အာရှလမ်း

October 23, 2022

အာရှလမ်းပေါ် ဖြတ်သန်းသွားလာခွင့် မပြုသေးဟု KNLA စစ်ကြောင်းမှူး ပြော

နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ ကော့ကရိတ်-မြဝတီ(အာရှ) လမ်းပေါ် ခရီးသည်ယာဉ်တွေနဲ့ ကုန်စည်ယာဉ်တွေ ဖြတ်သန်းသွားလာတာတွေ ရှိနေပေမယ့် KNLA ပူးပေါင်းတပ်ဖွဲ့တွေဘက်က ဖွင့်လှစ်ပေးထားတာမရှိသေးဘူးလို့ KNLA စစ်ကြောင်းမှူး တဦးက ပြောပါတယ်။

အောက်တိုဘာ ၁၈ ရက်ကစပြီး ကော့ကရိတ်- မြ၀တီ(အာရှ)လမ်း၊ တောနောရေတံခွန်အနီးမှာ စစ်ကောင်စီတပ်၊ နယ်ခြားစောင်(BGF)ပူးပေါင်းတပ်တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့ရာက အောက်တိုဘာ ၂၁ ရက်နေ့အထိ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။

အဲဒီတိုက်ပွဲတွေကြောင့် ကော့ကရိတ်-မြဝတီ(အာရှ) လမ်းကို ဖြတ်သန်းသွားလာခွင့်ပိတ်ထားတဲ့ အတွက် ခရီးသည်ယာဉ်တွေ၊ ကုန်စည်ယာဉ်တွေဟာ နီးစပ်ရာနေရာတွေမှာ ရပ်နားထားရသလို ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်မှုတွေပါ ယာယီရပ်ဆိုင်းထားရပါတယ်။

လတ်တလောမှာလမ်း ကော့ကရိတ်မြို့အနီးတဝိုက်နဲ့ ကော့ကရိတ်-မြဝတီ(အာရှ)လမ်းအနီး စစ်ကောင်စီပူးပေါင်းတပ်တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ စစ်ရေးတင်းမာနေဆဲဖြစ်ပါတယ်။

KNLA စစ်ကြောင်းမှူး တဦးက “လောလောဆယ်တော့ အတိအကျပြောလို့ မရသေးဘူး။ ဖွင့်တယ် ပြောလိုက်လို့ ပြည်သူတွေကသွားလိုက်လို့ အန္တရာယ်ဖြစ်မှာလည်း စိုးရိမ်တယ်။ အဲဒါကြောင့်မို့ပါ။ ကျနော်တို့ဘက်ကတော့ အဓိကက အခြေအနေအတိကျပြောပြလို့ မရသေးဘူး” လို့ ပြောပါတယ်။

ကော့ကရိတ်မြို့ခံ ယာဉ်မောင်တဦးက “လမ်းကို ဖွင်ပေးတယ်ဆိုတာ အရပ်စကားနဲ့ပြောတာ။ တော်လှန်းရေး(PDF)တွေဘက်ကတော့ ဖွင့်ပေးတာမဟုတ်ဘူး။ ပိတ်ထားတာကြာခဲ့ပြီ။ သွားရဲ ရင်သွားကြပေါ့။ စစ်ကောင်စီဘက်ကတော့ ဖွင့်ပေးတာ ၂ ရက်ရှိပြီ။ မနက်ဖြန် တရက် ကျန်သေးတယ် ပြောတယ်” လို့ ဆိုပါတယ်။

