အာဖရိကဝက်အပြင်းဖျားရောဂါ

July 11, 2020

ကယားပြည်နယ်က ဝက်များ အာဖရိက ဝက်အပြင်းဖျားရောဂါကြောင့် သေဆုံးခြင်းဖြစ်

ကယားပြည်နယ်၊ လွိုင်ကော်က သေဆုံးခဲ့တဲ့ ဝက်တွေမှာ အာဖရိက ဝက်အပြင်းဖျားရောဂါဗိုင်းရပ်စ်ဗီဇတွေ့တယ်လို့ မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနက ထုတ်ပြန်ပါတယ်။ လွိုင်ကော်မြို့နယ် ရှမ်း ကယားနယ်စပ် ပီကင်းကောခူကျေးရွာက ဝက်ခြံတခုမှာ ဇွန်လကုန်ပိုင်းကစလို့ ဝက်တွေ ဆက်တိုက်သေဆုံးခဲ့ပြီး နေမကောင်းတဲ့ ဝက် ၆ ကောင်ရဲ့ ဓာတ်ခွဲနမူနာတွေကို စမ်းသပ်စစ်ဆေးရာမှာ အခုလို တွေ့ခဲ့တာလို့ ဆိုပါတယ်။ ဒါကို ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ဆီကိုလည်း ဇူလိုင် ၉ ရက်နေ့က သတင်းပို့ထားပြီလို့ ဆိုပြီး မြန်မာနိုင်ငံမှာ ဝက်တုပ်ကွေးရောဂါတော့ မတွေ့ရဘူးလို့လည်း ထုတ်ပြန်ထားပါတယ်။ အာဖရိက ဝက်အပြင်းဖျားရောဂါဟာ လူကိုတော့ လုံးဝ မကူးစက်နိုင်ဘူးလို့လည်း ထုတ်ပြန်ဖော်ပြထားပြီး ရောဂါမပျံ့နှံ့ဖို့အတွက် လိုက်နာရမယ့် အချက်တွေကိုလည်း ထုတ်ပြန်ထားပါတယ်။ အာဖရိကဝက်အပြင်းဖျားရောဂါနဲ့ တခြားဝက်ရောဂါတွေ ဖြစ်ပွားနေလို့ ပြည်တွင်းမှာ ဝက်သားစားသုံးမှုနှုန်းထက်ဝက်ကျဆင်းပြီး ဈေးကွက်ပျက်နေတယ်လို့ မြန်မာနိုင်ငံ ဝက်မွေးမြူသူများနှင့် ထုတ်လုပ်ရောင်းချသူများအသင်း (ဗဟို) အတွင်းရေးမှူး ဦးအောင်စိုးမင်းကျော်က ပြောပါတယ်။ ကူးစက်ရောဂါကြောင့် ဝက်သေဆုံးမှုတွေဟာ သင်္ကြန်မတိုင်ခင်ကတည်းက စလို့ မြန်မာနိုင်ငံ ဒေသတချို့မှာ ဖြစ်နေခဲ့ပြီး အာဖရိက ဝက်အပြင်းဖျားရောဂါကြောင့် သေဆုံးတာကတော့ လတ်တလောစာရင်းအရ ဝက်အကောင်ရေ ၃၀၀၀ ရှိတယ်လို့ မွေးမြူရေးနဲ့ကုသရေးဦးစီးဌာနက ဆိုပါတယ်။  ဒီရောဂါကို ပြည်တွင်းမှာ ၂၀၁၉ ခုနှစ်က စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ရှမ်းပြည်နယ် နေရာ  ၆ နေရာ၊ ကချင်ပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ ၁ နေရာစီနဲ့ စုစုပေါင်း ၈ နေရာမှာ တွေ့ရှိခဲ့ပြီး ဖြစ်ပါတယ်။  လွိုင်ကော်မြို့နယ် ပီကင်းကောခူရွာက ဝက်ကောင်ရေအများဆုံးမွေးတဲ့ ခြံမှာတော့ ကောင်ရေ ၁၄၀ လောက်မှာ အားလုံးနီးပါးသေဆုံးခဲ့ပြီး ကျန်တဲ့ ဝက်တချို့ကိုတော့ သက်ဆိုင်ရာက သုတ်သင်ပစ်လိုက်ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ပီကင်းကောခူကျေးရွာတွင်း စိပီဝက်မွေးမြူတဲ့ တပိုင်တနိုင်ဝက်ခြံတွေမှာလည်း ဝက်တွေ ဖျားနာသေဆုံးမှုတွေရှိနေပါတယ်။ စီပီဝက် ၁၀ ကောင်မွေးထားသူတဦးက  “ကျမက ၁၀ ကောင်မွေးထားတာ ၆ ကောင်သေသွားပြီး။ ၇ ရက်နေ့တုန်းက တကောင်၊ ဒီနေ့ ၅ ကောင်သေသွားတယ်” လို့ ပြောပါတယ်။ ဝက်တွေ ရောဂါစဖြစ်တာ လွန်ခဲ့တဲ့လကုန်ပိုင်းကတည်းက သိပေမယ့် သက်ဆိုင်ရာတာဝန်ရှိသူတွေက သတင်းထုတ်ပြန်မှု နောက်ကျတဲ့အတွက် ဆုံးရှုံးမှုတွေ များရတာလို့ ဝက်ကောင်ရေ ၂၀ မွေးမြူထားတဲ့ မားရ်တာက ပြောပါတယ်။ သူ့ခြံမှာ ဝက်မတကောင်ဖျားနာနေပြီ ကျန်ဝက်တွေကတော့ ကျန်းမာနေပေမယ့် သက်ဆိုင်ရာက ရှင်းလင်းခိုင်းရင်တော့ ရှင်းလင်းမယ်လို့ ပြောပါတယ်။ “ဒီရောဂါဖြစ်တာ ၆ ရက်နေ့ကတည်းက၊ ဒါပေမယ့် မနေ့ ၁၀ ရက်နေ့ကမှ သတင်းထုတ်ပြန်တယ်ဆိုတော့ ဒါနည်းနည်းတော့ ဒီကြားထဲမှာ အချိန်က ကြန့်ကြာနေတယ်ပေါ့။ ဒီထက်ပိုပြီး သတင်းမြန်မြန်ထုတ်ပြန်ပေးရင်ကောင်းတာပေါ့၊ ဒီလိုထုတ်ပြန်ပြီးတော့မှ မွေးမြူရေးသမားတွေအတွက် ဘယ်လိုလုပ်ရမလဲဆိုတာ စဉ်းစားလို့ရတာပေါ့။ အခုလည်း သူတို့ဘယ်လိုပြောလာမလဲ မသိဘူး၊ အကုန်လုံး ခြံလုံးပြတ် သုတ်သင်ခိုင်းမလား၊ ရောဂါဖြစ်နေတဲ့ကောင်ကိုပဲ လုပ်ခိုင်းမလား မပြောတတ်သေးဘူးပေါ့နော်။ သူတို့လာမှပဲ သူတို့လုပ်ခိုင်းတဲ့အတိုင်း လုပ်ရမှာပဲလေ။ ” တိရစ္ဆာန်မွေးမြူရေးနဲ့ ကုသရေးဌာနက ကွင်းဆင်းခဲ့ပြီး လတ်တလောမှာ ဒီရောဂါအတွက် ကာကွယ် ကုသဆေးမရှိတာကြောင့် သန့်ရှင်းအောင်ထားဖို့၊ ၃ ရက် တကြိမ် ဝက်ခြံတွေမှာ ဆေးဖျန်းဖို့ ပြောခဲ့တယ်လို့ တပိုင်တနိုင် ဝက်မွေးသူ တယောက်က ပြောပါတယ်။ ပီကင်းကောခူကျေးရွာမှာ စီးပွားဖြစ်မွေးမြူရေးခြံ ၇ ခြံရှိပြီး ဝက်မွေးမြူသူတွေဟာ မြစိမ်းရောင်ချေးငွေချေးယူ မွေးမြူကြတာကြောင့် အဲဒီချေးငွေတွေ ပြန်မဆပ်နိုင်မှာ စိုးရိမ်ပူပန်နေကြပါတယ်။  ဒီရောဂါက ပြင်းထန်မယ်ဆိုရင် ဝက်တွေ ချက်ချင်း သေဆုံးနိုင်သလို၊ ကူးစက်ခံရပြီး မှိုင်တွေလာတာ၊ ခန္ဓာကိုယ်မှာ အရောင်ပြောင်းတာ စတဲ့ ရောဂါလက္ခဏာတွေပြပြီးမှ သေဆုံးတာလည်း ရှိပါတယ်။ နောက်တမျိုးကတော့ နာတာရှည်ရောဂါလိုဖြစ်ပြီး အရိုးအဆစ်တွေ ရောင်ပြီး သေဆုံးတာမျိုးလည်း ရှိတယ်လို့ သိရပေမယ့် ဒီရောဂါလက္ခဏာတွေဟာ တခြား ဝက်ရောဂါတွေနဲ့လည်း ခွဲခြားရခက်တယ်လို့ သိရပါတယ်။  ပြီးခဲ့တဲ့ ဇွန်လအတွင်းကလည်း ချင်းပြည်နယ် ထန်တလန်မြို့မှာ ဆာကိုဗိုင်းရပ်စ်ကြောင့် ဝက်အကောင်ရေ ၄၀ ကျော် သေဆုံးခဲ့ပါတယ်။
10 months Ago

ဝက်ရောဂါကြောင့် ဝက်သားစားသုံးနှုန်း ထက်ဝက်ကျပြီး ဈေးကွက်ပျက်နေ

အာဖရိကဝက်အပြင်းဖျားရောဂါနဲ့ တခြားဝက်ရောဂါတွေ ဖြစ်ပွားနေလို့ ပြည်တွင်းမှာ ဝက်သေဆုံးမှုတွေ မြင့်တက်နေပြီး ဝက်သားစားသုံးမှု နှုန်းထက်ဝက်ကျဆင်းကာ ဈေးကွက်ပျက်နေတယ်လို့ ဝက်မွေးမြူရေးလုပ်ငန်းရှင်အသင်းက ပြောပါတယ်။ ရောဂါကြောင့် ဝက်အသေအပျောက်များပြီး   ဆုံးရှုံးမှုတွေ ရှိလာတာကြောင့် အချို့ဝက်မွေးမြူလုပ်ငန်း လုပ်ကိုင်သူတွေဟာ ဈေးချရောင်းချမှုတွေ ရှိနေသလို၊ ရောဂါဖြစ်နေတဲ့ ဝက်တွေကို တရားမဝင်ပေါ်ပြီး ဈေးပေါပေါနဲ့ ရောင်းချမှုတွေ ရှိနေပါတယ်။  ဒါကြောင့် လတ်တလော ဝက်နဲ့ ဝက်သားဈေးကွက်ဟာ ပျက်နေတဲ့ အနေအထား ဖြစ်နေတယ်လို့ မြန်မာနိုင်ငံ ဝက်မွေးမြူသူများနှင့် ထုတ်လုပ်ရောင်းချသူများအသင်း (ဗဟို) အတွင်းရေးမှူး ဦးအောင်စိုးမင်းကျော်က ပြောပါတယ်။ အရင်က ပုံမှန် ၁ ပိဿာကို   ၆၅၀၀ ကျပ်၊ ၇၀၀၀ ရှိတဲ့ ဝက်အရှင်ချိန်ဈေးနှုန်းက လက်ရှိမှာ ၅၀၀၀ ကျပ်ထိ ကျဆင်းသွားတယ်လို့ သိရပါတယ်။ ဝက်အသားဈေးကလည်း အရင်က အနိမ့်ဆုံး ၇၅၀၀ ကနေ အမြင့်ဆုံး ၁၂၀၀၀ ရှိခဲ့ပေမဲ့ လက်ရှိမှာ အမြင့်ဆုံး  ကျပ် ၇၅၀၀ ဈေး ပဲရှိပြီး ဝက်ဈေးကွက် ပျက်နေတယ်လို့ ဆိုပါတယ်။ ကူးစက်ရောဂါကြောင့် ဝက်သေဆုံးမှုတွေဟာ သင်္ကြန်မတိုင်ခင်ကတည်းက စတင်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံအတွင်းက ဒေသအချို့မှာ ဖြစ်ပေါ်နေတာပါ။ ဒါကြောင့် မွေးမြူရေးနဲ့ကုသရေး ဦးစီးဌာနအနေနဲ့ ဘယ်ရောဂါကြောင့် သေဆုံးတယ်ဆိုတာကို ခွဲခြားသိနိုင်ဖို့ ဓာတ်ခွဲစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ မွေးမြူရေးနဲ့ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းသိမ်းမော်က ပြောပါတယ်။ အာဖရိက ဝက်အပြင်းဖျားရောဂါကြောင့် သေဆုံးမှုကတော့ လတ်တလောစာရင်းအရ ဝက်အကောင်ရေ ၃၀၀၀ ရှိတယ်လို့ မွေးမြူရေးနဲ့ကုသရေးဦးစီးဌာနက ဆိုပါတယ်။  ဒီရောဂါကို ပြည်တွင်းမှာ ၂၀၁၉ ခုနှစ်က စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ရှမ်းပြည်နယ် နေရာ  ၆ နေရာ၊ ကချင်ပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ တစ်နေရာစီနဲ့ စုစုပေါင်း ၈ နေရာမှာ တွေ့ရှိခဲ့ပြီး ဖြစ်ပါတယ်။  နောက်ဆုံး ဖြစ်ပွားခဲ့တာကတော့ လွိုင်ကော်မြို့နယ် ပီကင်းကောခူကျေးရွာပါ။ စုစုပေါင်း ဝက်အကောင်ရေ ၁၂၀ မွေးမြူထားတဲ့ ခြံမှာ ဝက်အကောင်ရေ ၆၁ လောက် သေဆုံးမှု ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီရောဂါက ပြင်းထန်မယ်ဆိုရင် ဝက်တွေ ချက်ချင်း သေဆုံးနိုင်သလို၊ ကူးစက်ခံရပြီး မှိုင်တွေလာတာ၊  ခန္ဓာကိုယ်မှာ အရောင်ပြောင်းတာ စတဲ့ ရောဂါလက္ခဏာတွေ ပြပြီးမှ သေဆုံးတာလည်း ရှိပါတယ်။ နောက်တမျိုးကတော့ နာတာရှည်ရောဂါလိုဖြစ်ပြီး အရိုးအဆစ်တွေ ရောင်ပြီး သေဆုံးတာမျိုးလည်း ရှိတယ်လို့ သိရပါတယ်။  ဒါပေမဲ့ ဒီရောဂါလက္ခဏာတွေဟာ တခြား ဝက်ရောဂါတွေနဲ့လည်း ခွဲခြားရခက်တယ်လို့ သိရပါတယ်။  ပြီးခဲ့တဲ့ ဇွန်လအတွင်းကလည်း ချင်းပြည်နယ် ထန်တလန်မြို့မှာ ဆာကိုဗိုင်းရပ်စ်ကြောင့် ဝက်အကောင်ရေ ၄၀ ကျော် သေဆုံးမှု ဖြစ်ခဲ့ပါတယ်။ လက်ရှိမှာ ဒီကူးစက်ရောဂေတွေနဲ့ ပက်သက်ပြီးလုပ်ထုံး၊ လုပ်နည်းတွေနဲ့အညီ ကာကွယ်  ထိန်းချုပ်မှုတွေ လုပ်နေတယ်လို့ သိရပါတယ်။  စိုးချစ်ချစ်ပိုင်
10 months Ago

July 5, 2020

စနစ်တကျမမွေးသဖြင့် ဝက်များ သေဆုံးခြင်းဖြစ်နိုင်ဟု ဧရာဝတီတိုင်း မွေးမြူရေးနှင့်ကုသရေး တာဝန်ရှိသူပြော

ဧရာဝတီတိုင်းအတွင်း မြို့နယ်တွေမှာ ဇွန်လ တတိယပတ်ကစပြီး  ဝက်အမြောက်အမြား သေဆုံးတဲ့ သတင်းတွေ ထွက်ပေါ်နေပြီး စနစ်တကျမမွေးလို့ ဝက်တွေ သေတာဖြစ်နိုင်တယ်လို့ တိုင်းဒေသကြီး မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနက တာဝန်ရှိသူက ပြောဆိုလိုက်ပါတယ်။ တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနဦးစီးမှူး ဒေါက်တာမိုးမိုးခိုင်က “ဝက် သေဆုံးတယ်ဆိုတဲ့ သတင်းကတော့ အရပ်စကား ပျံ့နှံ့နေတာပေါ့။ တကယ်တော့ ရာသီ အကူးအပြောင်းကာလ ဖြစ်တယ်၊ စနစ်တကျ မွေးမြူထားတာ မရှိဘူးဆိုရင်တော့ ခုကာလမှာ တိရစ္ဆာန်လေးတွေ သေဆုံးတတ်ပါတယ်။ သက်ဆိုင်ရာ မွေးမြူရေးလုပ်ငန်းတွေနဲ့ တရားဝင် မွေးမြူထားတဲ့ သူတွေအနေနဲ့ကတော့ ဝက်တွေ အများကြီးသေတယ်လို့ သတင်းပို့တာ မရှိသေးပါဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။ ဖျာပုံခရိုင်အတွင်းနဲ့ မအူပင်ခရိုင်အတွင်းက မြို့နယ်တွေမှာ ဝက်အတော်တော်များများ သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီးတော့ အာဖရိကဝက်အပြင်းဖျားရောဂါကြောင့် သေဆုံးတာ ဖြစ်နိုင်ကြောင်း ပြောဆိုနေကြတဲ့အပေါ်မှာလည်း ဓာတ်ခွဲစစ်ဆေးမှုတွေ ပြုလုပ်ပြီးမှ အတည်ပြုနိုင်မယ်လို့ ဆိုပါတယ်။ “တိရစ္ဆာန်တွေမှာ ဖြစ်ပွားတက်တဲ့ ရောဂါတွေရဲ့ လက္ခဏာတွေက သိပ်မကွာခြားတတ်ဘူး။ ရောဂါလက္ခဏာကို အတည်ပြု ပြောကြားနိုင်ဖို့ဆိုတာ အပြင်ပုံစံကိုကြည့်ပြီး ပြောလို့ မရဘူး၊ ရောဂါနမူနာပစ္စည်းတွေကို ဓာတ်ခွဲခန်းကို ပေးပို့ပြီး စစ်ဆေးရပါတယ်။ ဓာတ်ခွဲခန်းက အတည်ပြု ပေးမှသာ ရောဂါအမည်ကို အတည်ပြုပြောကြားလို့ ရမှာဖြစ်တယ်”လို့ ပြောပါတယ် ဧရာဝတီတိုင်းအတွင်းက တပိုင်တနိုင်ဝက်မွေးမြူတဲ့သူတွေအနေနဲ့ ဝက်တွေကို စနစ်တကျ ခြံခတ်မွေးမြူဖို့၊ အစာအာဟာရမျှတလုံလောက်အောင် မျှတစွာကျွေးဖို့နဲ့ ကူးစက်ရောဂါကြိုတင် ကာကွယ်ဆေးကိုလည်း သက်ဆိုင်ရာ မြို့နယ်အလိုက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနဲ့ ချိတ်ဆက်ပြီး ဆေးထိုးတဲ့လုပ်ငန်းတွေကို လုပ်ဆောင်ဖို့ လိုတယ်လို့ တိုက်တွန်းပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ တတိယပတ်က စတင်ကာ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ဘက်မှာ ဝက် သေဆုံးမှုတွေ များလာတာကြောင့် ဝက်သားစျေးနှုန်း ၁ ပိဿာကို ၁၅၀၀ နှုန်းအထိ ကျဆင်းခဲ့ပြီး စားသုံးသူ ဦးရေ သိသိသာသာ ကျဆင်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေနဲ့ ဇူလိုင်လ ပထမပတ်မှ စတင်ကာ တိုင်းအတွင်းရှိ မွေးမြူရေးလုပ်ငန်း တပိုင်တနိုင်လုပ်ကိုင်သူတွေကို မြို့နယ်အလိုက် မွေးမြူရေး သင်တန်း ၅ ခုစီ သင်တန်းဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။ မင်းထက်မုန်း (ပုသိမ်)
11 months Ago
Up