အာဖရိက အကောင်းဆုံး ဘောလုံးသမားဆု ဒေါ့မွန်တိုက်စစ်မှူး ရေပန်းစား

December 12, 2017

အာဖရိက အကောင်းဆုံး ဘောလုံးသမားဆု ဆာလက် ရရှိ

ဘီဘီစီကချီးမြှင့်တဲ့ အာဖရိက အကောင်းဆုံးဘောလုံးသမားဆုကို လီဗာပူးတောင်ပံကစားသမား မိုဟာမက်ဆာလက်က ရရှိသွားပါတယ်။ အီဂျစ်ကစားသမား ဆာလက်အနေနဲ့ အသင်းဖော် မာနေး၊ လိုက်ဇစ်က ကီတာ၊ ချဲလ်ဆီးက ဗစ်တာမော့ဆက်၊ ဒေါ့မွန်က အော်ဘာမီယန်းတို့ကို ကျော်ဖြတ်ပြီး ရရှိခဲ့တာပါ။ အာဖရိက အကောင်းဆုံးကစားသမားဆုကို လာမယ့်နှစ်မှာလည်း ရယူချင်ပြီး အီဂျစ်နိုင်ငံအတွက် အကောင်းဆုံး စံပြကစားသမားတဦး ဖြစ်ချင်တယ်လို့ ဆုရယူအပြီးမှာ ဆာလက်က ပြောပါတယ်။ ဆာလက်ဟာ ဒီဆုနဲ့ ထိုက်တန်မှုရှိပြီး ဒီလိုကစားသမားကောင်းတွေနဲ့ လက်တွဲရတာဟာ ကံကောင်းမှုတခု ဖြစ်တယ်လို့လည်း လီဗာပူးနည်းပြ ဂျာဂန်ကလော့ပ်က ချီးကျူးစကား ပြောကြားခဲ့ပါတယ်။ အသက် ၂၅ နှစ်ရှိ ဆာလက်ဟာ ဒီနှစ်ရာသီမှာ လီဗာပူးအသင်းနဲ့ ၂၅ ပွဲကစားပြီး ၁၉ ဂိုးအထိ သွင်းယူထားပါတယ်။
4 years Ago

November 13, 2017

အာဖရိက အကောင်းဆုံး ဘောလုံးသမားဆု ဒေါ့မွန်တိုက်စစ်မှူး ရေပန်းစား

၂၀၁၇ ခုနှစ်အတွက် အာဖရိက အကောင်းဆုံး ဘောလုံးသမားဆုအတွက် ဆန်ကာတင် ၅ ဦးစာရင်း ထုတ်ပြန်ရာမှာ ဒေါ့မွန်တိုက်စစ်မှူး အော်ဘာမီယန်းက ရေပန်းအစားဆုံး ဖြစ်နေပါတယ်။ ဘီဘီစီကချီးမြှင့်တဲ့ အာဖရိက အကောင်းဆုံး ဘောလုံးသမားဆုအတွက် အော်ဘာမီယန်းနဲ့အတူ လီဗာပူးက အီဂျစ်ကစားသမား ဆာလက်ခ်ျနဲ့ မာနေး၊ လိုက်ဇစ်က ဂီနီကွင်းလယ်လူ ကီတာနဲ့ ချဲလ်ဆီးက နိုင်ဂျီးရီးယား ကစားသမား မော့ဆက်တို့ ပါဝင်နေတာပါ။ အကောင်းဆုံးဆုအတွက် ရေပန်းစားနေတဲ့ ဂါဘွန်တိုက်စစ်မှူး အော်ဘာမီယန်းဟာ ပြီးခဲ့တဲ့နှစ်က ဒေါ့မွန်အသင်းအတွက် သွင်းဂိုး ၃၅ ဂိုးအထိ သွင်းခဲ့ပြီး ဂျာမန်ဘွန်ဒက်စ်လီဂါ ဂိုးသွင်းဘုရင်ဆု ရခဲ့သလို ဂျာမန်ဖလားတလုံးလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒီဆုအတွက် ဘီဘီစီဝက်ဘ်ဆိုက်မှာ ပရိသတ်တွေကိုယ်တိုင် မဲပေးနိုင်ပြီး လာမယ့် ဒီဇင်ဘာ ၁၁ ရက်မှာ ဆုချီးမြှင့်မှာ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်အတွက် အာဖရိက အကောင်းဆုံး ဘောလုံးသမားဆုကိုတော့ အယ်လ်ဂျီးရီးယားနဲ့ လက်စတာ တောင်ပံကစားသမား မာရက်ဇ်က ရရှိခဲ့ပါတယ်။
4 years Ago
Up