အောက်တို့ဘာ ၂၁ ရက် မနက်ပိုင်းကစတင်ပြီး ကော့ကရိတ်မြို့ကိုထိန်းချုပ်နိုင်ဖို့ KNLA ပူးပေါင်းတပ်တွေက ကော့ကရိတ်-မြဝတီလမ်းဟောင်း အမှတ် ၃ ဂိတ်နေရာကနေစတင်ပြီး စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ရုံးစိုက်ရာအနီးတဝိုက်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ စကခ ၁၂ လှိုင်ဝအမြောက်ကုန်းနဲ့ ခလရ ၉၇ တပ်တွင်းကနေ ကော့ကရိတ်မြို့၊ အမှတ် ၁ ရပ်ကွက်(ထန်းပင်ကုန်း)၊ အမှတ် ၇ ရပ်ကွက်(တံတားဦး)၊ ကွက်သစ်နေရာတွေကို လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်သလို လေကြောင်းလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်း ပစ်ခတ်မှုတွေကြောင့် အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၁ ယောက် သေဆုံးပြီး ၁၇ ယောက် ထိမှန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ မြို့ခံလူမှုကူညီရေးအဖွဲ့ထံကနေ သိရပြီး စစ်ကောင်စီရဲတပ်ဖွဲ့ဝင် ၁၀ ယောက် ထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားခဲ့တယ်လို့ မြို့ခံပြည်သူတွေက ပြောပါတယ်။

ကော့ကရိတ်မြို့တွင်း တိုက်ပွဲတွေ ငြိမ်သက်သွားပေမယ့် ထပ်မံတိုက်ပွဲဖြစ်ပွားမှာကို စိုးရိမ်ပြီး ရပ်ကွက်နေပြည်သူတွေဟာ ဒီကနေ့အထိ ဘားအံမြို့နဲ့ မော်လမြိုင်မြို့ကို ရွှေ့ပြောင်းသွားသူတွေ၊ နီးစပ်ရာ ဆွေမျိုးတွေရှိရာကို ရွှေ့ပြောင်းနေကြဆဲလို   ရပ်ကွက်နေပြည်သူတဦးက ပြောပါတယ်။

ဒါအပြင် ကော့ကရိတ်မြို့နယ်၊ တောင်ကြားအင်းကျေးရွာဘက်မှာ စစ်ကောင်စီရဲ့ ပူးပေါင်းတပ် တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ ဒီကနေ့အထိ တိုက်ပွဲတွေဖြစ်ပွားနေသလို စစ်ကောင်စီ ပူးပေါင်းတပ်တွေဟာ ရေပူကျေးရွာအုပ်စု၊ ကိုးတိုင်ကျေးရွာနဲ့ လောင်ကိုင်းကျေးရွာသွား ကားလမ်းတလျှောက်နဲ့ ကျုံဒိုးမြို့သွား ကားလမ်းတလျှောက်  နေရာယူပိတ်ဆို့ထားပါတယ်။

5 months Ago

October 22, 2022

ကော့ကရိတ်ပြည်သူများ ဘေးလွတ်ရာရွှေ့၊ ထိုင်းသွားမည့် အလုပ်သမားထောင်ချီ အာရှလမ်းတွင် ပိတ်မိနေ

ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင်း တိုက်ပွဲတွေငြိမ်သက်သွားပေမယ့် ထပ်မံတိုက်ပွဲဖြစ်ပွားမှာကို စိုးရိမ်ပြီး ရပ်ကွက်နေပြည်သူတွေ ဘေးလွတ်ရာရွေ့ပြောင်းသွားကြပြီလို့ ရပ်ကွက်နေပြည်သူ တဦးက ပြောပါတယ်။

