အာရှယူ၁၉အမျိုးသမီးချန်ပီယံရှစ်ခြေစစ်ပွဲ

April 29, 2019

မြန်မာအသင်းကို တကယ့်ကို ခက်ခဲစွာ ကစားခဲ့ရပါတယ် - သြစတြေးလျနည်းပြ

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ အာရှ ယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ် ခြေစစ်ပွဲစဉ်အဖြစ် သြစတြေးလျနဲ့ မြန်မာအသင်းတို့ မနေ့ညနေက ယှဉ်ပြိုင်ရာ သြစတြေးလျအသင်းက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ အိမ်ရှင် မြန်မာယူ-၁၉ အမျိုးသမီးအသင်းဟာ အင်အားကြီးအသင်းဖြစ်တဲ့ သြစတြေးလျ အသင်းကို သူတင်ကိုယ်တင် အပြန်အလှန် တိုက်စစ်ဆင် ကစားနိုင်ခဲ့ပါတယ်။ အဖွင့်ဂိုးကို ပထမပိုင်း ပြီးခါနီးမှာ သြစတြေးအသင်းက သွင်းယူပြီး ပွဲကို ဦးဆောင်ထားနိုင်ပါတယ်။ ဒုတိယပိုင်း ပြန်စပြီး ၄၆ မိနစ်မှာပဲ သြစတြေးလျအသင်း ဒုတိယဦးဆောင်ဂိုး ရခဲ့ပေမယ့် ပွဲချိန် ၆၇ မိနစ်မှာ မြတ်နိုးခင်က မြန်မာအသင်းအတွက် ချေပဂိုးတဂိုး ပြန်သွင်းပေးခဲ့ပါတယ်။ သြစတြေးလျအသင်းအတွက် တတိယဂိုးကို ပွဲချိန် ၈၃ မိနစ်မှာ သွင်းယူပြီး ပွဲအပြီးမှာ သြစတြေးလျက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ပွဲအပြီးမှာ သြစတြေးလျနည်းပြ ဗန်အက်မန်နိုက "အားလုံးတွေ့ကြတဲ့ အတိုင်းပါပဲ ကျနော်တို့အနေနဲ့ မြန်မာအသင်းကို တကယ့်ကို ခက်ခဲစွာ ကစားခဲ့ရပါတယ်။ မြန်မာအသင်းက သိပ်ကို တိုးတက်လာခဲ့တာပါ။ အခြေအနေတွေ၊ နိုင်ငံတကာ အတွေ့အကြုံတွေ အစရှိသဖြင့် ဘာပဲဖြစ်ဖြစ် ဒီခြေစစ်ပွဲက လူငယ်တွေအတွက် သိပ်ကိုအကျိုးရှိစေခဲ့ပါတယ်" လို့ပြောကြောင်း မြန်မာဘောလုံးအဖွဲ့ချုပ်ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ အလားတူ မြန်မာအမျိုးသမီးအသင်း နည်းပြချုပ် ဒေါ်သက်သက်ဝင်းကလည်း ဒီနေ့ပွဲရလဒ်အတွက် ပရိသတ်ကို တောင်းပန်ကြောင်း ပြောကြားခဲ့ပါတယ်။ "ဒီနေ့ပွဲရလဒ် မကောင်းခဲ့တဲ့အတွက် ပရိသတ်ကို တောင်းပန်ပါတယ်။ အကောင်းဆုံး ကြိုးစားကစားပေးခဲ့တဲ့ ကစားသမားတွေကို ချီးကျူးလိုပါတယ်။ သြစတြေးလျအသင်းရဲ့ အားသာချက်တွေကို အကောင်းဆုံးကာကွယ်ဖို့ ကြိုးစားပြီး ဒီနေ့ပွဲမှာ ရလဒ်ကောင်းဖို့ ကြိုးစားခဲ့ပေမယ့် အဆုံးသတ်ပိုသေချာတဲ့ သြစတြေးလျအသင်းက အနိုင်ရလဒ် ပိုင်ဆိုင်သွားခဲ့တာပါ။ ဒီနေ့ပွဲမှာ မြန်မာအသင်းရခဲ့တဲ့ အခွင့်အရေးတွေကို အပိုင်အသုံးချနိုင်ရင် ဒီနေ့ အနိုင်ရလဒ်တောင် ဖြစ်သွားနိုင်ပါတယ်။ နောက်ဆုံးယှဉ်ပြိုင်ကစားမယ့် အဓိကပွဲစဉ်ဖြစ်တဲ့ နီပေါအသင်းနဲ့ ပွဲစဉ်အတွက် အသင်းရဲ့ အဓိက ကစားသမားတချို့ကို အနားပေးထားခဲ့ပါတယ်။ နောက်ဆုံးပွဲစဉ်မှာ အကောင်းဆုံးကြိုးစားသွားမှာပါ။" ဒီအုပ်စုမှာ သြစတြေးလျအသင်းက နှစ်ပွဲကစား နှစ်ပွဲနိုင် ၆ မှတ်နဲ့ အုပ်စုကို ဦးဆောင်ထားနိုင်ပါတယ်။ မြန်မာအသင်းက အုပ်စုတွင်း နှစ်ပွဲကစားအပြီး ရမှတ် ၃ မှတ်နဲ့ ဥဇဘက်ကစ္စတန်နဲ့ ရမှတ်ချင်းတူ၊ ဂိုးကွာခြားချက် နည်းပေမယ့် Head to Head စည်းမျဉ်းအရ ဥဇဘက်ကစ္စတန်ကို အနိုင်ရထားတဲ့အတွက် အုပ်စု ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ ဒါကြောင့် လာမယ့် ဧပြီ ၃၀ ရက်နေ့ နီပေါအသင်းနဲ့ ယှဉ်ပြိုင်တဲ့ပွဲစဉ်မှာ မြန်မာအသင်း အနိုင်ရပါက အုပ်စု ဒုတိယနေရာကနေ ခြေစစ်ပွဲအောင်မြင်မှာ ဖြစ်ပါတယ်။
2 years Ago
Up