အာရပ်ခေါင်းဆောင်

April 1, 2019

ဂိုလန်ကုန်းမြင့်အရေး လုံခြုံရေးကောင်စီ အဆုံးအဖြတ်ရရန် ကြိုးစားမည်ဟု အာရပ်ခေါင်းဆောင်များ ပြော

ဂိုလန်ကုန်းမြင့်ဒေသကို အစ္စရေးပိုင်အဖြစ် အမေရိကန်က အသိအမှတ်ပြုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အဆုံးအဖြတ်ကို ရဖို့ ကြိုးစားသွားမယ်လို့ အာရပ်ခေါင်းဆောင်တွေက မတ်လ ၃၁ ရက်နေ့မှာ ပြောပါတယ်။ တူနီးရှားနိုင်ငံ မြို့တော် တူနီစ်မှာ ပြုလုပ်တဲ့ အာရပ်ညီလာခံမှာ အာရပ်ခေါင်းဆောင်တွေက အခုလို ပြောကြားလိုက်တာပါ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂိုလန်ကုန်းမြင့်ဒေသကို အစ္စရေးပိုင်အဖြစ် အသိအမှတ်ပြုတဲ့ ကြေညာချက်ကို ပြီးခဲ့တဲ့အပတ်က လက်မှတ်ထိုးခဲ့ပါတယ်။ အစ္စရေးဟာ ၁၉၆၇ စစ်ပွဲအတွင်း ဂိုလန်ကုန်းမြင့်ဒေသကို ဆီးရီးယားဆီကနေ ကျူးကျော်သိမ်းပိုက်ခဲ့ပေမယ့် ကုလသမဂ္ဂက အသိအမှတ် မပြုခဲ့ပါဘူး။ ဆီးရီးယားအရေးနဲ့ ပတ်သက်တဲ့ ဘယ်လိုဖြေရှင်းချက်မှာမဆို သိမ်းပိုက်ခံ ဂိုလန်ကုန်းမြင့် ဒေသ အပါအဝင် ဆီးရီးယားရဲ့ နယ်မြေအုပ်ချုပ်ရေး၊ အချုပ်အခြာအာဏာ စတဲ့ အချက်အလက်တွေ ပါရမယ်လို့ အာရပ်ညီလာခံကို တက်ရောက်လာတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကလည်း ပြောခဲ့ပါတယ်။ အမေရိကန်ရဲ့ ဆုံးဖြတ်ချက်က အဓိပ္ပာယ်မရှိဘူးလို့ အာရပ်နိုင်ငံများအဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူးချုပ် အာမတ် အဘူ အယ်လဟီကလည်း ဝေဖန်ခဲ့ပါတယ်။ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ အာရပ်ညီလာခံမှာ ဂိုလန်ကုန်းမြင့်ဒေသအရေးက အဓိက လွှမ်းမိုးခဲ့တယ်လို့ သုံးသပ်သူတွေက ခန့်မှန်းကြပါတယ်။ ဒါ့အပြင် ၁၉၆၇ စစ်ပွဲအတွင်း အစ္စရေး သိမ်းပိုက်ခဲ့တဲ့ အနောက်ဘက်ကမ်းပါးဒေသနဲ့ ဂါဇာဒေသတို့ လွတ်လပ်ရေးရဖို့ ပါလက်စတိုင်းတွေ တောင်းဆိုနေတာကိုလည်း အဲဒီညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။ တယောက်အရေးကို တယောက် ဝင်မစွက်ဖက်ရေးမူကို အခြေခံပြီး အာရပ်အဖွဲ့ဝင် မဟုတ်တဲ့ အီရန်နဲ့ ပူးပေါင်းဖို့ ဆော်ကြရင်း အာရပ်ညီလာခံကို အဆုံးသတ်ခဲ့ကြပါတယ်။
2 years Ago
Up