အောက်တို့ဘာ ၂၁ ရက် မနက်ပိုင်းကစတင်ပြီး ကော့ကရိတ်မြို့ကိုထိန်းချုပ်နိုင်ဖို့ KNLA ပူးပေါင်းတပ်တွေက ကော့ကရိတ်-မြဝတီလမ်းဟောင်း အမှတ် ၃ ဂိတ်နေရာကနေစတင်ပြီး စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ရုံးစိုက်ရာအနီးတဝိုက်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ စကခ ၁၂ လှိုင်ဝအမြောက်ကုန်းနဲ့ ခလရ ၉၇ တပ်တွင်းကနေ ကော့ကရိတ်မြို့၊ အမှတ် ၁ ရပ်ကွက်(ထန်းပင်ကုန်း)၊ အမှတ် ၇ ရပ်ကွက်(တံတားဦး)နဲ့ ကွက်သစ် နေရာတွေကို လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်သလို စစ်ကောင်စီဘက်က အထိနာခဲ့တဲ့အတွက် လေကြောင်းကနေ  ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့တဲ့ အမှတ် ၇ ရပ်ကွက်(တံတားဦး)နေ ပြည်သူတွေဟာ တိုက်ပွဲ ထပ်မံ ဖြစ်ပွားလာမှာကို စိုးရိမ်ပြီး ပြောင်းရွှေ့သွားကုန်ပြီလို့ ရပ်ကွက်နေပြည်သူ တဦးက ပြောပါတယ်။

“ဒီနေ့က အကုန်လုံးငြိမ်နေတယ်။ ဒါပေမယ့် ဒီကလူတွေက ကောလာဟလလား ဘာလားတော့ မသိဘူး။ လူတွေက ကြောက်လန့်ပြီးတော့ ပြောင်းတဲ့အိမ်ပြောင်းကုန်ကြပြီ။ အိမ်တိုင်း အိမ်တိုင်းပဲ။ ကျနော်တို့ရပ်ကွက်မှာဆိုရင် အပိုင်းလိုက်အပိုင်းလိုက်ကုန်ပြီ။ သွားလို့မရတဲ့ အိမ်တွေလောက်ပဲကျန်တယ်။ ကျန်တဲ့ဟာတွေက မိသားစုလိုက်ပြောင်းပြေးကြတယ်။”

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းပစ်ခတ်မှုတွေကြောင့် အမျိုးသား ၂ ဦး အမျိုးသမီး ၁ ဦးသေဆုံးပြီး ၁၇ ဦး ထိမှန်ဒဏ်ရာတွေရရှိခဲ့တယ်လို့ မြို့ခံလူမှုကူညီရေးအဖွဲ့ဆီက သိရပါတယ်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီရဲတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားခဲ့တယ်လို့ မြို့ခံပြည်သူတွေက ပြောပါတယ်။

အလားတူ အောက်တို့ဘာ ၂၁ ရက်မနက်ပိုင်းကစတင်ပြီး ကော့ကရိတ်မြို့နယ်၊ တောင်ကြားအင်းကျေးရွာဘက်မှာ စစ်ကောင်စီရဲ့ပူးပေါင်းတပ်တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ ဒီကနေ့အထိ တိုက်ပွဲတွေဖြစ်ပွားနေသလို စစ်ကောင်စီပူးပေါင်းတပ်တွေဟာ ရေပူကျေးရွာအုပ်စု၊ ကိုးတိုင်ကျေးရွာနဲ့ လောင်ကိုင်းကျေးရွာသွား ကားလမ်းတလျှောက် နေရာယူပိတ်ဆို့ထားပါတယ်။

အောက်တိုဘာ  ၂၂ ရက် မနက် ၆ နာရီလောက်က  ဘားအံမြို့ဘက်ကနေ အိမ်စီးကားအစီး ၂၀ နဲ့အတူ စစ်ကောင်စီရဲ့နယ်ခြားစောင့် (BGF)တပ်ဖွဲ့ဝင်တွေဟာ  ကျွန်းကလေးကျေးရွာထိပ်ရှိ လမ်းဘေးဝဲယာမှာ လက်နက်ကြီးတွေ ပြင်ဆင်ထားသလို လုံခြုံရေးရယူထားတယ်လို့ မြေပြင်စစ်သတင်းတွေအရ သိရပါတယ်။

