အာမေးနီးယားနှင့်အဇာဘိုင်

October 17, 2020

အာမေးနီးယားနှင့်အဇာဘိုင်ဂျန် တိုက်ပွဲဖြစ်၊ လက်နက်ကြီးကျသဖြင့် ၁၀ ဦးသေဆုံး

အဇာဘိုင်ဂျန်ရဲ့ ဒုတိယအကြီးဆုံး ဂန်ဂျာမြို့ဟာ အောက်တိုဘာ ၁၇ ရက်က ဒုံးကျည်နဲ့ တိုက်ခိုက်ခံရတဲ့အတွက် လူ ၁၀ ယောက် ထက်မနည်း သေဆုံးခဲ့ပါတယ်။  ဒါ့အပြင် အယောက် ၄၀ ဒဏ်ရာရပြီး  ကယ်ဆယ်ရေးသမားတွေက အသက်ရှင်သူတွေကို ရှာဖွေနေပါတယ်။  လူနေအဆောက်အအုံတွေကို အာမေးနီးယား တိုက်ခိုက်တယ်လို့ အဇာဘိုင်ဂျန်က စွပ်စွဲ လိုက်ပြီး  ရုရှားကြားဝင် စေ့စပ်ထားတဲ့ နှစ်ဖက် အပစ်အခတ်ရပ်စဲရေးဟာလည်း လုံး၀ ပျက်ပြယ်သွားခဲ့ပါတယ်။  အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့ကြား  အောက်တိုဘာ ၁၆ ရက်က တိုက်ပွဲသစ်တွေ ဖြစ်ပွားခဲ့ပါတယ်။  အခုဖြစ်နေတဲ့ တိုက်ပွဲတွေဟာ ၁၉၉၀ စစ်ပွဲနောက်ပိုင်း အဆိုးဆုံးလည်း ဖြစ်ပါတယ်။  နှစ်ဖက်စလုံးကလည်း တဖက်ကိုတဖက် တိုက်ခိုက်မှု အသစ်တွေ လုပ်တယ်ဆိုပြီး စွပ်စွဲ ထားတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။ 
7 months Ago

October 11, 2020

အပစ်အခတ်ရပ်စဲရေး ချိုးဖောက်မှု အာမေးနီးယားနှင့်အဇာဘိုင်ဂျန် အပြန်အလှန်စွပ်စွဲ

နာဂေါ်နိုခါရာဘတ်ဒေသထဲမှာ အပစ်အခတ် ရပ်စဲရေး သတ်မှတ်ချက်တွေကို အမြန်နဲ့ ပြင်းပြင်းထန်ထန် ချိုးဖောက်မှုအတွက် အောက်တိုဘာ ၁၀ ရက်က အာမေးနီးယားနဲ့ အဇာဘိုင်ဂျန် အစိုးရတို့ အပြန်အလှန် စွပ်စွဲခဲ့ကြပါတယ်။ ဒါကြောင့် ရုရှားက ကြားဝင်ဖျန်ဖြေထားတဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်က ဘယ်လောက် အဓိပ္ပာယ်ရှိမလဲ၊ ဘယ်လိုဖြစ်လာမလဲဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်နေပါတယ်။  ရုရှသမ္မတ ဗလာဒီမီယာ ပူတင်ရဲ့ ညှိနှိုင်းချက်အရ မြို့တော်မော်စကိုမှာ ၁၀ နာရီ ဆက်တိုက်ကြာတဲ့ ညှိနှိုင်းမှုအပြီး အောက်တိုဘာ ၁၀ ရက်က သဘောတူခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးဟာ ၂ နိုင်ငံတပ်တွေ အလောင်းချင်းလဲဖို့နဲ့ စစ်သုံ့ပန်းလဲဖို့ တိုက်ပွဲတွေ ရပ်ရေး ရည်မှန်းထားတာပါ။  နေမွန်းတည့်ချိန်မှာ အပစ်အခတ်ရပ်စဲရေး စတင်အာဏာ သက်ရောက်ပြီး မိနစ်ပိုင်း အတွင်းမှာပဲ သဘောတူညီချက်ကို ချိုးဖောက်တယ်လို့ ၂ ဖက်စလုံးက အပြန်အလှန် စွပ်စွဲခဲ့ကြပါတယ်။ စစ်ကားတွေကို ချိန်ရွယ်ပစ်ခတ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ရိုက်ထားတဲ့ ရုပ်သံ တွေ အတော်များများကို အဇာဘိုင်ဂျန်ကာကွယ်ရေးဝန်ကြီးဌာနက အင်တာနက်ပေါ် တင်ခဲ့ ပါတယ်။ ဒါပေမယ့် နေရာနဲ့ ရက်စွဲ အတိအကျကိုတော့ ဖော်ပြ ရည်ညွှန်းမထားပါဘူး။  စက်တင်ဘာ ၂၇ ကစတဲ့ တောင်ပေါ်စစ်ပွဲအတွင်း လူရာချီ သေဆုံးအပြီး မော်စကို ဆွေးနွေးပွဲဟာ စစ်ဖြစ်နေတဲ့ ၂ နိုင်ငံကြား ပထမဆုံး သံတမန်ချင်း ထိတွေ့မှုလည်း ဖြစ်လာပါတယ်။  နာဂေါ်နိုခါရာဘတ်ဒေသကို အဇာဘိုင်ဂျန်နိုင်ငံပိုင်အဖြစ် နိုင်ငံတကာက အသိအမှတ်ပြု ထားပေမဲ့ တိုင်းရင်းသား အာမေးနီးယန်းလူမျိုးတွေ သိပ်သိပ်သည်းသည်း နေထိုင်ပြီး ကိုယ်ပိုင် အုပ်ချုပ်ပါတယ်။  
7 months Ago
Up