အာရှကော့စမိုပိုလီတန်ဆု

January 15, 2017

သမ္မတဟောင်း ဦးသိန်းစိန် အာရှကော့စမိုပိုလီတန်ဆုယူ

သမ္မတဟောင်း ဦးသိန်းစိန်ဟာ အရှေ့အာရှရဲ့ နိုဘယ်လ်ဆုလို့ တင်စားခေါ်တဲ့ အာရှကော်စမိုပိုလီတန်ဆုကို ဂျပန်နိုင်ငံ၊ နာရာမြို့မှာ ဒီနေ့ လက်ခံရယူခဲ့ပါတယ်။ ဦးသိန်းစိန်ရဲ့ တိုင်းပြည် ပြုပြင်ပြောင်းလဲရေးနဲ့ ဒီမိုကရေစီအပြောင်းအလဲအတွက် အားထုတ်လုပ်ဆောင်ခဲ့တာကို အသိအမှတ်ပြုတဲ့အနေနဲ့ ဒီဆုကိုပေးအပ်ခဲ့တာလို့ အာဆီယံနှင့် အရှေ့အာရှဆိုင်ရာ စီးပွားရေးသုတေသနသိပ္ပံ (အီအာအိုင်အေ) ရဲ့ အွန်လိုင်းစာမျက်နှာမှာ ဖော်ပြထားပါတယ်။ ဆုပေးပွဲအခမ်းအနားမှာ ဦးသိန်းစိန်က “တိုင်းပြည်ကို ငြိမ်းချမ်းစေချင်တယ်၊ အောင်မြင်တဲ့ ဒီမိုကရေစီ နိုင်ငံတော် ဖြစ်စေချင်တယ်၊ လူငယ်တွေအတွက် ကောင်းမွန်တဲ့ အနာဂတ်ကို ဖန်တီးဖို့ ဖွံ့ဖြိုးတိုးတက်တဲ့ တိုင်းပြည်တစ်ခုဖြစ်ပြီး အဲ့ဒီကြွယ်ဝချမ်းသာမှုကို အာရှကို ဝေမျှမယ်” လို့ ပြောသွားပါတယ်။ “နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ပိုမိုအသိအမှတ်ပြုလာမှုနဲ့ ပိတ်ဆို့မှုတွေကို အဆုံးသတ်လိုက်တာကြောင့် တိုင်းပြည်အတွင်းမှာ ဒီမိုကရေစီ စနစ်တွေ ပိုမိုထွန်းကားလာတာ ဖြစ်တယ်” လို့လည်း ဦးသိန်းစိန်က ပြောပါတယ်။ ဒီဆုပေးပွဲကို နာရာကာဆူဂါနို အပြည်ပြည်ဆိုင်ရာဖိုရမ် (IRAKA) မှာ ကျင်းပခဲ့တာဖြစ်ပြီး သံအမတ်တွေအပါအဝင် လူ ၃၅၀ခန့် တက်ရောက်ပါတယ်။ အာဆီယံအထွေအထွေ အတွင်းရေးမှူးဟောင်း ဒေါက်တာ ဆူရင်ပစ်ဆူဝန်က ဦးသိန်းစိန်ကို ပြုပြင်ပြောင်းလဲရေး သမ္မတလို့ ခေါ်ခဲ့ပါတယ်။ ဦးသိန်းစိန်နဲ့အတူ ကိုနန်တက္ကသိုလ်မှ ပါမောက္ခ မာဆာဟီဆာဖူဂျီတာက စီးပွားရေးနဲ့ လူမှုရေးသိပ္ပံဆု၊ ဟိုက်ကူကဗျာဆရာ အိတ်ခ်ျအီးဟာမန်ဗန်ကို သူ့ရဲ့ ဟိုက်ကူကဗျာအတွက် ယဉ်ကျေးမှုဆုတွေ အသီးသီး ချီးမြှင့်ခဲ့ပါတယ်။
5 years Ago

December 9, 2016

သမ္မတဟောင်း ဦးသိန်းစိန် အာရှကော့စမိုပိုလီတန်ဆု ရရှိ

မြန်မာသမ္မတဟောင်း ဦးသိန်းစိန်ကို အာဆီယံနှင့် အရှေ့အာရှဆိုင်ရာ စီးပွားရေးသုတေသနသိပ္ပံ (အီအာအိုင်အေ)က ၂၀၁၆ ခုနှစ်အတွက် အာရှကော့စမိုပိုလီတန် Grand Prize အထူးဆု ရွေးချယ်ပေးအပ်လိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ အသွင်းကူးပြောင်းရေးကာလမှာ ခေါင်းဆောင်မှုပေးခဲ့တဲ့အတွက် မြန်မာ သမ္မတဟောင်းနဲ့ ကြံ့ခိုင်ရေးပါတီခေါင်းဆောင်ဟောင်း ဦးသိန်းစိန်ကို ဆုရွေးချယ်ပေးအပ်ခဲ့တာလို့ ဆုရွေးချယ်ရေးကော်မတီက ကြေညာထားပြီး လာမယ့် ၂၀၁၇ ဇန်န၀ါရီလ ဂျပန်နိုင်ငံမှာ အခမ်းအနားနဲ့ ဆုပေးအပ်မှာဖြစ်ပါတယ်။ ဒီအဖွဲ့အနေနဲ့ နှစ်စဉ် ဆု ၃ မျိုးရွေးချယ်ပေးအပ်ရာမှာ စီးပွားရေးနဲ့ လူမှုသိပ္ပံထူးချွန်ဆုကိုတော့ ပါမောက္ခ မာဆာဟီဆာဖူဂျီတာကရရှိပြီး ယဉ်ကျေးမှုထူးချွန်ဆုကိုတော့ ဂျပန်-အီးယူချစ်ကြည်ရေးသံတမန် ဟာမန် ဗန်ရွမ်ပိုင်က ရရှိသွားပါတယ်။ ဒီဆုဟာ အရှေ့အာရှအသိုင်းအ၀န်း ငြိမ်းချမ်းတည်ငြိမ်ဖွံ့ဖြိုးအောင်၊ ဖွံ့ဖြိုးရေးကွာဟချက် နည်းသွားပါးသွားအောင် သိသာထင်ရှားစွာဆောင်ရွက်ခဲ့တဲ့ ဒေသတွင်းက လူပုဂ္ဂိုလ်တဦးချင်း ဖြစ်ဖြစ် အဖွဲ့အစည်းတွေကိုဖြစ်ဖြစ်ချီးမြှင့်တာဖြစ်ပြီး အရှေ့အာရှရဲ့ နိုဘယ်ဆုလို့လည်း တင်စားခေါ် ပါတယ်။ အာရှကော်စမိုပိုလီတန်ဆုကို အိန္ဒိယ၀န်ကြီးချုပ်ဟောင်း မန်မိုဟန်ဆင်းလည်း ရရှိခဲ့ဖူးပါတယ်။
5 years Ago
Up