အာရှတွင် အမျိုးသမီးလေယာဉ်မှူး ပိုများလာ

January 19, 2016

အာရှတွင် အမျိုးသမီးလေယာဉ်မှူး ပိုများလာ

သတ်မှတ်ထုံးတမ်းအစဉ်အလာ ယဉ်ကျေးမှုတွေကို ကျော်ဖြတ်ပြီး အာရှမှာ အမျိုးသမီး လေယာဉ်မှူးတွေ ပိုမိုများပြားလာပါတယ်။ အရင်က အမျိုးသားတွေ လွှမ်းမိုးထားတဲ့ ဒီနေရာတွေမှာ အမျိုးသမီးတွေက နောက်ပိုင်း ပိုမို နေရာယူနိုင်လာပါတယ်။ အိန္ဒိယမှာ အမျိုးသမီးလေယာဉ်မှူး ၁၂ ရာခိုင်နှုန်းနီးပါးရှိပြီး အသစ်ချပေးတဲ့ လေယာဉ်မှူး လိုင်စင်ရဲ့ ၁၅ ရာခိုင်နှုန်းကို အမျိုးသမီးတွေက ရယူထားတယ်လို့ ထိုင်းဘန်ကောက်ပို့စ်သတင်းက ရေးပါတယ်။ ထိုင်းမှာတော့ အမျိုးသမီး ၆၇ ဦးဟာ စီးပွားဖြစ် လေကြောင်းလိုင်းတွေမှာ ကပ္ပတိန် ဒါမှမဟုတ် အရာရှိတာဝန်ကို ယူထားပြီး ပြေးဆွဲနေတယ်လို့ ဆိုပါတယ်။ အရင် ၁၀ နှစ်ကတော့ အမျိုးသမီးလေယာဉ်မှူး လက်တဆုပ်စာပဲ ရှိခဲ့တယ်လို့လည်း သတင်းက ရေးပါတယ်။ လေယာဉ်မှူး လိုအပ်ချက်တွေ များလာတဲ့အတွက် အမျိုးသမီး လေယာဉ်မှူးတွေကို ပိုမိုခန့်အပ်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ကမ္ဘာတ၀န်းလုံးမှာတော့ အမျိုးသမီးလေယာဉ်မှူး အရေအတွက်က ၃ ရာခိုင်နှုန်းလောက်ပဲ ရှိနေတယ်လို့ ဆိုပါတယ်။ အမျိုးသား လေယာဉ်မှူး ၁ သိန်း ၃ သောင်းမှာ အမျိုးသမီးက ၄၀၀၀ လောက်ပဲရှိနေတာ ဖြစ်ပါတယ်။ ထိုင်းမှာလည်း အရင်က အမျိုးသမီးလေယာဉ်မှူး မခန့်ခဲ့တဲ့ ထိုင်းလိုင်းယင်းနဲ့ နုတ်ခ်အဲ လေကြောင်းလိုင်းတွေကလည်း အမျိုးသမီးတွေကို ခန့်အပ်လာပါတယ်။ လိုင်းယင်းမှာတော့ အမျိုးသမီးလေယာဉ်မှူး ၁၁ ဦးအထိ ရှိနေသလို နုတ်ခ်အဲမှာတော့ ၇ ဦးအထိ ရှိလာပါတယ်။ ၂၀၀၀ ကနေ ၂၀၁၀ ခုနှစ်မှာတော့ အမေရိကန်မှာ အမျိုးသမီး လေယာဉ်မှူးက ၁၉ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။ လာမယ့်နှစ်တွေမှာ အမျိုးသမီးလေယာဉ်မှူးတွေ ပိုများလာဖို့ ဗြိတိန်က အီးဇီးဂျက် လေကြောင်းလိုင်းကလည်း ဆောင်ရွက်နေပါတယ်။
6 years Ago
Up