အာရှအားကစားပြိုင်ပွဲ

September 6, 2018

အာရှအားကစားပြိုင်ပွဲတွင် ဆုတံဆိပ်မရခဲ့သည့်အတွက် လှေလှော်အဖွဲ့ချုပ်ဥက္ကဋ္ဌ တောင်းပန်

အာရှအားကစားပြိုင်ပွဲမှာ လှေလှော်အားကစားအဖွဲ့ ရခဲ့တဲ့ ရလဒ်တွေနဲ့ပတ်သက်လို့ မိမိမှာ တာဝန်အရှိဆုံးဖြစ်ပြီး ပြည်သူတွေမျှော်လင့်တဲ့ ရွှေတံဆိပ် ရယူနိုင်ခြင်းမရှိတာ တောင်းပန်တယ်လို့ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်းက ပြောပါတယ်။ ၁၈ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကို သြဂုတ် ၁၈ ရက်ကနေ စက်တင်ဘာ ၂ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပခဲ့ပြီး လှေလှော်အားကစားအဖွဲ့ ရရှိခဲ့တဲ့ ရလဒ်တွေနဲ့ ပတ်သက်လို့ သတင်းစာရှင်းလင်းပွဲကို စက်တင်ဘာ ၅ ရက်က မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်မှာ ကျင်းပခဲ့ရာမှာ ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်းက အဲဒီလို တောင်းပန်စကား ပြောကြာခဲ့တာပါ။ မြန်မာလှေလှော်အဖွဲ့ဟာ အနောက်တိုင်းလှေ၊ ကနူး/ကယက်လှေနဲ့ ရိုးရာလှေပြိုင်ပွဲ သုံးမျိုးစလုံးမှာ ဝင်ယောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုတံဆိပ် ရယူနိုင်ခြင်း မရှိခဲ့ပါဘူး။ အနောက်တိုင်းလှေနဲ့ ကနူး/ကယက်ပြိုင်ပွဲတွေမှာ စံချိန်ကောင်းမရခဲ့သလို ရွှေတံဆိပ်ရဖို့ မျှော်မှန်းထားတဲ့ ရိုးရာလှေပြိုင်ပွဲတွေမှာလည်း နောက်ဆုံးအဆင့်ပြိုင်ပွဲအထိ တက်ခဲ့ပေမယ့် ဆုတံဆိပ် ရယူနိုင်ခြင်း မရှိခဲ့တာပါ။ ပြိုင်ပွဲအနေအထားအရ ကစားရတဲ့ လှေအမျိုးအစား မတူညီတာ အပါအဝင် နည်းစနစ်ပိုင်းလိုအပ်တာ၊ ပြိုင်ဘက်တွေနဲ့ ကြံ့ခိုင်မှုပိုင်း မယှဉ်နိုင်တာနဲ့ ကစားသမားတွေ အသက်အရွယ်အရ အကျပိုင်း ရောက်နေတာတွေကြောင့်လည်း ဆုရနိုင်တဲ့စံချိန် မရခဲ့တာလို့ ဦးသောင်းထိုက်မင်းက ပြောပါတယ်။ မီတာ ၁၀၀၀ ရိုးရာလှေပြိုင်ပွဲမှာ မြန်မာအသင်းက ၄ မိနစ် ၄၃ စက္ကန့်နဲ့ ပန်းဝင်ခဲ့ပြီး လေ့ကျင့်စဉ်က ရရှိထားတဲ့ ၄ မိနစ် ၃၆ ဒသမ ၃၈ စက္ကန့်စံချိန်ကို မမီခဲ့တာကြောင့်လည်း ဆုတံဆိပ်နဲ့ လွဲခဲ့တာပါ။ မီတာ ၁၀၀၀ ပြိုင်ပွဲမှာ တရုတ်တိုင်ပေက ၄ မိနစ် ၃၁ ဒသမ ၁၈၅ စက္ကန့်နဲ့ ချန်ပီယံရွှေတံဆိပ် ရခဲ့တာဖြစ်ပါတယ်။ မြန်မာအသင်းအနေနဲ့ ၂၀၁၃ ဆီးဂိမ်းတုန်းက ၄ မိနစ် ၃၁ ဒသမ ၁၁ စက္ကန့်နဲ့ ရွှေတံဆိပ်ရခဲ့ဖူးပြီး ချန်ပီယံ တရုတ်တိုင်ပေထက် စံချိန်ကောင်းခဲ့ပေမယ့် အခုပြိုင်ပွဲမှာ စံချိန်မထိန်းနိုင်ခဲ့လို့ ဆုတံဆိပ်တွေနဲ့ လွဲချော်ခဲ့တာပါ။ အာရှအားကစားပြိုင်ပွဲမှာ မြန်မာနိုင်ငံက အားကစားနည်း ၈ မျိုး ဝင်ပြိုင်ခဲ့ပြီး ဝူရှူးနဲ့ ပိုက်ကျော်ခြင်းကနေ ကြေးတံဆိပ် ၂ ခုပဲ ရခဲ့လို့ အဆင့် ၃၅ အထိကျဆင်းခဲ့ပြီး ၁၉၉၄ ဂျပန်အာရှအားကစားပြိုင်ပွဲပြီးနောက်ပိုင်း ၂၄ နှစ်အတွင်းမှာ အဆိုးရွားဆုံး ရလဒ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
3 years Ago

