အာရှရဲ့ကျရှုံးနိုင်ငံဖြစ်မှာလား

April 27, 2021

အာရှရဲ့ကျရှုံးနိုင်ငံဖြစ်မှာလား

မြန်မာဟာ ကျရှုံးနိုင်ငံ (Failed State) ကို ဦးတည်နေပြီလားဆိုပြီး Economist တို့ Nikkei Asia Review တို့လို ကမ္ဘာကျော် စာစောင်တွေက မျက်နှာဖုံးတင် ရေးသားခဲ့သလို၊ စီအင်အင်နဲ့ တခြားသတင်းဌာနကြီးတွေကလည်း မြန်မာအရေးပညာရှင်တွေ၊ အမေရိကန်သံအမတ်ဟောင်းတွေကို မေးမြန်းကြ ဆွေးနွေးကြတာတွေ ဖတ်ရတယ်။ တကယ်ပဲ မြန်မာဟာ အာရှမှာ ကျရှုံးနိုင်ငံ ဖြစ်တော့မလား။

ကျရှုံးနိုင်ငံဆိုတာ ဗဟိုအစိုးရတခု မရပ်တည်နိုင်တော့တာ ဗဟိုအာဏာမဲ့သွားတာကို ဆိုလိုတာပါပဲ။ အစိုးရတခုဟာအခြေခံလုပ်ငန်းဆောင်တာတွေနဲ့ တာဝန်ဝတ္တရားတွေကို ပုံမှန် ဆက်မလည်ပတ်နိုင်တော့သလို နိုင်ငံရေးတရားဝင်မှုလည်းပျက်၊ အုပ်စုတွေ အစိပ်စိပ်အမွှာမွှာဖြစ်၊ တဗိုလ်တမင်းနဲ့ ဥပဒေစိုးမိုးမှု လုံးဝ မရှိတော့တာပါ။ ဒါကို နိုင်ငံပြိုလဲခြင်း (State Collapse, State Failure) လို့လည်း ပြောကြပါတယ်။

ဥပမာ၊ လစ်ဗျားမှာ ဗဟိုအစိုးရ ချည့်နဲ့နေပြီး လက်နက်ကိုင်တွေ စစ်သွေးကြွတွေက နိုင်ငံအနှံ့မှာ ကြီးစိုးထားတာမျိုးပါ။ ဆိုမာလီယားမှာ အစိုးရအာဏာ လုံးဝသက်ရောက်မှုမရှိဘဲ လက်နက်ကိုင်အုပ်စုတွေက ပင်လယ်ဓားပြတွေဖြစ်ပြီး နိုင်ငံတကာရေကြောင်းသွားလာရေးကိုပါ ဒုက္ခပေးနေတာ။ အလားတူ ဆီးရီးယား၊ ယေမင်၊ တောင်ဆူဒန်၊ မာလီ၊ နိုက်ဂျာ တို့ကလည်း ကျရှုံးနိုင်ငံစာရင်းမှာ ထိပ်သီးတွေပါပဲ။

မြန်မာ့အရေး‌လေ့လာသူ ပါမောက္ခ David Steinberg ကတော့ လက်ရှိ မြန်မာနိုင်ငံ‌အခြေအနေက ကျရှုံးနိုင်ငံဆိုတဲ့စကားနဲ့ မလွှမ်းခြုံမိဘူး၊ စစ်တပ်ကြောင့် စီးပွားရေးကျရှုံးမှု၊ လူမှု‌ရေးကျရှုံးမှု၊ နိုင်ငံရေးကျရှုံးမှုတွေ ရှိပေမဲ့၊ နိုင်ငံတခုလုံးကျရှုံးမှုအထိ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။ စစ်တပ်ဟာ ဂုဏ်သိက္ခာအလုံးစုံ ကျဆင်းသွားပေမဲ့လည်း ဗဟိုအာဏာကို ဆက်ချုပ်ကိုင်ထားဦးမှာမို့ မြန်မာဟာ ကျရှုံးနိုင်ငံအဆင့်အထိ မရောက်ဘူးလို့ ဗီအိုအေ အင်တာဗျူးမှာ ပြောပါတယ်။ သူက ကျရှုံးနိုင်ငံမဖြစ်ဘူးလို့ ဆိုပေမဲ့လည်း၊ နိုင်ငံတကာမီဒီယာတွေနဲ့ ပညာရှင်အတော်များများကတော့ မြန်မာဟာ ကျရှုံးနိုင်ငံဆီ ဦးတည်နေပြီ၊ အာရှရဲ့ ပထမဆုံးကျရှုံးနိုင်ငံ ဖြစ်တော့မယ်လို့ နမိတ်ဖတ်နေကြတာပါပဲ။

