အာဖရိကအနောက်ပိုင်း နိုက်ဂျာနိုင်ငံမှာ မော်တော်ဆိုင်ကယ်စီး သေနတ်သမားတွေက ကမ္ဘာလှည့် ပြင်သစ်ခရီးသည် ၆ ယောက် နိုက်ဂျာနိုင်ငံသား ဧည့်လမ်းညွှန် ၁ ယောက်နဲ့ ကားမောင်းသူတို့ကို သြဂုတ် ၉ ရက်က သတ်ဖြတ်ခဲ့တယ်လို့ ဒေသန္တရ အုပ်ချုပ်ရေးမှူးကို ကိုးကားပြီး AFP သတင်းမှာ ဖော်ပြပါတယ်။
တိုက်ခိုက်သူတွေဟာ ကူရေဒေသမှာ လျှပ်တပြက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီကိစ္စကို စုံစမ်းစစ်ဆေးနေပြီလို့ ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။ နိုက်ဂျာ အစိုးရဘက်ကတော့ မှတ်ချက်တစုံတရာ မတုံ့ပြန်သေးပါဘူး။
နီယာမေမြို့တော် အရှေ့တောင်ဘက်က သစ်ကုလားအုတ် ဘေးမဲ့တောဟာ နိုက်ဂျာနိုင်ငံရဲ့ လူကြိုက်များတဲ့ ဆွဲဆောင်မှု တရပ်လည်း ဖြစ်ပါတယ်။
ပြင်သစ်အစိုးရဟာ နိုက်ဂျာနိုင်ငံရဲ့ မြို့တော် နီယာမေရဲ့ အပြင်ဘက် ကျယ်ပြန့်တဲ့ အစိတ်အပိုင်းတွေမှာ ခရီးမသွားကြဖို့ လူထုကို သတိပေးထားပါတယ်။
အဲဒီဒေသတွေမှာ ဘိုကိုဟာရမ် အပါအဝင် အစ္စလာမ္မစ် စစ်သွေးကြွအုပ်စုတွေ လှုပ်ရှားနေပါတယ်။
တချိန်က ဒီဒေသအတွင်း ကိုလိုနီသြဇာရှိခဲ့တဲ့ ပြင်သစ်ဟာ နိုက်ဂျာအပါအဝင် ဆာဟဲလ် ဒေသတွင်းက အစ္စလာမ္မစ် စစ်သွေးကြွတွေကို တိုက်ထုတ်ဖို့ အနောက်အာဖရိက မဟာမိတ်တွေနဲ့ ဥရောပ မဟာမိတ်တွေကြား ဇွန်လမှာ မဟာမိတ်ဖွဲ့ခဲ့ပါတယ်။
၂၀၁၃ နောက်ပိုင်း ဆာဟာရကန္တာရတောင်ပိုင်း ခြောက်သွေ့ရပ်ဝန်းမှာ ထောင်ချီတဲ့ စစ်တပ်ကို ပြင်သစ်အစိုးရက တပ်ချထားပေမဲ့ အယ်လ်ကိုင်းဒါး၊ အိုင်အက်စ်တို့နဲ့ ပတ်သက်နေတဲ့ စစ်သွေးကြွအုပ်စုတွေ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ပိုတိုးလာနေပါတယ်။
3 years Ago