အာရှဖလား

February 2, 2019

ဂျပန်ကိုအနိုင်ယူပြီး ကာတာအသင်း အာရှဖလား ပထမဆုံးအကြိမ် ဗိုလ်စွဲ (ရုပ်သံ)

ယူအေအီးနိုင်ငံမှာ မနေ့ညက ကျင်းပခဲ့တဲ့ ၂၀၁၉ အာရှဖလားပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲမှာ ကာတာအသင်းက ဂျပန်အသင်းကို ၃-၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။ ဂျပန်အသင်းဟာ အာရှရဲ့ ပြိုင်ဘက်ကင်းချန်ပီယံဘွဲ့ခံယူဖို့ ငါးကြိမ်မြောက် အာရှဖလား ရရှိရေး ကြိုးပမ်းခဲ့ပေမယ့် ကာတာအသင်းရဲ့ နည်းဗျူဟာကောင်းမွန်မှုကြောင့် ဗိုလ်လုပွဲမှာ ဒုတိယနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ဘောလုံးပိုင်ဆိုင်မှုမှာလည်း ကာတာအသင်းက ၆၁ ရာခိုင်နှုန်းအထိ အသာစီးယူကစားနိုင်ခဲ့ပါတယ်။ ကာတာကတော့ ပထမဆုံးအကြိမ် အာရှဖလားကို ရရှိခဲ့တာကြောင့် သမိုင်းသစ် ရေးထိုးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဂျပန်အသင်းရော ကာတာအသင်းပါ ရာနှုန်းပြည့်နိုင်ပွဲနဲ့ ဗိုလ်လုပွဲထိ ရောက်ရှိလာခဲ့တာဖြစ်ပြီး ပွဲကလည်း အားလုံးမျှော်လင့်သလို ပွဲကောင်းဖြစ်ခဲ့ပါတယ်။ ကာတာအသင်းဟာ ပွဲကစားချိန် ၁၂ မိနစ်နဲ့ ၂၇ မိနစ်တို့မှာ ဦးဆောင်ဂိုးတွေ ရရှိခဲ့ပါတယ်။ ဂျပန်အသင်းအတွက် ဒုတိယပိုင်းမှာ မီနာမီနိုရဲ့ လှပတဲ့ချေပဂိုးနဲ့ မျှော်လင့်ချက်တွေ ပေါ်လာခဲ့ပေမယ့် အသင်းခေါင်းဆောင် ယိုရှိဒါလက်ထိခဲ့လို့ ပင်နယ်တီ ပေးခဲ့ရပါတယ်။ ကာတာတိုက်စစ်မှူး အက်ကရန်အာဖစ်က အမှားအယွင်းမရှိ သွင်းယူသွားခဲ့လို့ ကာတာတို့ အနိုင်သေချာပြီး ပွဲအပြီးမှာ ၃ ဂိုး ၁ ဂိုးဆိုတဲ့ ရလဒ်နဲ့ အာရှရဲ့ ချန်ပီယံသစ်ဖြစ်လာခဲ့ပါတယ်။ ကာတာဟာ ၂၀၂၂ ခုနှစ်မှာ ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်လို့ ငွေအား၊ လူအားအလုံးအရင်းနဲ့ အားထုတ်ကြိုးပမ်းခဲ့ပြီးတော့ ၂၀၂၂ ခုနှစ်အတွက် အခုဖလားဟာ အားအင်တခုဖြစ်လာမယ်လို့ ဘောလုံးကျွမ်းကျင်သူတွေက သုံးသပ်နေကြပါတယ်။
2 years Ago

January 23, 2019

အာရှဖလား ကွာတားဖိုင်နယ်ပွဲစဉ် ဗီယက်နမ်နှင့် ဂျပန် ယှဉ်ပြိုင်မည်

ယူအေအီးနိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၁၉ အာရှဖလား ဘောလုံးပြိုင်ပွဲ ရှုံးထွက်ပွဲစဉ်တွေ မနေ့ညက ဆက်လက်ယှဉ်ပြိုင်ရာ တောင်ကိုရီးယားက ဘာရိန်းကို ၂ ဂိုး ၁ ဂိုးနဲ့ ကာတာက အီရတ်ကို ၁ ဂိုး ဂိုးမရှိနဲ့ အသီးသီးနိုင်ပြီး ကွာတားဖိုင်နယ် တက်သွားပါတယ်။ ကွာတားဖိုင်နယ် ပွဲစဉ်တွေကို ဇန်နဝါရီ ၂၄ ရက် မနက်ဖြန် စတင်ကျင်းပမှာဖြစ်ပြီး ဗီယက်နမ်နဲ့ ဂျပန်၊ တရုတ်နဲ့ အီရန်အသင်းတွေ ယှဉ်ပြိုင်ကစားကြရမှာ ဖြစ်ပါတယ်။ ဇန်နဝါရီ ၂၅ ရက်မှာတော့ တောင်ကိုရီးယားနဲ့ ကာတာ၊ ယူအေအီးနဲ့ သြစတြေးလျ အသင်းတွေ ယှဉ်ပြိုင်ကစားကြမှာပါ။ ဒီပြိုင်ပွဲမှာ အရှေ့တောင်အာရှဒေသ အာဆီယံအသင်းတွေထဲက ဗီယက်နမ်အသင်း  တသင်းပဲ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဗီယက်နမ်အသင်းဟာ ရှုံးထွက်အဆင့်ပွဲစဉ်မှာ ဂျော်ဒန်ကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရပြီး နောက်တဆင့်တက်လာတာဖြစ်ပြီး ဒီနိုင်ပွဲကြောင့် ဗီယက်နမ်နိုင်ငံတဝန်း ဘောလုံးပရိသတ်တွေ အောင်ပွဲခံခဲ့ကြပါတယ်။
3 years Ago
Up