်။ သို့သော် မန္တလေး-ပြင်ဦးလွင်လမ်းထက်ပိုဝေးပြီး ပြင်ဦးလွင်မြို့ထက်လည်း ပေ ၁၄၀၀ ခန့် ပိုမြင့်သည့်ကုန်းမြေမြင့်တွင် တည်ထားသဖြင့် ထင်းရူးတောများပေါများသည်။ မြန်မာနိုင်ငံ၊ ပြင်ဦးလွင်မြို့ကို ပန်းမြို့တော်၊ တရုတ်ပြည် ယူနန်ပြည်နယ်မြို့တော် ကူမင်းကို နွေဦးမြို့တော် ( The City of Spring ) ဟုတင်စား ခေါ်ဝေါ်ကြ သကဲ့သို့ ရှီးလုံကိုလည်း “တိမ်များရဲ့ကွန်းခိုရာ” ( The Abode of Clouds ) ဟုလှလှပပ တင်စားခေါ်ဝေါ်ကြလေသည်။ ဥရောပတိုက်သားများအဖို့ လှိုင်းထနေသောတောင်ကုန်းများက စကော့တလန်ကို သတိရစေသဖြင့် “Scotland of the East” အရှေ့ဘက်က စကော့တလန် ဟုလည်း ခေါ်ကြသည်ဆို၏။ ရှီးလုံမြို့မှ အရှေ့ဘက်သို့ မျဉ်းဖြောင့်တည့်တည့် နီးပါးဆွဲလျှင် ၃၄၅ မိုင်ခန့်အဝေးတွင် မြန်မာနိုင်ငံမြစ်ကြီးနားမြို့ကို တွေ့နိုင်သဖြင့် လတ္တီတွဒ်ချင်း မတိမ်းမယိမ်းတူသည်ဟု ဆိုနိုင်သည်။ သို့သော် တောင်ပေါ်ဒေသမြို့ဖြစ်သော ရှီးလုံက ရာသီဥတုပိုမိုအေးမြကာ နွေရာသီတွင် ဖျမ်းမျှ 23 Cံနှင့် ဆောင်းရာသီ တွင် ဖျမ်းမျှ 4 Cံ ရှိသည်။ ရှီးလုံတွင် ၂၀၁၁ ခုနှစ်သန်းကောင်စာရင်းအရ လူဦးရေ ၁၄၃,၀၀၀ ကျော်ရှိသည်။ ထိုအထဲတွင်  ၇၃,၂၆၂ ယောက် ( ၅၁.၁၅ ရာခိုင်နှုန်း) မှာ တိုင်းရင်းသား ခါရှီး များဖြစ်ကြပြီး ခါရှီး လူမျိုးအတော်များများမှာ နိုင်ယမ်ခါရှီ နှင့် နိုင်ယမ်တာ ဟုခေါ်သော ရိုးရာနတ်ကိုယ်းကွယ်ယုံကြည်သူများဖြစ်ကြသည်။ ရှီးလုံတွင် ခရစ်ယာန်ဘာသာဝင်များမှာ အများစုဖြစ်ကြပြီး ၄၆.၅ ရာခိုင်နှုန်း ရှိသည်။ ဟိန္ဒူဘာသာ ကိုယ်းကွယ်သူများမှာလူဦးရေ၏ ၄၂ ရာခိုင်နှုန်း ရှိသည်။ ရှီးလုံမြို့သည် ယခင်ဗြိတိသျှကိုလိုနီအစိုးရ လက်ထက်ကတည်းကပင် အာသံပေါင်းစည်းဒေသကြီး၏ မြို့တော်ဖြစ်ခဲ့ပြီး၊ နောက်ပိုင်း ၁၉၇၂ ခုနှစ်တွင် အသစ်ခွဲထုတ်ဖွဲ့စည်းလိုက်သော မီဂါလာယာပြည်နယ်၏ မြို့တော်ဖြစ်လာသည်။ [caption id="attachment_149893" align="aligncenter" width="909"]အစည်းအဝေး ပထမနေ့ အားလပ်ချိန် အမှတ်တရ အစည်းအဝေး ပထမနေ့ အားလပ်ချိန် အမှတ်တရ[/caption] အမှန်အားဖြင့် ၁၉ ရာစုနှင့်နောက်ပိုင်းအထိ ဂိုလ်ပါယာ ဒေသမှလွဲ၍ အာသံဒေသကြီးသည် အိန္ဒိယ၏ အစိတ်အပိုင်းမဖြစ်ခဲ့ဘူးချေ။ အာသံနှင့်မဏိပူရဒေသမှာ (၁၈၂၄ -၁၈၂၆) ခုနှစ်တွင်ဖြစ်ပွါးခဲ့သော အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲအပြီးတွင် မြန်မာထံမှ အင်္ဂလိပ် အရှေ့အိန္ဒိယကုမ္ပဏီက သိမ်းပိုက်ယူခဲ့ပြီးနောက်မှ ဗြိတိသျှအင်ပါယာ အတွင်းသို့ ထည့်သွင်းခဲ့ခြင်းဖြစ်ပြီး အိန္ဒိယကို ဗြိတိသျှတို့က လွတ်လပ်ရေးပေးသောအခါ ထိုဒေသကို အိန္ဒိယနိုင်ငံအတွင်းသို့ ပေါင်းထည့်ပေးလိုက်ခြင်းဖြစ်ပါသည်။ ထို ပထမအင်္ဂလိပ်-မြန်မာ စစ်ပွဲရှုံးနိမ့်မှုရလဒ်အဖြစ် မြန်မာတို့ထံမှ အာသံ၊ မဏိပူရ၊ ကချာ၊ ဂျိုင်ရှာ၊ ရခိုင်နှင့် တနင်္သာရီဒေသများကို အင်္ဂလိပ်က သိမ်းယူသွားခဲ့သည်။ နှစ်နှစ်ကြာ အဆိုပါစစ်ပွဲတွင် အရှေ့အိန္ဒိယကုမ္ပဏီဘက်မှ ဥရောပတိုက်သားများနှင့် အိန္ဒိယလူမျိုးစစ်သည်ပေါင်း ၁၅၀၀၀ ကျော် အသက်ပေးခဲ့ရသကဲ့သို့ အရေအတွက် အတိအကျ မသိရှိရသော မြန်မာစစ်သည်နှင့်အရပ်သားများစွာ သေကြေဒဏ်ရာရခဲ့ကြသည်။ အရှေ့အိန္ဒိယကုမ္ပဏီ အနေဖြင့် စစ်အသုံးစရိတ်ပေါင်စတာလင် ၅ သန်းမှ ၁၃ သန်း ( ၂၀၁၅ ခုနှစ်ငွေတန်ဖိုးဖြင့်တွက်လျှင် ပေါင်စတာလင် သန်းပေါင်း ၃၇၉ မှ ၉၈၅ သန်း) အထိ ကုန်ကျခဲ့သဖြင့် စီးပွားရေးအရ ကြီးမားသော အကြပ်အတည်းတွေ့ခဲ့သည်။ မြန်မာတို့အတွက်မူ အဆိုပါစစ်ပွဲမှာ လွတ်လပ်ရေးဆုံးရှုံးမှု၏ ကနဦးအစဟု ဆိုရပေမည်။ စစ်ပွဲရှုံးနိမ့်ခဲ့သဖြင့် ထိုစဉ်က အလွန်များပြားသော ပမာဏဖြစ်သည့် ပေါင်စတာလင် တစ်သန်း (ထိုစဉ်ကငွေဈေးဖြင့် ဒေါ်လာ ၅ သန်း) ကို နှစ်ပေါင်းများစွာအတွင်း စစ်လျော်ကြေး (နစ်နာကြေး) ပေးခဲ့ရကာ၊ နောက်ထပ် စစ်နှစ်ကြိမ်အပြုခံရ ပြီးနောက် ၁၈၈၅ ခုနှစ်တွင် တပြည်လုံး သိမ်းပိုက်ခြင်းကို ခံလိုက်ရလေသည်။ ဗြိတိသျှလက်အောက်မှ အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ၁၉၆၃ ခုနှစ်တွင် အိန္ဒိယအစိုးရက ဒေသခံ တိုင်းရင်းသားများ၏ အလိုဆန္ဒကို ဖြည့်ဆည်းသောအားဖြင့် အာသံဒေသတွင် ပါဝင်သော