အာမတ်ထရာအိုရေး

October 6, 2020

အသက် ၁၈ နှစ်အရွယ် အာမတ်ထရာအိုရေးကို ပေါင် ၄၁ သန်းဖြင့် မန်ယူအသင်း ခေါ်ယူ

အတ္တလန္တာအသင်းရဲ့ အသက် ၁၈ နှစ်အရွယ် တောင်ပံကစားသမား အာမတ်ဒီယာလိုထရာအိုရေးကို ပေါင် ၄၁ သန်းနီးပါးနဲ့ ခေါ်ယူနိုင်ခဲ့ပြီလို့ မန်ယူနိုက်တက်အသင်းက ထုတ်ပြန်ကြေညာပါတယ်။ ဒါပေမဲ့ ဒီကစားသမားဟာ ဆေးစစ်မှု၊ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်တွေနဲ့ အလုပ်လုပ်ခွင့် ပါမစ်ဆိုင်ရာ ကိစ္စရပ်တွေကြောင့် ဇန်နဝါရီ အပြောင်းအရွှေ့မှသာ အသင်းနဲ့ ပူးပေါင်းနိုင်မှာပါ။ ကစားသမားကို အပြီးသတ်ခေါ်ယူဖို့ အတ္တလန္တာနဲ့ သဘောတူညီချက်ရရှိခဲ့ပြီး ပြောင်းရွှေ့ကြေးဟာ ကနဦး ပေါင် ၂၁ သန်းနဲ့ ဆုကြေးငွေ ပေါင်သန်း ၂၀ ဖြစ်တယ်လို့လည်း သတင်းတွေမှာ ဖော်ပြပါတယ်။ အိုင်ဗရီကို့စ် တောင်ပံကစားသမား ထရာအိုရေးဟာ စီးရီးအေမှာ လူစားဝင်မှု ၃ ခုသာ ကစားခွင့်ရရှိထားတဲ့ ကစားသမားဖြစ်ပေမယ့် ယူနိုက်တက်အသင်းဘက်ကတော့ သူဟာ အလားအလာကောင်းတွေ ပိုင်ဆိုင်ထားပြီး အီတလီလိဂ်ရဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံး လူငယ်ကစားသမားတစ်ဦးအဖြစ် ရှုမြင်ခဲ့ပါတယ်။ မန်ယူနိုက်တက်အသင်းဟာ ၂၀၁၆ ခုနှစ်ကတည်းက သူ့ကို စောင့်ကြည့်ခဲ့တာဖြစ်ပြီး အသင်းရဲ့ ကင်းထောက်တွေကလည်း အဲဒီအချိန်ကတည်းက သူ့ကိုခေါ်ယူဖို့ ထောက်ခံချက်ပေးခဲ့ပါတယ်။  ထရာအိုရေးဟာ အသက် ၁၈ နှစ်သာ ရှိသေးပေမယ့် ဇန်နဝါရီလမှာ အသင်းနဲ့ ပူးပေါင်းချိန်မှာ အသင်းကြီးမှာ တန်းနေရာရမယ်လို့ မျှော်လင့်ရပါတယ်။  ထရာအိုရေးဟာ အပြောင်းအရွှေ့ကာလ နောက်ဆုံးနေ့ မန်ယူနိုက်တက်အသင်းကို ရောက်ရှိလာနိုင်တဲ့ လူငယ်တောင်ပံကစားသမားတွေထဲက ပထမဆုံးတစ်ဦးလည်း ဖြစ်ပါတယ်။ တနင်္လာနေ့မှာ နောက်ထပ်လူငယ် တောင်ပံကစားသမားတစ်ဦးဖြစ်တဲ့ ဖာကန်ဒိုပယ်လီစတီ ဟာလည်း အသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာ ဆေးစစ်မှု ခံယူခဲ့တယ်လို့ သိရပါတယ်။ ဒီကစားသမားဟာ ယူနိုက်တက်တိုက်စစ်မှူးဟောင်း ဒီယေဂိုဖော်လန်ရဲ့ ထောက်ခံမှုနဲ့အတူ ယူနိုက်တက်အသင်းကို ရောက်ရှိလာမှာ ဖြစ်ပြီး သူ့အတွက် ပြောင်းရွှေ့ကြေးဟာ ပေါင် ၁၀ သန်းနီးပါးရှိမယ်လို့ ခန့်မှန်းရပါတယ်။ ဒီကစားသမားဟာ တောင်အမေရိကရဲ့ အလားအလာအကောင်းဆုံး လူငယ် ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး သူ့ကို ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်တပ်စ်၊ လိုင်ယွန်နဲ့ အက်သလက်တီကိုတို့ကလည်း စောင့်ကြည့်နေပါတယ်။ မန်ယူနိုက်တက်အသင်းဟာ ဒေါ့မွန်တောင်ပံကစားသမား ဆန်ချို၊ ဘာစီလိုနာ တောင်ပံကစားသမား ဒမ်ဘီလီတို့ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့တာကြောင့် ဒီလို လူငယ်ကစားသမားတွေကို အစားထိုးခေါ်ယူခဲ့တာပါ။  သူတို့မတိုင်ခင် တိုက်စစ်မှူး ကာဗာနီ၊ နောက်ခံလူ တဲလက်စ်တို့ကို ခေါ်ယူထားနိုင်ခဲ့ပြီး တဘက်မှာလည်း အသင်းနောက်ခံလူ ခရစ္စမောလင်းဟာ ရိုးမားအသင်းကို အပြီးသတ် ပြောင်းရွှေ့သွားခဲ့ပြီလို့သိရပါတယ်။
7 months Ago
Up