အာဖရိကနိုင်ငံများဖလား

July 15, 2019

မာရက်ဇ်၏ နောက်ကျသွင်းဂိုးဖြင့် အယ်လ်ဂျီးရီးယားအသင်း အာဖရိကနိုင်ငံများဖလား ဗိုလ်လုပွဲတက် (ရုပ်သံ)

အာဖရိကနိုင်ငံများဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် အယ်လ်ဂျီးရီးယားနဲ့ နိုင်ဂျီးရီးယားတို့ မနေ့ကယှဉ်ပြိုင်ရာ အယ်လ်ဂျီးရီးယားက နှစ်ဂိုး တဂိုးနဲ့နိုင်ပြီး နောက်ဆုံးဗိုလ်လုပွဲ တက်လှမ်းသွားပါတယ်။ အယ်လ်ဂျီးရီးယားအသင်းမှာ မာရက်ဇ်၊ ဖီဂူလီတို့ ဦးဆောင် ပွဲထွက်လာသလို နိုင်ဂျီးရီးယားကလည်း အိုင်ဝိုဘီ၊ မူဆာ၊ အစ်ဂ်ဟာလိုတို့နဲ့ ဦးဆောင်လာပါတယ်။ နှစ်သင်း ဘောလုံးပိုင်ဆိုင်မှု မတိမ်းမယိမ်းရှိခဲ့ပြီး ထိုးဖောက်ကန်သွင်းရာမှာတော့ နိုင်ဂျီးရီးယားက အနည်းငယ် အသာရခဲ့ပါတယ်။ ပွဲချိန် မိနစ် ၄၀ မှာ နိုင်ဂျီးရီးယားနောက်ခံလူ ကိုယ့်ဂိုးကိုယ်သွင်းမိလို့ ပထမပိုင်းမှာ အယ်လ်ဂျီးရီးယားက တဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ပွဲချိန် ၇၂ မိနစ်မှာ နိုင်ဂျီးရီးယား ပယ်နယ်တီကန်ခွင့် ရခဲ့ပြီး တိုက်စစ်မှူး အစ်ဂ်ဟာလို အမှားအယွင်းမရှိ ကန်သွင်းပြီး ချေပနိုင်ခဲ့ပါတယ်။ တဖက်တဂိုးစီနဲ့ ပွဲပြီးမလိုဖြစ်နေရာက လက်ကျန်ပွဲချိန် နောက်ဆုံးမိနစ်မှာ အယ်လ်ဂျီးရီးယားအသင်း ပြစ်ဒဏ်ဘော ကန်ခွင့်ရခဲ့ပြီး မာရက်ဇ် နိုင်ဂျီးရီးယား ဂိုးထောင့်ကို လှလှပပ ကန်သွင်းခဲ့တာကြောင့် အယ်လ်ဂျီးရီးယားအသင်း နှစ်ဂိုး တဂိုးနဲ့ အောင်ပွဲဆင် ဗိုလ်လုပွဲ တက်ရောက်သွားတာ ဖြစ်ပါတယ်။
3 years Ago

တူနီးရှားကိုနိုင်ပြီး ဆီနီဂေါ အာဖရိကနိုင်ငံများဖလား ဗိုလ်လုပွဲတက် (ရုပ်သံ)

အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဆီနီဂေါနဲ့ တူနီးရှားတို့ မနေ့ကယှဉ်ပြိုင်ရာ ဆီနီဂေါက တဂိုး ဂိုးမရှိနဲ့နိုင်ပြီး ဗိုလ်လုပွဲ တက်ရောက်သွားပါတယ်။ ဆီနီဂေါအသင်းအတွက်တော့ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ ဗိုလ်လုပွဲကို ဒုတိယအကြိမ်မြောက် တက်လှမ်းနိုင်တာ ဖြစ်ပါတယ်။ အဓိက တိုက်စစ်မှူး မာနေး၊ နီယန်၊ ဂူယီတို့နဲ့ ဦးဆောင် ပွဲထွက်လာတဲ့ ဆီနီဂေါအသင်းဟာ ဘောလုံးပိုင်ဆိုင်မှု အနည်းငယ် အသာရပေမယ့် ထိုးဖောက်ကန်သွင်းရာမှာတော့ တူနီရှားက အသာရခဲ့ပါတယ်။ ပွဲကစားချိန် မိနစ် ၉၀ အတွင်းမှာ နှစ်သင်းစလုံး ပယ်နယ်တီ တကြိမ်စီ ကန်သွင်းခွင့်ရပေမယ့် ဂိုးအဖြစ်တော့ မပြောင်းလဲနိုင်ဘဲ သရေကျနေလို့ အချိန်ပို ဆက်လက်ယှဉ်ပြိုင်ခဲ့ရပါတယ်။ အချိန်ပို ၁၀၁ မိနစ်အရောက်မှာတော့ တူနီရှားနောက်ခံလူရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမိတာကြောင့် ဆီနီဂေါအသင်း တလုံးတည်းသော အနိုင်ဂိုးနဲ့ နောက်ဆုံးဗိုလ်လုပွဲ တက်လှမ်းနိုင်ခဲ့ပါတယ်။ နောက်ဆုံးဗိုလ်လုပွဲကိုတော့ လာမယ့် ဇူလိုင် ၁၉ ရက်နေ့ ယှဉ်ပြိုင်မှာဖြစ်ပြီး ဆီနီဂေါနဲ့ အယ်လ်ဂျီးရီးယားတို့ ဗိုလ်လုရမှာ ဖြစ်ပါတယ်။
3 years Ago

July 12, 2019

အိုင်ဗရီကို့စ်ကို အနိုင်ယူပြီး အယ်လ်ဂျီးရီးယား အာဖရိကနိုင်ငံများဖလား ဆီမီးတက် (ရုပ်သံ)

အာဖရိကနိုင်ငံများဖလား ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် အိုင်ဗရီကို့စ်နဲ့ အယ်လ်ဂျီးရီးယားတို့ မနေ့ကယှဉ်ပြိုင်ရာ အယ်လ်ဂျီးရီးယားက ပယ်နယ်တီအဆုံးအဖြတ် ၄ ဂိုး ၃ ဂိုးနဲ့နိုင်ပြီး ဆီမီးဖိုင်နယ် တက်လှမ်းသွားပါတယ်။ အိုင်ဗရီကို့စ်အသင်းမှာ အဓိက တိုက်စစ်မှူး ဇာဟာ၊ နောက်ခံလူ ကူလီဘာလီ၊ ထရာအိုရီတို့ ဦးဆောင်လာသလို အယ်လ်ဂျီးရီးယားအသင်းမှာလည်း အဓိက ကစားသမား မာရက်ဇ် ဦးဆောင် ပွဲထွက်ခဲ့ပါတယ်။ အယ်လ်ဂျီးရီးယားအသင်းဟာ ရှုံးထွက်အဆင့်မှာ ဂီနီယာကို ၃ ဂိုးပြတ်နိုင်ပြီး ဒီအဆင့်ကို တက်လှမ်းလာသလို အိုင်ဗရီကို့စ်ကလည်း မာလီကို ၁ ဂိုး ဂိုးမရှိနဲ့နိုင်ပြီး ကွာတားဖိုင်နယ်ကို ရောက်လာတာပါ။ ကွာတားဖိုင်နယ်မှာတော့ အယ်လ်ဂျီးရီးယားက ဘောလုံးပိုင်ဆိုင်မှုအသာ၊ ထိုးဖောက်ကန်သွင်းခွင့် အသာနဲ့ ကစားနိုင်ခဲ့ပါတယ်။ အဖွင့်ဂိုးကိုလည်း အယ်လ်ဂျီးရီးယားပဲ ရခဲ့တာဖြစ်ပြီး ပွဲချိန် မိနစ် ၂၀ မှာ ဖီဂူလီက သွင်းယူပေးခဲ့ပါတယ်။ အိုင်ဗရီကို့စ်အတွက် ချေပဂိုးကိုတော့ ပွဲချိန် ၆၂ မိနစ်မှာ ခေါ့ဒ်ဂျီယာက သွင်းယူပေးခဲ့ပါတယ်။ ဒီ့နောက် တဖက်နဲ့တဖက် ဂိုးထပ်မသွင်းနိုင်ဘဲ အချိန်ပို ဆက်လက်ယှဉ်ပြိုင်ရာမှာလည်း သရေကျနေလို့ ပယ်နယ်တီအဆုံးအဖြတ် ကန်သွင်းရာမှာ အယ်လ်ဂျီးရီးယားက ၄ ဂိုး ၃ ဂိုးနဲ့နိုင်ပြီး ဆီမီးဖိုင်နယ် တက်လှမ်းသွားတာ ဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်မှာ အယ်လ်ဂျီးရီးယားအသင်းဟာ နိုင်ဂျီးရီးယားနဲ့ တွေ့ဆုံနေပြီး လာမယ့် ဇူလိုင် ၁၄ ရက်နေ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
3 years Ago