နာဂ တောင်တန်းဒေသကို အိန္ဒိယ၏ ၁၆ ခုမြောက် ပြည်နယ် နာဂလန်းဒ် (Nagaland) အဖြစ်ဖွဲ့စည်းပေးခဲ့သည်။ တဖန် ၁၉၇၂ ခုနှစ်တွင် အာသံပြည်နယ်၏ မြို့တော် ရှီးလုံမြို့အပါအဝင်၊ ခါရှီးတောင်တန်း၊ ဂျိုင်းရှာတောင်တန်းနှင့် ဂါရိုတောင်တန်းဒေသတို့ ပါဝင်သော မီဂါလာယာကုန်းပြင်မြင့်ဒေသကို မီဂါလာယာ ပြည်နယ်အဖြစ်ဖွဲ့စည်းပေးခဲ့သည်။ ထိုနှစ်အတွင်းမှာပင် အာသံပြည်နယ်မြောက်ဘက်အစွန်ဆုံး ဘူတန်-တရုပ်-မြန်မာတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ဒေသကို အရူနာချယ်ပရာဒက်ရှ်ဟုလည်းကောင်း၊ တောင်ဘက် မီဇိုတောင်တန်းဒေသကို မီဇိုရမ်ဟုလည်းကောင်း သတ်မှတ်ခေါ်ဝေါ်ပြီး ပြည်ထောင်စုနယ်မြေများ (Union territories) အဖြစ် ခွဲထုတ် သတ်မှတ်ပေးခဲ့ပြီး ၁၉၈၇ ခုနှစ်တွင် ထိုဒေသနှစ်ခုသည် အိန္ဒိယ၏ ပြည်နယ်များဖြစ်လာခဲ့ကြသည်။ ကျနော်တို့ (၅) ယောက် (ဒေါက်တာခင်ဇော်ဝင်း၊ စည်သူအောင်မြင့်၊ သန်းဝင်းထွဋ်၊ ခေါ်မာဝူ နှင့် ကျနော်) မှာ ရန်ကုန်မှ ကာလကတ္တားသို့ ဧပြီလ (၁၈) ရက်နေ့တွင် အတူတကွထွက်ခွာလာကြပြီး အစည်းအဝေးကျင်းပမည့် ရှီးလုံမြို့သို့ (၁၉) ရက်နေ့ညနေပိုင်းတွင် ရောက်ရှိသည်။ အစည်းအဝေးမှာ ကျနော်တို့နေထိုင်တည်းခိုရာ လေဒီဗာရိုနီကာလမ်းသွယ်ရှိ၊ Asian Confluence Center ၊ The Habitat Shillong ဆိုသည့် တည်းခိုခန်းအနီးရှိ အစည်းအဝေးခန်းမတွင်ပင် ကျင်းပခြင်းဖြစ်သည်။ ၂၀ ရက်နှင့် ၂၁ ရက်၊ နှစ်ရက်ကြာကျင်းပသော အစည်းအဝေးတွင် တက်ရောက်သူပေါင်း (၃၀) ခန့်ရှိပြီး စကားပြောသူပေါင်း (၂၁) ယောက်ရှိသည်။ အိန္ဒိယနိုင်ငံဘက်မှ အစည်းအဝေး တက်ရောက်လာကြသူများထဲတွင် ကျနော်ကောင်းစွာ သတိထားမိခဲ့သူများမှာ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးဟောင်း ( Mr.Rajiv Bhatia) ရာဂျစ် ဘာတီးယား၊ Eastern Nagaland ခေါ် မြန်မာနိုင်ငံ နာဂတောင်တန်းဒေသသို့သွားရောက်ပြီး အိန္ဒိယအစိုးရကို လက်နက်ကိုင်တိုက်ပွဲဝင်နေသည့် United Liberation Front of Asom (ULFA) လက်နက်ကိုင်တပ်ဖွဲ့များနှင့်တွေ့ဆုံကာ RENDEZVOUS WITH REBELS ဆိုသည့် စာအုပ်ကို ရေးသားထုတ်ဝေခဲ့သည့် (Mr. Rajeev Bhattacharya) မစ္စတာ ရာဂျီးဗ် ဘာတာချာယာ၊ မီဇိုရမ် ပိုစ့်မှ သတင်းထောက်လည်းဖြစ် လူမှုရေးခေါင်းဆောင်နှင့် ကျောင်းသားခေါင်းဆောင်လည်းဖြစ်သူ Mr. Henry Lalhlimum နှင့် နယူးဒေးလီအခြေစိုက် ( Freelance journalist Ms. Neha Dixit ) ဖရီးလင့်စ် ဂျာနယ်လစ် မစ္စစ် နီဟာ ဒစ်ရှစ်တို့ဖြစ်ကြသည်။ အစည်းအဝေးသို့တက်ရောက်လာကြသော အိန္ဒိယနိုင်ငံသားတဝက်ခန့်မှာ အထူးသဖြင့် အိန္ဒိယအရှေ့မြောက် နယ်စပ်ဒေသ အာသံ၊ မီဇိုရမ်၊ နာဂလန်းဒ်နှင့် မီဂါလာယာဒေသမှ အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေသော စာစောင်များ၊ ဂျာနယ်များမှ သတင်းနှင့် ဂျာနယ်လစ်များ၊ စာရေးဆရာများဖြစ်ကြသည်။ ထိုသူတို့၏ ရုပ်ရေမှာ အရှေ့တောင်အာရှသားများ၊  မြန်မာတိုင်းရင်းသားများနှင့်သာတူပြီး အိန္ဒိယရုပ်ရေမရှိပေ။ ပထမနေ့တွင်ပင် ဒုတိယစကားပြောသူအဖြစ် ကျနော်က စကားပြောခွင့်ရခဲ့ရာ ခေါင်းစဉ်မှာ…Post-Conflict Society and India-Myanmar relations ဖြစ်သည်။ ပထမ စကားပြောသူမှာ ဂူဝါဟတီမြို့မှ အရှေ့မြောက်ဆို ရှယ် ရီဆာ့ခ်ျစင်တာမှ ဒေါက်တာ ဝေါ်တာ ဖာနန်ဒက်ဇ် ဖြစ်သည်။ ကျနော်က အချက် (၃) ချက်ပြောသည်။ ပထမအချက်မှာ မြန်မာနိုင်ငံသည် တရုတ်နှင့် အိန္ဒိယအကြား ပထဝီအနေအထားအရ အလွန်အရေးပါသော အနေအထားတွင်တည်ရှိသည်။ တရုတ်ပြည်အနေဖြင့် အာရှတောင်ပိုင်း၊ အရှေ့အလယ်ပိုင်း၊ အာဖရိကနှင့် ဥရောပ နိုင်ငံများသို့ ရေလမ်းဖြင့် အနီးဆုံးကုန်သွယ်ရေးလမ်းကြောင်းဖွင့်ရန် ကြားမှခံနေသော မြန်မာနိုင်ငံကို ဖြတ်သန်းခွင့်ရရေးမှာ အရေးကြီးသကဲ့သို့ အိန္ဒိယအနေဖြင့်လည်း ကုန်းတွင်းပိတ်ဒေသဖြစ်နေသော သူ၏ အရှေ့မြောက်ဒေသသို့ မြန်မာနိုင်ငံရှိ ရခိုင်ကမ်းရိုးတန်း သင်္ဘောဆိပ်များမှတဆင့် မြန်မာပြည်တွင်း ကုန်းလမ်းများကို အသုံးပြု၍ ကူးသန်းသွားလာပို့ဆောင်နိုင်ရေးမှာအရေးကြီးကြောင်း၊ ထို့ပြင် အိန္ဒိယအရှေ့မြောက်ဒေသမှတဆင့် မြန်မာနိုင်ငံကိုဖြတ်လျက် အရှေ့တောင်အာရှနိုင်ငံများသို့ ကူးသန်းသွားလာဆက်ဆံနိုင်သဖြင့် အနီး ဆုံးလမ်းကြောင်းဖြစ်ကြောင်း။ ထို့ကြောင့် အိန္ဒိယနိုင်ငံအနေဖြင့် Look East Policy ၊ Act East Policy စသည် ဖြင့် ချမှတ်လုပ်ဆောင်နေသည်ကို တွေ့မြင်ရသကဲ့သို့ တရုတ်ပြည်အနေဖြင့်လည်း One Belt One Road  ဆို သည့် ပေါ်လစီချမှတ်လျက် တရုတ်ပြည်မှ အရှေ့တောင်အာရှ၊ အလယ်ပိုင်းအာရှဒေသနှင့် ဥရောပတို့ကို ရထားလမ်း၊ ကားလမ်း၊ ရေနံနှင့်ဓာတ်ငွေ့ပိုက်လိုင်းများဖြင့် ဆက်သွယ်လျှက် ကူးသန်းရောင်းဝယ်ဆက်ဆံနိုင်ရန် ကြိုးစား နေသည်ကို တွေ့ရကြောင်း။ ဒုတိယအချက်အနေဖြင့် မြန်မာနိုင်ငံ၏ အဆိုပါနယ်စပ်ဒေသများမှာ လက်နက်ကိုင်တိုက်ပွဲများဖြစ်ပွားနေရာ ဒေသများဖြစ်သဖြင့် ထာဝရငြိမ်းချမ်းရေးရရှိရန် အားထုတ်ကြိုးပမ်းနေကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်များ အနေဖြင့် နိုင်ငံရေးအရ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ရရှိရန် တောင်းဆိုနေကြပြီး အဆိုပါတောင်းဆိုမှုများကို နိုင်ငံရေး ဆွေးနွေးပွဲများတွင် ညှိနှိုင်းကြလိမ့်မည်ဖြစ်ကြောင်း၊ သဘောတူညီမှုရရှိပါက ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ရန် လိုအပ်လိမ့်မည်ထင်ကြောင်း၊ အခြေခံဥပဒေကိုပြင်ဆင်ရန်မှာ တပ်မတော်က သဘောတူမှသာလျှင် ဖြစ်နိုင်သဖြင့် တပ်မတော်ကပါ သဘောတူလက်ခံသည့် ဆွေးနွေးညှိနှိုင်းအဖြေရှာမှုများဖြစ်ရန် လိုအပ်ကြောင်း၊ ထို့ပြင် တတိယအချက်အနေဖြင့် နယ်စပ်ဒေသလက်နက်ကိုင်ပဋိပက္ခများမှာ အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေး အခြေအနေမကောင်းသည့်အခါ ပိုမိုဆိုးရွားတတ်ပြီး ဆက်ဆံရေးကောင်းမွန်သည့်အခါ ဖြေရှင်းရန်ပိုမိုလွယ် ကူသည်ကို သမိုင်းကသက်သေပြခဲ့ပြီးဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာအစိုးရအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးကောင်းမွန်ရန် အထူးအလေးထားရမည်ဖြစ်ကြောင်း၊ အထူးသဖြင့် တရုတ်ပြည်နှင့်ရင်းနှီးခင်မင်၍ အပြန်အလှန်အကျိုးရှိသော