ဒီနေရာမှာ ‘နိုင်ငံ’ ဆိုတဲ့ ဖွင့်ဆိုချက်ကို ပြန်ကြည့်ရပါမယ်။ ၁၉၉၃ Montevideo Convention သဘောတူချက်အရ နိုင်ငံတခုဟာ ‘အမြဲတမ်းနေထိုင်တဲ့လူဦးရေ၊ သတ်မှတ်ထားတဲ့နယ်မြေ၊ အစိုးရ၊ အခြားနိုင်ငံတွေနဲ့ အပြန်အလှန် သံတမန်ဆက်ဆံရေး’ လေးချက် ရှိရမယ်လို့ ဆိုထားတယ်။ လက်ရှိ အာဏာလုစစ်ကောင်စီအောက် သုံးလအတွင်း အဲဒီလေးချက် အလွန် ပျက်ပြယ်လာပါတယ်။ တည်ငြိမ်မှု လုံခြုံမှုမရှိတဲ့အတွက် နိုင်ငံအနှံ့အပြားနဲ့ နယ်စပ်ဆီ ပြောင်းရွှေ့သူဦးရေ အဆမတန် တိုးများလာတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ နယ်မြေသိမ်းတိုက်ပွဲတွေ စိပ်လာသလို လူထုကလည်း ထောက်ခံအားပေးတယ်။ အစိုးရတရပ်အနေနဲ့ကြည့်ရင် အုပ်ချုပ်ရေးယန္တရားတွေ စနစ်တကျ လည်ပတ်နိုင်စွမ်းမရှိ၊ စီးပွားရေးတိုးတက်မှုမလုပ်သလို အခွန်ကောက်ယူနိုင်စွမ်းလည်း မရှိဘူး။ နိုင်ငံတကာက သံတမန်ဆက်ဆံရေး ဝိုင်းကျဉ်ထားသလို၊ စစ်ကောင်စီဥက္ကဋ္ဌကိုယ်တိုင်က ကုလသမဂ္ဂကိုတောင် အတွေ့မခံရဲ မဆက်ဆံရဲ ဖြစ်နေတယ်။ နိုင်ငံဖြစ်တည်မှု အင်္ဂါရပ်လေးခုစလုံး ယိုယွင်းကျဆင်းနေသလို၊ အချုပ်အခြာအာဏာဟာ အချိန်တိုအတွင်း တရုတ်ရဲ့ အစောင့်ရှောက်ခံ ပုံစံဖြစ်နေတာ ထိတ်လန့်ဖွယ်ပါပဲ။ 

နောက် ဒီကနေ့ ‘နိုင်ငံ’ ဆိုတာနဲ့ပတ်သက်ရင် ဂျာမန်လူမှုဗေဒပညာရှင် မက်စ်ဝေဘာရဲ့ ဖွင့်ဆိုချက်ကို အတိုဆုံးနဲ့ အပြည့်ဆုံးလို့ ပညာရှင်တွေ ရည်ညွှန်းပါတယ်။ သူက "နိုင်ငံဆိုတာ သတ်မှတ်ထားတဲ့ နယ်မြေနဲ့ လူထုအပေါ် ငြိမ်းချမ်းစေရေးနဲ့ ဥပဒေသက်ရောက်ရေးအတွက် တရားဝင်အင်အားကျင့်သုံးခွင့်ရှိသော ဗဟိုအာဏာပိုင်အဖွဲ့” (A State is a central authority that can exercise a monopoly of legitimate coercion over a defined territory and its population, to keep peace and enforce the law.) လို့ ဆိုပါတယ်။ ဒီမှာ အရေးကြီးတဲ့ စကားရပ်က တရားဝင်အင်အားကျင့်သုံးခွင့် (exercise a monopoly of legitimate coercion) ဆိုတာပါပဲ။ 

