အာဖရိကသမဂ္ဂတွင် လျှို့ဝှက်အသံဖမ်းကိရိယာဖြင့် ခိုးနားထောင်သည်ဟု ဖော်ပြမှု တရုတ်ပယ်ချ

January 30, 2018

အာဖရိကသမဂ္ဂတွင် လျှို့ဝှက်အသံဖမ်းကိရိယာဖြင့် ခိုးနားထောင်သည်ဟု ဖော်ပြမှု တရုတ်ပယ်ချ

တရုတ်အစိုးရက အီသီယိုးပီးယားနိုင်ငံ မြို့တော်မှာရှိတဲ့ အာဖရိကသမဂ္ဂရဲ့ ဌာနချုပ်တွေကို လျှို့ဝှက်အသံဖမ်းကိရိယာနဲ့ ခိုးနားထောင်တယ်ဆိုတဲ့ ပြင်သစ်သတင်းစာ လေမွန်ဒီရဲ့ ဖော်ပြမှုကို တရုတ်နဲ့ အာဖရိကသမဂ္ဂတို့က ဇန်နဝါရီ ၂၉ ရက်နေ့မှာ ပယ်ချလိုက်ပါတယ်။ ပြင်သစ်သတင်းစာက ဇန်နဝါရီ ၂၆ ရက်မှာ ပုံနှိပ်ထုတ်ဝေခဲ့တဲ့ သတင်းထဲမှာ အမည်မဖော်တဲ့ အာဖရိကသမဂ္ဂ သတင်းရင်းမြစ်တွေကို ကိုးကား ဖော်ပြထားတာပါ။ တရုတ်အစိုးရ တည်ဆောက်ပေးထားတဲ့ အဆောက်အဦတွေထဲက ကွန်ပျူတာတွေကနေ ရတဲ့ သတင်းအချက်အလက်တွေကို တရုတ်ဆာဗာတွေထဲကို ညတွင်းချင်း လွှဲပေးလာခဲ့တာ ငါးနှစ်ရှိပြီလို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။ မနှစ်က ဒီကိစ္စကို ဖော်ထုတ်နိုင်အပြီး ဆာဗာတွေ အပါအဝင် အဆောက်အဦရဲ့ အိုင်တီစနစ်တွေကို ပြောင်းလဲခဲ့တယ်လို့ လေမွန်ဒီက ဆိုပါတယ်။ ဒီကိစ္စကိုသိအပြီး ရှင်းလင်းချိန်မှာ စားပွဲခုံတွေနဲ့ နံရံတွေထဲမှာ ဝှက်ထားတဲ့ မိုက်ခရိုဖုန်းတွေကို ထောက်လှမ်းတွေ့ရှိလို့ ဖယ်ထုတ်ခဲ့ပြီးပြီလို့လည်း သတင်းစာမှာ ရေးသားဖော်ပြထားပါတယ်။ အမေရိကန်ဒေါ်လာ သန်း ၂၀၀ တန် ဌာနချုပ်ကို တရုတ်အစိုးရက အပြည့်အဝ ငွေထုတ်ပေးပြီး ဆောက်ပေးခဲ့ကာ ၂၀၁၂ ခုနှစ်က ဖွင့်လှစ်ခဲ့ပါတယ်။ ဒီအဆောက်အဦကို အာဖရိကမှာ တရုတ်သြဇာအတွက် တွန်းအား သင်္ကေတလို့လည်း ရှုမြင်ကြပါတယ်။
4 years Ago
Up