အာဖရိကဝက်အပြင်းဖျားရောဂါ

March 12, 2019

တရုတ်တွင် အာဖရိက ဝက်အပြင်းဖျားရောဂါ ကူးစက်မှု ထိန်းချုပ်အပြီး ဝက်သားဈေးပြန်တက်

အာဖရိက ဝက်အပြင်းဖျားရောဂါ (ASF) ကူးစက်မှုကို တရုတ်အစိုးရက ထိန်းချုပ်အပြီး ဝက်သားဈေး ပြန်တက်လာခဲ့ပါတယ်။ တရုတ်နိုင်ငံအတွင်း အာဖရိက ဝက်အပြင်းဖျားရောဂါ (ASF) အဆိုးဆုံးကူးစက်မှု ပြန့်ပွားခဲ့အပြီး ၁၄ လအကြာမှာ အခြေအနေ တိုးတက်ကောင်းမွန်လာလို့ ကူးစက်မှု ထိန်းချုပ်ရေးအတွက် လုပ်ဆောင်မှု အားလုံးနီးပါးကို ဖယ်ရှားလိုက်ပြီလို့ တရုတ် စိုက်ပျိုးမွေးမြူရေးနဲ့ ကျေးလက်ဝန်ကြီးဌာနက မတ်လ ၈ ရက်မှာ ကြေညာခဲ့ပါတယ်။ အဲဒီနောက် မတ်လ ၁၁ ရက်နေ့မှာ ဝက်သားဈေး အမြင့်ဆုံး ပြန်တက်လာခဲ့တယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့ကနဲ့စာရင် ဝက်သားကို အကြီးစားထုတ်လုပ် စားသုံးတဲ့ ဒေသတွေမှာ ဝက်အရှင်ဈေးနှုန်း ၇ ရာခိုင်နှုန်း တက်လာခဲ့တယ်လို့ တရုတ်-အမေရိကန် လူသုံးကုန် သတင်းအချက်အလက် အကဲဖြတ်အဖွဲ့က ထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေက ဆိုပါတယ်။ "ဈေးတက်ရတဲ့ အကြောင်းရင်းက ဝက်အရေအတွက် ပိုနည်းလာလို့ပဲ၊ ဝက်သားထုတ်လုပ်နိုင်စွမ်းက ကျန်ခဲ့တဲ့ ၂ နှစ်မှာ ကျဆင်းခဲ့တယ်၊ အာဖရိက ဝက်အပြင်းဖျားရောဂါ ကူးစက်မှုက ဝက်ကောင်ရေ ပြန်ဖြည့်တင်းမှုကို ထိခိုက်စေတယ်" လို့ အကဲခတ် ယောင်ကွေ့လင်က ပြောပါတယ်။ ဈေးကွက်တောင်းဆိုမှု အားနည်းနေသေးပေမယ့် မတ်လအစောပိုင်းကထက်စာရင် ဝက်သားဈေး အနည်းငယ် ပြန်တက်လာခဲ့တာပါ။ အစိုးရက ရောဂါထိန်းချုပ်ရေး လုပ်ဆောင်ချက်တွေကို တင်းကျပ်ခဲ့အပြီး မွေးမြူရေးသမား တချို့က ဝက်မွေးမြူရေးကို စွန့်လွှတ်ခဲ့ပါတယ်။ တရုတ်အစိုးရဟာ အာဖရိက ဝက်အပြင်းဖျားရောဂါ ကူးစက်မှုနဲ့ ပတ်သက်တဲ့ ရာဇဝတ်မှု ၃၂ မှုကို နှိမ်နင်းခဲ့တယ်လို့ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနက သောကြာနေ့မှာ ပြောခဲ့တာပါ။ ရာဇဝတ်မှုတွေထဲမှာ ရောဂါကူးစက်မှု ပိုဖြစ်စေတဲ့ တရားမဝင် သားသတ်မှု၊ သယ်ယူပို့ဆောင်မှုနဲ့ ကူးစက်ခံ ဝက်သားထုတ်ကုန် ရောင်းချမှုတွေ ပါတယ်။ ရာနဲ့ချီတဲ့ သံသယရှိသူတွေကို ဖမ်းဖို့ ရဲတွေက စုံစမ်းစစ်ဆေးနေပြီလို့ စီစီတီဗွီ သတင်းဌာနက ထုတ်ပြန်ပါတယ်။ ရောဂါကူးစက်နေတဲ့ ဝက်နဲ့ တခြားတိရစ္ဆာန်တွေကို ရောင်းမှု အပါအဝင် ရာဇဝတ်မှု ငါးရာကျော်ကို နှိမ်နင်းခဲ့ပြီး ဒီအမှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ သံသယရှိသူ အယောက် ၉၆၀ ကျော်ကို ဖမ်းထားပြီးပြီလို့ ဝန်ကြီးဌာန ပြောခွင့်ရ ကို့လင်းက မြို့တော် ဘေကျင်းက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ အာဖရိက ဝက်အပြင်းဖျားရောဂါဟာ လူကိုကူးစက်တဲ့ သက်သေ မရှိသေးပါဘူး။ ဒါပေမယ့် ပြင်းထန်တဲ့ ရောဂါအမျိုးအစားက မွေးမြူရေးဝက်နဲ့ တောဝက်တွေကို ကူးစက်ခဲ့ရင် ရာနှုန်းပြည့်နီးပါး သေဆုံးစေနိုင်တယ်လို့ ကနေဒါ စားသောက်ကုန်စစ်ဆေးရေး အေဂျင်စီက သတင်းထုတ်ပြန်ထားပါတယ်။
2 years Ago
Up