နိုင်ငံကို ကိုယ်စားပြုရတဲ့ အာဏာပိုင်အစိုးရအဖွဲ့ဟာ တိုင်းပြည်နယ်နိမိတ်အားလုံးမှာ ဥပဒေအမိန့်အာဏာ အကြားအလပ်မရှိ တည်စေဖို့ စစ်တပ်၊ ရဲ စတဲ့ အင်အားတွေကို တရားဝင်အသုံးပြုခွင့်ရှိပါတယ်။ သို့သော် အဲဒီလို အင်အားအသုံးပြုခွင့်ရှိဖို့က နိုင်ငံသားတွေ အာဏာအပ်နှင်းထားတဲ့အစိုးရသာ ဖြစ်ရမယ်။ တရားဝင်အစိုးရကသာ လက်နက်အင်အားကို တရားဝင်အသုံးပြုခွင့်ရှိတယ်။ ဒါက ခေတ်သစ်နိုင်ငံရဲ့ မူဝါဒပါပဲ။ တရားမဝင်အစိုးရတရပ်က လက်နက်ကိုင်အဖွဲ့အစည်းတွေကို တရားမဝင် ရမ်းရမ်းကားကား အသုံးပြုနေရင် ဒါဟာ နိုင်ငံပျက်စီးတာပဲ။ တရားမဝင်အစိုးရက လက်နက်အင်အားတွေကို တရားမဝင် အသုံးပြုလေလေ၊ တခြားလက်နက်ကိုင်အဖွဲ့တွေ  တိုင်းပြည်မှာ မှိုလိုပေါက်လာလေလေပါပဲ။ ဒါဟာ မရှောင်လွှဲနိုင်တဲ့အရာပါ။ နောက်ဆုံး နိုင်ငံရဲ့စည်းစံနှုန်းတွေပျက်၊ ဗဟိုအာဏာမဲ့ပြီး ကျရှုံးနိုင်ငံဆီ ဦးတည်တော့တာပါပဲ။

သုံးလအတွင်း စစ်တပ်က ပြည်သူကို အကြမ်းဖက်ရန်ပြုဖို့ တပ်အင်အားကို တရားမဝင် အသုံးပြုနေတဲ့အတွက်၊ စစ်ကောင်စီရဲ့တရားဝင်မှုဟာ ပိုပြီးဆုံးရှုံးနေတယ်။  အစိုးရမဏ္ဍိုင်သုံးရပ်နဲ့ အားလုံးပါဝင် ဆုံးဖြတ်မှုတွေ လုပ်ရမယ့်အစား၊ တဦးတည်းကပဲ ဆုံးဖြတ်  ပြဋ္ဌာန်းနေတဲ့အတွက် အမိန့်အာဏာတွေက အသက်ဝင်မှုမရှိ ဖြစ်နေတယ်။

အစိုးရယန္တရားတွေ မလည်ပတ်နိုင်လို့ ကျန်းမာရေး၊ ပညာရေး၊ သွားလာရေး၊ ဆက်သွယ်ရေး စတဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ မစွမ်းဆောင်နိုင် ဖြစ်နေရတယ်။ အာဏာလု လူသတ်သမားတွေအနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းထဲ ဘယ်နေရာမှ မဝင်ဆန့်တော့ဘဲ၊ နိုင်ငံအချင်းချင်း ဆက်ဆံ‌‌ရေးမှာ သိမ်ငယ်ရပြီး၊ သူတို့ကို အကာအကွယ်ပေးဖို့ နိုင်ငံပိစိလေးတွေကိုတောင် လိုက်တောင်းပန်တိုးလျှိုးနေရတယ်။ ခေါင်းဆောင်လိုပဲ နိုင်ငံလည်း ဥပဓိကင်းမဲ့ပြီး (Lack of State) ၊ ကျရှုံးနိုင်ငံဆီ ဒုန်းဒုးန်းပြေးနေတော့တာပါပဲ။

နောက် ဧပြီ ၉ ရက်နေ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးမှာ ICG Myanmar အဖွဲ့က Richard Horsey တင်ပြသွားတဲ့ ငါးချက်ကလည်း အလေးထားစရာတွေပါ။ ပထမ၊ စစ်ကောင်စီဟာ အစိုးရဗျူရိုကရေစီယန္တရား၊ ဒေသအုပ်ချုပ်ရေးနဲ့ ရပ်ကျေးအထိ ကောင်းကောင်း လည်ပတ်နိုင်စွမ်းမရှိဘူး။ ဘဏ်စနစ်တွေပျက်ပြီး လူတဦးချင်းကို ငွေထုတ်ပေးဖို့၊ လုပ်ငန်းတွေ ငွေပေးချေလှည့်ပတ်ဖို့ကို ပုံမှန်ဆောင်ရွက်မပေးနိုင် ဖြစ်နေတယ်။ ဘဏ်တွေကို တပ်က သေနတ်နဲ့ခြိမ်းခြောက်ပစ်ခတ် ပြန်ဖွင့်ခိုင်းနေရတော့  ဘဏ်အပေါ် လူတွေရဲ့ ယုံကြည်မှု လုံးဝကျဆင်းသွားတယ်။  အာဏာသိမ်းမှုရဲ့ လက်ငင်းအကျိုးရလဒ်က ခက်ခက်ခဲခဲ လည်ပတ်နေရတဲ့ စီးပွားရေး လုံးဝရပ်တံ့သွားခြင်းပါ။ အချိန်တိုအတွင်း စီးပွားအကြပ်အတည်းတွေဖြစ်လာပြီး လူတွေ သန်းနဲ့ချီ ဆင်းရဲမွဲတေမှု ကြုံရဖို့ ရှိနေတယ်။

ဒုတိယ၊ သွင်းကုန်ထုတ်ကုန်လုပ်ငန်းအများအပြား၊ အကောက်အခွန်၊ ဆိပ်ကမ်း ကုန်တင်ကုန်ချ၊ ရေလမ်းကုန်းလမ်း Supply Chains လုပ်ငန်းတွေ ရပ်သွားပြီး၊ စိုက်ပျိုးရေးသွင်းကုန်တွေ နှောင့်နှေးသွားမယ်။ စျေးကွက်တွေပျက် လူတွေလက်ထဲ ငွေမရှိ၊ အစားအစာမဝယ်နိုင် အငတ်ဘေးကြုံရဖို့တွေ ရှိနေတယ်။  တတိယ၊ ကျန်းမာရေးစနစ် လုံးဝ ပျက်စီးသွားပါတယ်။ ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ စစ်ကောင်စီရဲ့ အဓိကရန်သူဖြစ်နေပြီး ဆေးရုံတွေက တပ်စွဲရာနေရာ ဖြစ်နေတယ်။ ဆေးပစ္စည်းသွင်းကုန်တွေ ပြတ်လပ်ပြီး၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရေး အစီအစဉ်တွေလည်း အားလုံးစနစ်တကျ မရှိတော့ပါ။

စတုတ္ထ၊ ရန်ကုန်အပါအဝင် နိုင်ငံအနှံ့ လက်နက်ပဋိပက္ခတွေ များပြားလာမယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးနဲ့ နယ်မြေတိုးချဲ့ရေး ပိုကြိုးစားလာတယ်။ ငြိမ်းချမ်းရေးရယူပြီးသား လက်နက်ကိုင်အဖွဲ့တွေအဖို့လည်း မိမိလူထုကို အကာကွယ်ပေးရမှု၊ မြို့ပေါ်က ထွက်ပြေး လွတ်မြောက်လာတဲ့  ခေါင်းဆောင်တွေနဲ့ အရပ်သားတွေကို ခိုလှုံခွင့်ပေးမှုတို့ကြောင့် စစ်တပ်နဲ့ ပဋိပက္ခ  ပြန်ဖြစ်ရမှုတွေ  ရှိလာမယ်။ ပဉ္စမအချက်က မြန်မာ့သံယံဇာတဓနဟာ စစ်ဓားပြနဲ့ အပေါင်းအပါတို့လက်ထဲ လုံးဝ ရောက်ရှိနေခြင်းပါ။ ပြီးခဲ့တဲ့အရပ်အသားအစိုးရအနေနဲ့လည်း ဒါကို ထိထိရောက်ရောက် ထိန်းချုပ်ဖို့ မတတ်နိုင်ခဲ့ပါ။ အခု စစ်ကောင်စီရဲ့ အလွဲစီမံမှုတွေအောက်မှာ သစ်၊ ကျောက်မျက်၊ ရေနံသဘာဝဓာတ်ငွေ့နဲ့ မြေကွက်တွေက တရုတ်လို အလစ်နှိုက်မယ့်သူတွေအတွက် ပွဲတော်ကြီးပါ။ 

