အာဖရိကဖလားပြိုင်ပွဲ

November 25, 2021

အာဖရိကဖလားပြိုင်ပွဲက သေးငယ်သည်ဟု ဆိုလိုခြင်းမဟုတ်ကြောင်း နည်းပြကလော့ပ်ဖြေရှင်း

လာမယ့်ဇန်နဝါရီမှာ ကျင်းပမယ့် အာဖရိကနိုင်ငံများဖလား ပြိုင်ပွဲဟာ သေးငယ်တဲ့ပြိုင်ပွဲလို့ ဆိုလို တာမဟုတ်ကြောင်း လီဗာပူးနည်းပြ ဂျာဂန်ကလော့ပ်က ပြောပါတယ်။ 

ကလော့ပ်ဟာ သူ့ရဲ့ အားအထားရဆုံးကစားသမား ၂ ဦးဖြစ်တဲ့ ဆာလာနဲ့ မာနေး ကို အာဖရိကဖလား ပြန်လည်စေလွှတ်ပေးရမှာဖြစ်ပြီး လီဗာပူးရဲ့ ပွဲစဉ်တချို့ကို လွဲချော်ဖို့ရှိနေတာပါ။ 

ပြီးခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတွေမှာ  နည်းပြ ကလော့ပ်က ဇန်နဝါရီမှာ ပြိုင်ပွဲအနည်းငယ်ရှိပြီး နိုင်ငံတကာပြိုင်ပွဲ ရက်သတ္တပတ်မဟုတ်တာကြောင့် အဓိက ကစားသမား ၂ ဦး စေလွှတ်ပေးရတာက နစ်နာမှုရှိကြောင်း ပြောခဲ့ပါတယ်။ 

အဲဒီအပေါ်မှာ အာဖရိက ဖလားပြိုင်ပွဲက သေးငယ်ပြီး အရေးမပါတဲ့ ပြိုင်ပွဲဖြစ်တယ်လို့ ဆိုလိုတာလားလို့ သတင်းထောက်တစ်ဦးက မေးမြန်းခဲ့ရာမှာ ကလော့ပ်က ပြန်လည်ဖြေရှင်းခဲ့တာဖြစ်ပါတယ်။ 

အာဖရိကဖလားက သေးငယ်တဲ့ပြိုင်ပွဲလို့ ဆိုတာဟာ အာဖရိကကလူတွေကို စော်ကားရာရောက်ပြီး အဲဒီလို မဆိုလိုကြောင်း အင်္ဂလိပ်စကားပြောနေကျ Native Speaker မဟုတ်တာကြောင့် “There is a little tournament in January “ လို့ပြောတာကို စကားလုံး အသုံး နှုန်းလွဲမှားသွားတာ ဖြစ်နိုင်ကြောင်း ဂျာဂန် ကလော့ပ်က ပြန်လည်ဖြေရှင်းသွားခဲ့ပါတယ်။ 

အာဖရိကဖလားကို လာမယ့် ဇန်နဝါရီ၉ ရက်ကနေ ဖေဖော်ဝါရီ ၆ ရက်အထိ ကင်မရွန်းနိုင်ငံက လက်ခံကျင်းပမှာဖြစ်ပြီး လီဗာပူးက ဆာလာ၊ မာနေးနဲ့ ကီတာတို့ကို စေလွှတ်ပေးရမှာဖြစ်ပါတယ်။

1 week Ago
Up