သားရိုင်းတိရစ္ဆာန်တွေကြားမှာ ခြင်္သေ့တွေကို တောဘုရင်တွေအဖြစ် တင်စားလေ့ ရှိကြပါတယ်။
ဒါပေမယ့် သူတို့ဟာ တကောင်တည်းရှိနေတာ အလွန်ကိုနည်းပါးပြီး ဦးဆောင်ခြင်္သေ့ရဲ့နောက်က လိုက်ပါကာ အုပ်စုဖွဲ့ သွားလာနေထိုင်လေ့ ရှိကြတာပါ။
သားကောင်ကို ချောင်းမြောင်းရင်ဖြစ်ဖြစ်၊ တိုက်ခိုက်ရန်မူရင်ဖြစ်ဖြစ် အုပ်စုဖွဲ့ပြီး တိုက်ခိုက်လေ့ ရှိကြပါတယ်။
ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ခြင်္သေ့တကောင်ထက် အရွယ်အစားကြီးမားတဲ့ အာဖရိက ကျွဲတကောင်နဲ့ အုပ်စုလိုက်ရင်ဆိုင်ပြီး အားပြိုင်တိုက်ခိုက်ကြပုံတွေကို တွေ့ရမှာပါ။
အာဖရိကန်ကျွဲအမျိုးအစား မျိုးစိတ်တွေကတော့ အာဖရိကဒေသမှာသာ တွေ့ရနိုင်တဲ့ မျိုးစိတ်တမျိုးဖြစ်ပြီး သူတို့ဟာ သစ်တော၊ မြက်ခင်းလွင်ပြင်နဲ့ မြေနိမ့်ပိုင်း မိုးသစ်တောတွေထဲမှာ အုပ်စုဖွဲ့ နေထိုင်လေ့ရှိပါတယ်။
သူတို့ဟာ ကြီးမားတဲ့ သတ္တဝါမျိုးစိတ်ထဲမှာ ပါဝင်ပြီး အလျား ၆ ဒသမ ၈ ပေကနေ ၁၁ ပေထိ၊ အမြင့် ၃ ဒသမ ၂ ပေကနေ ၅ ဒသမ ၆ ပေထိ၊ ကိုယ်အလေးချိန်ပေါင် ၆၆၀ ကနေ ၁၉၀၀ ထိ ရှိနိုင်ပါတယ်။
ကြီးမားတဲ့ ဦးခေါင်း၊ ကျယ်ပြန့်တဲ့ ရင်အုပ်၊ သန်မာတဲ့ ခြေထောက်တွေရှိတဲ့ ဒီကျွဲတွေဟာ သာမန်နွားထီးတကောင်ထက် ၄ ဆ ပိုမိုသန်စွမ်းပါတယ်။
ဒါပေမယ့် အုပ်စုဖွဲ့ အခြေအနေနဲ့ နေထိုင်လေ့ရှိတဲ့ အခြေအနေနဲ့ တကောင်တည်းရှိနေချိန် အန္တရာယ်နဲ့ ရင်ဆိုင်ရတဲ့ အခြေအနေဟာ ကွာခြားမှုရှိနေပါလိမ့်မယ်။
ရုပ်သံဗွီဒီယိုဖိုင်အစပိုင်းမှာ ကျွဲကြီးအနီးကို ခြင်္သေ့တကောင်က ကပ်လာပြီး တိုက်ခိုက်ဖို့ ကြိုးစားခဲ့ချိန်မှာ ရုန်းပြီး ပြန်ခါလိုက်တဲ့အတွက် အနောက်ကို ရှဲသွားခဲ့တာ တွေ့ရပါတယ်။
အဲဒီနောက် တခြားခြင်္သေ့တွေဟာ ခပ်ဝေးဝေးဆီက တဖြည်းဖြည်းကပ်လာလိုက်၊ ကျွဲကြီးက ပြန်တိုက်ခိုက်ဖို့ ပြင်လိုက်ရင် ပြန်ရှဲသွားလိုက်နဲ့ အချိန်အတော်ကြာ ရှိနေကြပါတယ်။
အဲဒီနောက်မှာတော့ ခြင်္သေ့တွေဟာ ကျွဲကြီးရဲ့အနားကို စုစုစည်းစည်းနဲ့ ဝိုင်းလာခဲ့ကြပြီးနောက်မှာတော့ တကောင်က ကျောပေါ်တက်ကိုက်ဆွဲလိုက်၊ နောက်တကောင်က ရှေ့ကခုန်တိုက်လိုက်နဲ့ ရှိနေခဲ့ပြီး နောက်ဆုံးတော့ ကျွဲကြီးဟာ တောင့်ခံမထားနိုင်တော့ဘဲ မြေကြီးပေါ် လဲကျသွားခဲ့တာပါ။
အဲဒီအချိန်မှာ ခြင်္သေ့တွေဟာ ကျွဲကြီးရဲ့ ခန္ဓာကိုယ်အနှံ့ ဝိုင်းအုံကိုက်ခဲနေခဲ့ကြပါတယ်။
ရုပ်သံတနေရာမှာတော့ ကျွဲကြီးဟာ ပြန်လည်ထနိုင်လာခဲ့ပေမယ့် ခြင်္သေ့တွေက ဝိုင်းဝန်းကိုက်ခဲနေကြတာမို့ နောက်တကြိမ်ပြန်လဲကျခဲ့ပြီး ကိုက်ခဲစားသောက်နေကြတာကို တွေ့ရပါတယ်။
6 years Ago