September 3, 2018

အာရှအားကစားပြိုင်ပွဲတွင် မြန်မာ ကြေးတံဆိပ် ၂ ခုသာရ၊ ၂၄ နှစ်အတွင်း အဆိုးဆုံးဖြစ်

သြဂုတ် ၁၈ ရက်ကနေ စက်တင်ဘာ ၂ ရက်အထိ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာရှအားကစားပြိုင်ပွဲမှာ မြန်မာနိုင်ငံက ကြေးတံဆိပ် ၂ ခုသာ ရယူနိုင်ခဲ့ပြီး နှစ်ပေါင်း ၂၄ နှစ်အတွင်း အဆိုးရွားဆုံးရလဒ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ အာရှအားကစားပြိုင်ပွဲမှာ နိုင်ငံပေါင်း ၄၆ နိုင်ငံ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာနိုင်ငံက အဆင့် ၃၅ နေရာမှာ ရပ်တည်ခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဂျပန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ၁၉၉၄ အာရှအားကစား ပြိုင်ပွဲမှာလည်း ကြေးတံဆိပ် ၂ ခုသာ ရရှိခဲ့ပြီး ၂၄ နှစ်အတွင်းမှာ အဆိုးရွားဆုံး ရပ်တည်မှုအဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။ မြန်မာအားကစားအဖွဲ့ဟာ ဒီနှစ်ပြိုင်ပွဲမှာ ပိုက်ကျော်ခြင်း၊ လှေလှော်၊ သေနတ်ပစ်၊ ဘော်လီဘော၊ ဝူရှူး၊ တိုက်ကွမ်ဒို၊ မြားပစ်နဲ့ ဘောလုံးပြိုင်ပွဲ စုစုပေါင်း ၈ မျိုး ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။ ကြေးတံဆိပ် ၂ ခုကို ဝူရှူးပြိုင်ပွဲကနေ ငြိမ်းချမ်းကိုကိုက တခု၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲကနေ တခု ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပြိုင်ပွဲအပြီးမှာ ရွှေ ၁၃၂ ခု၊ ငွေ ၉၂ ခု၊ ကြေး ၆၅ ခုနဲ့ စုစုပေါင်းဆုတံဆိပ် ၂၈၉ ခု ရခဲ့တဲ့ တရုတ်နိုင်ငံက နိုင်ငံအလိုက် အဆင့် ၁ နေရာမှာ ရပ်တည်ခဲ့ပါတယ်။ တရုတ်ရဲ့နောက်မှာ ဂျပန်က ရွှေ ၇၅ ခုနဲ့ ဒုတိယ၊ တောင်ကိုရီးယားက ရွှေ ၄၉ ခုနဲ့ တတိယ၊ အိမ်ရှင် အင်ဒိုနီးရှားက ရွှေ ၃၁ ခုနဲ့ စတုတ္ထနေရာတွေမှာ အသီးသီး ရပ်တည်ခဲ့ပါတယ်။ မြန်မာနိုင်ငံကတော့ ကြေးတံဆိပ် ၂ ခုပဲရခဲ့လို့ ပါကစ္စတန်၊ ဆီးရီးယား၊ အာဖဂန်နစ္စတန်နိုင်ငံတွေနဲ့အတူ ဆုတံဆိပ်ရရှိမှု အဆင့်အလိုက်မှာ အောက်ဆုံးနားက ရပ်တည်ခဲ့ပါတယ်။
3 years Ago

အာရှအားကစားပြိုင်ပွဲ ကျင်းပပြီးစီး၊ တရုတ်က ရွှေတံဆိပ် ၁၃၂ ခုဖြင့် ထိပ်ဆုံးမှရပ်တည် (ရုပ်သံ)

အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာရှိ ဂလော်ရာဘုကာနို အားကစားကွင်းမှာ စက်တင်ဘာ ၂ ရက်နေ့က ၁၈ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားမှာ အာရှအိုလံပစ်ကောင်စီ ဥက္ကဋ္ဌက ဒီအာရှအားကစားပြိုင်ပွဲကို သမိုင်းဝင် အောင်မြင်မှုအဖြစ် ဂုဏ်ပြုပြောကြားခဲ့ပါတယ်။ အဲဒီ ပိတ်ပွဲအခမ်းအနားမှာ ကိုရီးယားနှစ်နိုင်ငံ ပေါင်းစည်းအားကစားအသင်းဟာလည်း အလံတခုတည်းအောက်မှာ အတူချီတက်ခဲ့ပါတယ်။ ဒီနောက် အာရှအားကစားပြိုင်ပွဲ အထိမ်းအမှတ်ကျိုင်းကို နောင် ၄ နှစ်အကြာမှာ အာရှအားကစားပြိုင်ပွဲ လက်ခံကျင်းပမယ့် တရုတ်နိုင်ငံကို လွှဲပြောင်းပေးခဲ့ပါတယ်။ အခုကျင်းပခဲ့တဲ့ ၁၈ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲမှာ နိုင်ငံပေါင်း ၄၅ နိုင်ငံက အားကစားသမား ၁၁,၀၀၀ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ နိုင်ငံအလိုက် ဆုတံဆိပ်ရရှိမှုမှာတော့ တရုတ်နိုင်ငံက ရွှေတံဆိပ် ၁၃၂ ခုနဲ့ ထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ အဲဒီနောက် ဂျပန်နိုင်ငံက ရွှေတံဆိပ် ၇၅ ခုနဲ့ ဒုတိယ၊ တောင်ကိုရီးယားက ရွှေတံဆိပ် ၄၉ ခုနဲ့ တတိယ၊ အိမ်ရှင် အင်ဒိုနီးရှားကတော့ ရွှေတံဆိပ် ၃၁ ခုနဲ့ စတုတ္ထနေရာ ရခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
3 years Ago

ဂျပန်ရေကူးမယ် အီကာ ကိုအီကဲ တန်ဖိုးအထားရဆုံး ကစားသမားဆုရ ပထမဆုံးအမျိုးသမီး ဖြစ်လာ

ဂျပန်ရေကူးမယ် အီကာ ကိုအီကဲဟာ အာရှအားကစားပြိုင်ပွဲ ရေကူးပြိုင်ပွဲ ပွဲစဉ်တွေမှာ ရွှေတံဆိပ်အများဆုံး ဆွတ်ခူးပြီးနောက် စက်တင်ဘာ ၂ ရက်နေ့က တန်ဖိုးအထားရဆုံး ကစားသမားဆု (MVP) ရရှိတဲ့ ပထမဆုံး အမျိုးသမီး အားကစားသမား ဖြစ်လာပါတယ်။ အသက် ၁၈ နှစ်အရွယ် အီကာ ကိုအီကဲဟာ လက်ဆင့်ကမ်း ရေကူးပြိုင်ပွဲမှာ ရွှေတံဆိပ် ၆ ခုနဲ့ ငွေတံဆိပ် ၂ ခု ရရှိခဲ့ပြီး သူဟာ ၃၆ နှစ်တာအတွင်း ဆုတံဆိပ် ၈ ခုရခဲ့တဲ့ ပထမဆုံးပုဂ္ဂိုလ် ဖြစ်လာပါတယ်။ ၁၉၈၂ ခုနှစ်က နယူးဒေလီမှာ ပြုလုပ်တဲ့ အာရှအားကစားပြိုင်ပွဲအတွင်း မြောက်ကိုရီးယား သေနတ်ပစ်ကစားသမား ဆိုဂီမင်ဟာ ရွှေတံဆိပ် ၇ ခု၊ ငွေတံဆိပ် ၁ ခု ရခဲ့ဖူးပါတယ်။ ဒီအတွက် ရေကူးမယ် ကိုအီကဲဟာ သေနတ်ပစ်ကစားသမား ဆိုဂီမင်နဲ့ ဆုတံဆိပ် အရေအတွက်ချင်း တူသွားပါတယ်။ တန်ဖိုးအထားရဆုံး ကစားသမားဆုရသူ ကိုအီကဲက ဆုလက်ခံရရှိတဲ့အတွက် ဂုဏ်ယူကြောင်းနဲ့ လာမယ့် ၂၀၂၀ တိုကျိုအိုလံပစ်ပွဲအတွက် သူ့ရဲ့ စွမ်းဆောင်ရည် တိုးတက်အောင် ကြိုးပမ်းဖို့ ရည်မှန်းထားကြောင်း ပြောကြားခဲ့ပါတယ်။
3 years Ago
More News
Up