ဆက်ဆံရေးတခုရှိရန်လိုအပ်ကြောင်း၊ အဆိုပါနယ်စပ်ဒေသများ ထာဝရငြိမ်းချမ်းရေးရပါမှ အိန္ဒိယ-မြန်မာ-တရုတ်-ထိုင်း နိုင်ငံတို့အကြား ဆက်သွယ်ရေးလမ်းကြောင်းများ ဖောက်လုပ်ခြင်း လုပ်ငန်း ပိုမိုလျှင်မြန်လာလိမ့်မည်၊ အိန္ဒိယ၏ Act east policy သည် တရုတ်ပြည်၏ One belt One road နှင့်ဆက်စပ်နိုင်ပါမှ ပိုမိုလျှင်မြန်သွက်လက်လိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ကျနော်ဟောပြောအပြီး မေးခွန်းများမေးမြန်းချိန်ရောက်သောအခါ  သိလိုသည်များကို မေးမြန်းခွင့်ပေးရာ…. “ Rendezvous with rebels” ဆိုသည့်စာအုပ်ကိုရေးသည့် စာရေးဆရာ၊ ဂျာနယ်လစ် အာသံလူမျိုး ရာဂျီးဗ် ဘာတာချာယာ (Rajeev Bhattacharyya) က မေးခွန်းနှစ်ခုမေးပါသည်။ [caption id="attachment_149892" align="aligncenter" width="909"]ဦးရဲထွန်း၊ ဒေါက်တာခင်ဇော်ဝင်း၊ ခေါ်မာဝူ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီးဟောင်းတို့ အစည်းအဝေးခန်းမရှေ့အမှတ်တရ အတူတကွဓါတ်ပုံရိုက်ကြစဉ် ) ဦးရဲထွန်း၊ ဒေါက်တာခင်ဇော်ဝင်း၊ ခေါ်မာဝူ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီးဟောင်းတို့
အစည်းအဝေးခန်းမရှေ့အမှတ်တရ အတူတကွဓာတ်ပုံရိုက်ကြစဉ်။[/caption] ပထမမေးခွန်းမှာ…. ဦးရဲထွန်းက ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီကဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် ခင်ဗျားတို့ပါတီအနေနဲ့ဖြစ်စေ၊ ခင်ဗျားတစ်ဦးချင်းအနေနဲ့ဖြစ်စေ အိန္ဒိယအရှေ့မြောက်ဒေသမှာရှိတဲ့ ဒေသခံတိုင်းရင်းသားတွေရဲ့ လက်နက်ကိုင်လှုပ်ရှားမှုများအပေါ် စိတ်ဝင်စားမှုရှိပါသလား၊ ဘယ်လိုမြင်ပါသလဲ၊ ဒုတိယမေးခွန်းမှာ…. မကြာခင်နှစ်များအတွင်းက အိန္ဒိယတပ်မတော်က မြန်မာနယ်စပ်မှာရှိတဲ့ နာဂသူပုန်များကို တိုက်ခိုက်ချေမှုန်းတဲ့အခါ မြန်မာ့တပ်မတော်က နယ်စပ်ဒေသကို ပိတ်လိုက်ပြီး အိန္ဒိယတပ်မတော်ကို မြန်မာနိုင်ငံအတွင်း ပေးမဝင်ခဲ့ပါ။ ဒါဟာဘာကြောင့်ပါလဲ။ နောက်တပတ်ဆက်လက်ဖော်ပြပါမည် ရဲထွန်း (သီပေါ)  
5 years Ago
Up