တူနီးရှားက မာဒါဂတ်စ်ကာကို ၃ ဂိုးပြတ်ဖြင့်နိုင်ပြီး အာဖရိကနိုင်ငံများဖလား ဆီမီးတက် (ရုပ်သံ)

အီဂျစ်နိုင်ငံမှာ ကျင်းပနေတဲ့ အာဖရိကနိုင်ငံများဖလား ကွာတားဖိုင်နယ် ပွဲစဉ်အဖြစ် တူနီးရှားနဲ့ မာဒါဂတ်စ်ကာတို့ မနေ့ကယှဉ်ပြိုင်ရာ တူနီးရှားက ၃ ဂိုး ဂိုးမရှိနဲ့နိုင်ပြီး ဆီမီးဖိုင်နယ် တက်ရောက်သွားပါတယ်။ တူနီးရှားအသင်းအတွက်တော့ ၂၀၀၄ ခုနှစ်နောက်ပိုင်း အာဖရိကနိုင်ငံများဖလား ဆီမီးဖိုင်နယ်အဆင့်ကို ပထမဆုံးအကြိမ် ပြန်လည်တက်လှမ်းနိုင်တာပဲ ဖြစ်ပါတယ်။ တူနီးရှားအသင်းဟာ အုပ်စုအဆင့်မှာ သုံးပွဲစလုံး သရေကျပြီး အုပ်စုဒုတိယနေရာကနေ ရှုံးထွက်အဆင့် တက်လှမ်းခဲ့တာပါ။ ရှုံးထွက်မှာလည်း ဂါနာအသင်းနဲ့ ပွဲချိန်ပြည့်ကစားပြီး သရေကျတာကြောင့် ပယ်နယ်တီအဆုံးအဖြတ်မှာနိုင်ပြီး ကွာတားကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ မာဒါဂတ်စ်ကာအသင်းကတော့ အာဖရိကနိုင်ငံများဖလား ပြိုင်ပွဲကို ဒီနှစ်မှ ပထမဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင်နိုင်တာဖြစ်ပြီး အုပ်စုအဆင့်မှာ ခြေစွမ်းပြပြီး အုပ်စုဗိုလ်အဖြစ် ရှုံးထွက်အဆင့်ကို တက်လှမ်းခဲ့တာပါ။ ရှုံးထွက်အဆင့်မှာ ကွန်ဂိုနဲ့ တွေ့ဆုံခဲ့ပြီး ပယ်နယ်တီအဆုံးအဖြတ်နဲ့ ကွာတားဖိုင်နယ်ကို တက်လှမ်းခဲ့တာ ဖြစ်ပါတယ်။ ကွာတားအဆင့်မှာတော့ မာဒါဂတ်စ်ကာအသင်းဟာ တူနီးရှားကို ယှဉ်မကစားနိုင်ဘဲ ဘောလုံးပိုင်ဆိုင်မှုရော ထိုးဖောက်ကန်သွင်းရာမှာပါ အသာမရဘဲ အရှုံးပေးလိုက်ရတာပါ။ တူနီးရှားအတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၅၂ မိနစ်မှာ ဆာဆီ၊ မိနစ် ၆၀ မှာ အမ်ဆပ်ခ်နီနဲ့ ပွဲပြီးခါနီးမှာ စလီတီတို့က သွင်းယူပေးခဲ့ပါတယ်။ ဆီမီးဖိုင်နယ်မှာ တူနီးရှားအသင်းဟာ ဆီနီဂေါနဲ့ တွေ့ဆုံနေပြီး လာမယ့် ဇူလိုင် ၁၄ ရက်နေ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
3 years Ago
More News
Up