ဒါအပြင် ကော့ရိတ်မြို့အနီး ဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာ အင်းအားဖြည့်တင်းဖို့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ FAW ကား ၂ စီးဟာ ကိုးတိုင်ကျေးရွာဘက်ကို ရောက်ရှိလာခဲ့တယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၁၉ ရက်နေ့ကစတင်ပြီး  KNU တပ်မဟာ ၆ နယ်မြေ၊ ကော့ကရိတ်- မြ၀တီ(အာရှလမ်း)တောနောရေတံခွန်အနီးမှာ စစ်ကောင်စီတပ်၊ နယ်ခြားစောင်(BGF) ပူးပေါင်းတပ်တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ရာက ဒီကနေ့ ၄ ရက်မြောက်နေ့အထိ တိုက်ပွဲတွေပြင်းထန်ခဲ့တာပါ။

ကော့ကရိတ်- မြဝတီ(အာရှလမ်း)အနီး စစ်ကောင်စီက နယ်မြေကျော်ထိုးစစ်ဆင်လာတဲ့အပြင် ကျေးရွာတွေအတွင်းကို လက်နက်ကြီးအပြင်လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာ တွေကြောင့် နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။

နယ်မြေမတည်ငြိမ်လို့ အာရှလမ်းမပိတ်ထားတာကြောင့် ထိုင်းနိုင်ငံ သွားရောက်လုပ်ကိုင်မယ့် အလုပ်သမားတထောင်နီးပါးလည်း လမ်းမှာပိတ်မိနေတယ်လို့ အေဂျင်စီတချို့ဆီက သိရပါတယ်။

ထိုင်းနိုင်ငံကို သွားရောက်လုပ်ကိုင်မယ့်အလုပ်သမားတွေဟာ လွန်ခဲ့တဲ့ ၂ ရက်ကတည်းက လမ်းမှာပိတ်မိနေတာဖြစ်ပြီး နီးစပ်ရာနေရာတွေမှာ ခိုကပ်နေနေရတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံကို အလုပ်သမားပို့ဆောင်နေတဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်းရှင်တဦးက "အေဂျင်စီ လေး၊ ငါးခုကနေပို့တဲ့ အလုပ်သမားတွေပိတ်မိနတာ။ တချို့က သာမညမှာ ခိုနေနေတယ်၊ ဘားအံမှာခိုတဲ့သူတွေလည်းရှိတယ်။ အခြေအနေသေးစိတ်တော့မသိရသေးဘူး" လို့ ပြောပါတယ်။

ကော့ကရိတ်-မြဝတီ အာရှလမ်းမမှာ အောက်တိုဘာ ၁၈ ကစလို့ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲတွေ  ဖြစ်ပွားနေတာကြောင့် အေဂျင်စီတချို့က ထိုင်းကိုစေလွှတ်တဲ့ အလုပ်သမားတွေဟာ ဘားအံ၊ ကျုံဒိုး(ကော့ကရိတ်) မြို့ တွေမှာ ပိတ်မိစောင့်ဆိုင်းနေရတယ်လို့ မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မူလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) ကလည်း အတည်ပြုထုတ်ပြန်ထားပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ တိုက်ပွဲအခြေအနေကြောင့် အောက်တိုဘာ ၁၉ ကနေ ၂၁ ရက်အထိ ထိုင်းနိုင်ငံကို အလုပ်သမားစေလွှတ်ခွင့်ရထားတဲ့ အေဂျင်စီတွေအနေနဲ့ မြေပြင်အခြေအနေကို လေ့လာစိစစ်ပြီး ဌာနဆိုင်ရာအရာရှိတွေနဲ့ တိုက်ရိုက်ညှိနိူင်းဆောင်ရွက်ဖို့လည်း MOEAF က ညွှန်ကြားထားပါတယ်။

အခုလို တိုက်ပွဲတွေဖြစ်ပွားတိုင်း မြဝတီနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဟာ ပိတ်လိုက်ရတဲ့ အတွက် စစ်ကောင်စီအတွက် အခက်အခဲဖြစ်စေသလို နစ်နာစေတယ်လို့ KNLA တပ်မှူး စောကျော်သက်က ပြောဆိုခဲ့ပြီး အာရှလမ်းမကို အောက်တိုဘာ  ၂၂ ရက် ဒီကနေ့ ပြန်ဖွင့်ပေးတော့မယ်လို့လည်း ပြောပါတယ်။

