အာမခံပေးရန် ဆုံးဖြတ်မည့်ရက် ရွှေ့ဆိုင်း

January 17, 2018

သြစတြေးလျ ရုပ်ရှင်ထုတ်လုပ်သူအား အာမခံပေးရန် ဆုံးဖြတ်မည့်ရက် ရွှေ့ဆိုင်း

ကမ္ဘောဒီးယားနိုင်ငံ တရားရုံးက သူလျှိုမှုနဲ့ စွပ်စွဲခံထားရတဲ့ သြစတြေးလျရုပ်ရှင် ထုတ်လုပ်သူအား အာမခံပေးဖို့ ဆုံးဖြတ်မယ့်ရက်ကို ဇန်နဝါရီ ၃၁ ရက်နေ့ဆီ ရွှေ့ဆိုင်းလိုက်ပါတယ်။ သြစတြေးလျ ရုပ်ရှင်ထုတ်လုပ်သူ ဂျိမ်းစ် ရစ်ခတ်ဆန်အတွက် အာမခံပေးဖို့ ဆုံးဖြတ်ချက်ကို ကမ္ဘောဒီးယား တရားရုံးချုပ်က ဇန်နဝါရီ ၃၁ ရက်နေ့ကို ရွှေ့လိုက်တာပါ။ သူဟာ ဘယ်နိုင်ငံလို့ မဖော်ပြတဲ့ နိုင်ငံခြား တိုင်းပြည်အတွက် သတင်းအချက်အလက် စုဆောင်းမှုနဲ့ စွပ်စွဲခံရပါတယ်။ တကယ်လို့ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ဆယ်နှစ် ပြစ်ဒဏ်စီရင်ခံရနိုင်ပါတယ်။ အာမခံ ရွှေ့ဆိုင်းရတဲ့ အကြောင်းရင်းကလည်း မရှင်းလင်းပါဘူး။ တရားသူကြီးတွေက တခြားအမှုတွေနဲ့ အလုပ်ရှုပ်နေတယ်လို့ သူ့ရှေ့နေက ပြောပါတယ်။ တရားရုံးစာရေး ဆောင်မော်ကတော့ သံသယရှိသူက တရားရုံးကို အချိန်မီ ရောက်မလာလို့ တရားသူကြီးက ဆုံးဖြတ်ချိန်ရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာလို့ အေဘီစီသတင်းဌာနကို ပြောပါတယ်။ ဖနွမ်းပင်မြို့တော်နားက လူတွေ ကျပ်ညပ်နေတဲ့ ထောင်ထဲမှာ အကျဉ်းသား ၂၆ ယောက်နဲ့အတူ တခန်းတည်း နေရတဲ့ ရစ်ခတ်ဆန်ဟာ ကျန်းမာရေး ယိုယွင်းနေတယ်လို့ သူ့ မိသားစုက ပြောပါတယ်။ ပရေဆာ ထောင်ဟာ အကျဉ်းသား ၁၈၀၀ နေဖို့ ဆောက်လုပ်ထားတာ ဖြစ်ပေမယ့် ခုတော့ ထောင်သား ၅၇၀၀ ကို ထိန်းသိမ်းထားတယ်လို့ ကမ္ဘောဒီးယား ထောင်အရာရှိတယောက်က ပြောပါတယ်။ ရစ်ခတ်ဆန်ဟာ မတရားသင်း ကြေညာခံရတဲ့ ကမ္ဘောဒီးယား အတိုက်အခံပါတီနဲ့ နီးစပ်သူပါ။ စီတန်းလှည့်လည်ပွဲတခုမှာ ဒရုန်းယာဉ် လွှင့်တင်ရိုက်ကူးနေတဲ့ ရစ်ခတ်ဆန်ဟာ ဓာတ်ပုံအရိုက်ခံခဲ့ရပါတယ်။ သူ နိုင်ငံခြား သူလျှိုဖြစ်ကြောင်း သက်သေပြဖို့ အရင်သီတင်းပတ် တရားရုံးကြားနာပွဲအတွင်း  တောင်းဆိုရာမှာ ကမ္ဘောဒီးယား အာဏာပိုင်တွေက လျစ်လျူရှုခဲ့တယ်လို့ ရစ်ခတ်ဆန်က ပြောခဲ့ပါတယ်။
4 years Ago
Up