ဟာရီကိန်းမုန်တိုင်း အာမာ တိုက်ခတ်ပြီးနောက် ရေကြီးနေတာကြောင့် ကျူးဘားနိုင်ငံ ဟာဗားနား မြို့သူမြို့သားတွေဟာ လှေတွေနဲ့ သွားလာနေကြရပါတယ်။
ကျူးဘားနိုင်ငံ ဟာဗားနားကမ်းခြေတလျှောက် လမ်းပေါ်က စီးပွားရေးလုပ်ငန်းတွေအားလုံးကို ၃၆ ပေလောက်မြင့်တဲ့ လှိုင်းလုံးကြီးတွေက အာမာမုန်တိုင်းနဲ့အတူ ရိုက်ခတ်ခဲ့ပါတယ်။
ကော်ပါကဘားနားဟိုတယ် အပါအဝင် အဲဒီဒေသတလျှောက်က လူတွေကို အရေးပေါ်ကယ်ဆယ်ရေးစခန်းတွေဆီ ရွှေ့ပြောင်းပေးထားရတယ်လို့ သိရပါတယ်။
မြောက်ပိုင်းမှာရှိတဲ့ ဖလောရီဒါကို မုန်တိုင်းဝင်ရောက်လာတာနဲ့အတူ သမိုင်းမှတ်တမ်းတင်ရမယ့် ရေတက်နှုန်းနဲ့ ရေကြီးလာတဲ့ ကျူးဘားနိုင်ငံ ဟာဗားနားမြို့လယ်က လူတွေကို သူတို့ရဲ့အိမ်တွေကနေ ရွှေ့ပြောင်းရေးအတွက် ပထမဆုံးရောက်လာတဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ကူညီခဲ့ကြပါတယ်။
မုန်တိုင်းဒဏ်ခံခဲ့ရသူတဦးက “တခါမှ မကြုံခဲ့ဖူးဘူး။ ဟာရီကိန်း အာမာက ဟာဗားနားကို မဝင်ဘူးလို့ သူတို့ပြောတာ မှားသွားတဲ့ပုံပဲ။ ဒီလောက်ပြင်းတာ တခါမှ မကြုံဖူးဘူး” လို့ ပြောပါတယ်။
ဟာဗားနားမြို့ကို မုန်တိုင်းက တိုက်ရိုက်ဝင်ရောက်ခြင်း မရှိပေမယ့် မုန်တိုင်းအရှိန်ကြောင့် စက်တင်ဘာ ၁၀ ရက်နေ့အထိ ကမ်းခြေကို ကြီးမားတဲ့လှိုင်းလုံးတွေ ရိုက်ခတ်ဆဲဖြစ်တယ်လို့ သိရပါတယ်။
ရေကြီးတဲ့ဒဏ်ကို ခံခဲ့ရသူတဦးကလည်း "အဲဒီညကို တကယ် ခက်ခက်ခဲခဲ ဖြတ်ခဲ့ရတယ်။ ရေတွေက ပြန်ပြန်ဝင်လာတော့ အိမ်ထဲကနေ တညလုံး ရေတွေ ခပ်ထုတ်နေရတယ်။ တော်တော်ဆိုးဆိုးပဲ” လို့ ပြောပါတယ်။
“ပစ္စည်းတွေလည်း ပျောက်တယ်။ ဒီလိုကြုံရမှာကို ကြိုမပြင်ဆင်ထားတော့ ရေကြီးလာမှ ပစ္စည်းတွေအကုန် အိမ်ကနေထုတ်ဖို့ မလွယ်တော့ဘူး။ အခုလိုကြုံရလို့ အံ့သြမိတာမျိုးတော့ မဖြစ်ပါဘူး” လို့ ရေကြီးဒဏ်ခံခဲ့ရသူ နောက်တဦးက ပြောပါတယ်။
မြောက်ပိုင်းက ဖလော်ရီဒါကိုသွားတဲ့လမ်းမှာ ပြန်လည်ပြင်းထန်လာခဲ့တဲ့ အာမာမုန်တိုင်းဟာ ကျူးဘားနယ်နိမိတ်အတွင်းမှာတော့ မုန်တိုင်းအဆင့် ၃ အထိ လျော့ကျခဲ့တယ်လို့ သိရပါတယ်။
4 years Ago