မြဝတီမြို့နဲ့ ကော့ကရိတ်မြို့ကို ဆက်သွယ်ထားတဲ့ အာရှလမ်းမကြီးကို စစ်ကောင်စီရဲ့ တပ်အင်အားနဲ့ လက်နက်တွေ သယ်ဆောင်ရာ အဓိကလမ်းကြောဖြစ်တဲ့အတွက် KNLA ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ရက်ပိုင်းက  ခရီးသည်တင်ကားတွေကိုရော ကုန်တင်ကားတွေကိုပါ ဖြတ်သန်းသွားလာခွင့် မပေးဘဲ ပိတ်ထားတာဖြစ်ပါတယ်။

5 months Ago

တိုက်ပွဲကြောင့်ပိတ်ထားသည့် မြဝတီ- ကော့ကရိတ် အာရှလမ်းကို ပြန်ဖွင့်ပေးမည်

တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ၅ ရက်တာ ပိတ်ထားခဲ့တဲ့ ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းမကို အောက်တိုဘာ  ၂၂ ရက် ဒီကနေ့ ပြန်ဖွင့်ပေးတော့မယ်လို့  KNLA တပ်မှူး စောကျော်သက်က ပြောပါတယ်။

မြဝတီမြို့နဲ့ ကော့ကရိတ်မြို့ကို ဆက်သွယ်ထားတဲ့ အာရှလမ်းမကြီးကို စစ်ကောင်စီရဲ့ တပ်အင်အားနဲ့ လက်နက်တွေ သယ်ဆောင်ရာ အဓိကလမ်းကြောဖြစ်တဲ့အတွက် KNLA ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ရက်ပိုင်းက  ခရီးသည်တင်ကားတွေကိုရော ကုန်တင်ကားတွေကိုပါ ဖြတ်သန်းသွားလာခွင့် မပေးပဲ ပိတ်ထားတာဖြစ်ပါတယ်။

ပြည်သူတွေရဲ့ ကျန်းမာရေးနဲ့ စားဝတ်နေရေးအတွက် အခက်ခဲတွေကို စာနာတဲ့ အနေနဲ့ ဒီကနေ့ နေ့လယ်  ၂ နာရီလောက်မှာ  လမ်းပြန်လည်ဖွင့်ပေးတော့မှာဖြစ်တယ်လို့ စောကျော်သက်က ပြောပါတယ်။

လမ်းပြန်ဖွင့်ပေမဲ့ စစ်ကောင်စီတပ်တွေ ဖြတ်ကျော်လာလို့ ပစ်ခတ်တိုက်ခိုက်တာတွေ ရှိလာပါက ခရီးသွားပြည်သူတွေ ဘေးလွတ်ရာရှောင်ကြဖို့လည်း တပ်မှူး စောကျော်သက်က ပြောပါတယ်။

မြဝတီ-ကော့ကရိတ် လမ်းပိတ်ထားတာကြောင့် ရာနဲ့ချီတဲ့ ကားတွေနဲ့ ခရီးသည်တွေ လမ်းမှာ ပိတ်မိ သောင်တင်နေကြပြီး အခက်အခဲနဲ့ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ 

မနေ့က KNLA ပူးပေါင်းတပ်တွေက ကော့ကရိတ်မြို့တွင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ  စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အယောက် ၂၀ လောက်သေဆုံးခဲ့သလို့ စစ်ကောင်စီတပ်တွေက မြို့ထဲကိုရော ကျေးရွာတွေကိုပါ လက်နက်ကြီးတွေနဲ့ ပစ်ခတ် လေကြောင်း ဗုံးကြဲတိုက်ခိုက် မှုတွေကြောင့်  အရပ်သားပြည်သူတွေ ထိခိုက်သေဆုံး ဒဏ်ရာရခဲ့ပါတယ်။  

5 months Ago
More News
Up