အာဖရိကန်

July 17, 2018

အလုံးအရင်းနှင့် ဝင်ရောက်လာသည့် ရွှေ့ပြောင်းလာသူများကြောင့် စပိန် အခက်ကြုံ

စပိန်နိုင်ငံတောင်ပိုင်း မြို့တွေဟာ အလုံးအရင်းနဲ့ ဝင်ရောက်လာတဲ့ အာဖရိကန် ရွှေ့ပြောင်းလာသူတွေကို နေရာချထားပေးဖို့ အခက်အခဲတွေ ကြုံတွေ့နေပါတယ်။ ဒီနှစ်အဖို့ စပိန်နိုင်ငံဟာ ရွှေ့ပြောင်းလာသူ ၁၈,၀၀၀ ခန့်ကို လက်ခံခဲ့ပြီး အီတလီ၊ ဂရိနိုင်ငံတွေထက် ကျော်လွန်ခဲ့တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များအေဂျင်စီ (UNHCR) က ဆိုပါတယ်။ အာဖရိကက ရွှေ့ပြောင်းလာသူတွေ စပိန်ကို အလုံးအရင်းနဲ့ ဝင်ရောက်ခဲ့တာကြောင့် လက်ခံရေးစခန်းတွေမှာ လိုအပ်ချက် ကြီးကြီးမားမား ဖြစ်ပေါ်နေပါတယ်။ တာရီဖာမြို့ကောင်စီလူကြီး ပါကီဒါဂိုက “မြို့အားကစားခန်းမကို အရင်အဟောင်းတုန်းကရော အခုအသစ်မှာပါ  ရွှေ့ပြောင်းလာသူတွေ လက်ခံရေးစခန်းအဖြစ် အမြဲဖွင့်လှစ်ထားပါတယ်။ ဒါပေမယ့် ဒီနေရာဟာ သူတို့အတွက် သင့်တော်တဲ့နေရာ မဟုတ်ပါဘူး” လို့ ပြောပါတယ်။ “ဒီစပိန်တောင်ပိုင်းကို လှေငယ်လေးတွေနဲ့ ရွှေ့ပြောင်းလာသူတွေ ဝင်နေတာ အနှစ် ၃၀ ရှိနေပါပြီ။ ဒါပေမယ့် ဒီနေရာမှာ သူတို့အတွက် အကုန်ဆောင်ရွက်ပေးနိုင်တဲ့ လက်ခံရေးစခန်း တည်ဆောက်ဖို့က အခုထိ မဆုံးဖြတ်ရသေးပါဘူး” လို့ ဘုန်းတော်ကြီး ဂေဘရီယယ် ဒယ်ဂါဒိုက ပြောပါတယ်။ ရောက်ရှိလာတဲ့ ရွှေ့ပြောင်းလာသူတွေနဲ့ ပတ်သက်ပြီး နေရာထိုင်ခင်း အရေးတကြီး  လိုအပ်မှုတွေက ရှိနေပါတယ်။ ဒီအတွက် စပိန်နိုင်ငံဟာ နောက်ထပ် ခက်ခဲတဲ့ နှစ်တနှစ်ကို ရင်ဆိုင်နေရတယ်လို့ UNHCR က သတိပေးထားပါတယ်။ ဒါ့အပြင် ဥရောပဟာ ရင်မောစရာကောင်းလှတဲ့ ကမ္ဘာလွှမ်းခြုံဖြစ်စဉ်နဲ့ ရှေ့ဆက်နေရကြောင်း၊ အဲဒါကတော့ တိုင်းတပါးသားကို လက်မခံတာနဲ့ ရွံမုန်းတဲ့ ဖြစ်စဉ်ပဲဖြစ်ကြောင်း  ဘုန်းတော်ကြီး ဒယ်ဂါဒိုက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
3 years Ago

June 30, 2018

အာဖရိကန်စစ်ဌာနချုပ်ကို အိုင်အက်စ်များ စီးနင်းတိုက်ခိုက်မှုကြောင့် ၆ ဦးသေ

မာလီနိုင်ငံအလယ်ပိုင်းရှိ အာဖရိကန်စစ်ဌာနချုပ်တခုကို အိုင်အက်စ်စစ်သွေးကြွတွေက ဇွန်လ ၂၉ ရက်နေ့က စီးနင်းတိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံးခဲ့ပါတယ်။ ဆေဗာမြို့ရှိ စစ်ဌာနချုပ်ဝင်းထဲကို တိုက်ခိုက်သူတွေက ယာဉ်တစီးနဲ့ ဝင်ရောက်ခဲ့ပြီးနောက် တပ်ဖွဲ့ဝင်တွေနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ စစ်သွေးကြွ ၄ ဦးနဲ့ စစ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ G5 တပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။ အဲဒီ G5 တပ်ဖွဲ့ဟာ အနောက်အာဖရိက ဆာဟယ်-ဒေသရှိ အိုင်အက်စ်စစ်သွေးကြွတွေကို အမြစ်ဖြတ်သုတ်သင်ဖို့ မာလီ၊ နိုင်ဂျာ၊ ဘာကီနာဖာဆို၊ ချဒ်နဲ့ မော်ရီတေးရီးယားနိုင်ငံတွေက စစ်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ ညွန့်ပေါင်း တပ်ဖွဲ့ဖြစ်ပါတယ်။
3 years Ago
Up