ဆိုရရင် စစ်ကောင်စီအောက် မြန်မာနိုင်ငံဟာ  အချိန်တိုအတွင်း ကျရှုံးနိုင်ငံဖြစ်ဖို့ အတောင်အလက်စုံလင်နေပြီလို့ ဆိုရပါမယ်။ အလုပ်လက်မဲ့၊ အဂတိလိုက်စားမှု၊ စစ်တပ်နဲ့ရဲရဲ့ နေ့စဉ်အကြမ်းဖက် လုယက် သတ်ဖြတ်မှု၊ ဆန္ဒပြမှု၊ နေရာရွှေ့ပြောင်းနေထိုင်မှု၊ ဒုက္ခသည်တွေ နယ်စပ်စီးဆင်းမှု၊ ပညာရေး ပျက်ပြားမှု၊ စစ်တပ်ကို ခုခံဖို့  လူငယ်တွေ စစ်သင်တန်းပေါင်းစုံ ယူနေမှု၊ စစ်တပ်ဘက်က တရုတ်နည်းပညာတွေ ပိုသုံးလာပြီး လူထုကို မြောက်ကိုရီးယားလို နိုင်ငံတကာနဲ့ အဆက်ဖြတ်မှု၊ စတဲ့ ကျရှုံးနိုင်ငံဖြစ်စေဖို့ အချက်လက်တွေက အလျှံအပယ်ပါပဲ။ 

မြန်မာဟာ အာရှမှာ ကျားမဖြစ်ဘဲ နဂါးမဖြစ်ဘဲ ကျရှုံးနိုင်ငံအဖြစ် ဇာတ်သိမ်းရမှာတော့ ဝမ်းနည်းဖွယ်ကောင်း ပါတယ်။ ရှက်ဖွယ်လည်း ကောင်းပါတယ်။ နိုင်ငံကျရှုံးမှုဟာ နိုင်ငံသားတဦးချင်းစီ ကျရှုံးမှုသာမက မျိုးဆက်တွေ ဆုံးရှုံးမှုဖြစ်တယ်။ ဆေးခန်းထဲက ဆရာဝန်တွေ စာသင်ခန်းထဲက လူငယ်တွေဟာ သေနတ်ကိုင်ဖို့ စွန့်စွန့်စားစား တောတွင်းကို သွားကြရတယ်။ တကမ္ဘာလုံးက ချီးကျူးခဲ့ရတဲ့ Z မျိုးဆက်တွေဟာ အင်တာနက်ကွန်ယက်တွေ ဆန်းသစ်တီထွင်မှုတွေနဲ့ဝေးပြီး စိတ်ဒဏ်ရာတွေနဲ့ မအလတို့အမြတ်ပြတ်အောင် တော်လှန်နေကြရဦးမယ်။ ဆုံးရှုံးသွားသောမျိုးဆက်တွေ ထပ်မဖြစ်စေဖို့ပဲ ဆုတောင်းရမယ်.. 

သုံးလအတွင်း ကျရှုံးနိုင်ငံဆီဦးတည်သွားတာ မင်းအောင်လှိုင်နဲ့ စစ်ကောင်စီအဖွဲ့ဝင်အားလုံးမှာ  တာဝန်ရှိတယ်။ လူ‌ပေါင်း ၈၀၀ နီးပါးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့အမှုလိုပဲ၊ လူ့အဖွဲ့အစည်းကို ကျရှုံးနိုင်ငံဖြစ်သွားအောင် လုပ်တဲ့ပြစ်မှုကို မကြာခင် သမိုင်းတရားခံအဖြစ် ရင်ဆိုင်ရပါမယ်။

ဒီကနေ့ မြန်မာနိုင်ငံသားတိုင်းရဲ့ သမိုင်းတာဝန်က ကိုယ့်နိုင်ငံကို ကျရှုံးနိုင်မဖြစ်အောင် ကာကွယ်ဖို့ ပခုံးပေါ်တာဝန် ကျရောက်လာခြင်းပါ။ ကျရှုံးနိုင်ငံမဖြစ်စေဖို့ တကြောင်းတည်းသောလမ်းက စစ်အာဏာရှင်စနစ်အမြစ်ဖြုတ်ပြီး ဒီမိုကရေစီနည်းကျ ပြည်သူ့အစိုးရ အာဏာ ပြန်ရရှိရေးပါ။ ဒီအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ဖက်ဒရယ်တပ်မတော်၊ CDM လှုပ်ရှားမှု၊ တိုင်းရင်းသားပြည်သူအားလုံးရဲ့ ဒီမိုကရေစီနိုးကြားမှုတို့နဲ့ ဟန်ချက်ညီညီ ရက်စက်ကြမ်းကြုပ်တဲ့ ပြည်ဖျက်ရန်သူကို ဇွဲကောင်းကောင်းနဲ့  ဆက်လက်တိုက်ပွဲဝင်သွားကြဖို့ပဲ ဖြစ်ပါတယ်။ 

ဆောင်းပါးရှင်- ဝင့်ထန်း

Photo Credit- The Economist

7 months Ago
Up