အာဖရိကတိုက်မှာ ပြီးခဲ့တဲ့တပတ်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်းနဲ့ လူသေဆုံးမှုနှုန်း မြင့်တက်လာနေတာကို စိုးရိမ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အကြီးအကဲက ဧပြီ ၁၇ ရက်မှာ ပြောကြားလိုက်ပါတယ်။
WHO အကြီးအကဲက အာဖရိကမှာ တပတ်အတွင်း ကူးစက်ခံလူနာတွေ့ရှိမှု ၅၁ ရာခိုင်နှုန်း မြင့်တက်လာပြီး သေဆုံးသူကလည်း ၆၀ ရာခိုင်နှုန်း မြင့်တက်လာလို့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ အာဖရိကကို ထောက်ပံ့ကူညီဖို့လည်း ဂျီနီဗာမှာ လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ တိုက်တွန်းလိုက်ပါတယ်။
အာဖရိက ကူးစက်ရောဂါထိန်းချုပ်ရေးနဲ့ တားဆီးရေးစင်တာများအဖွဲ့ဟာ လာမယ့်အပတ်ကစလို့ အာဖရိကတတိုက်လုံးအနှံ့ ကိုရိုနာဗိုင်းရပ်စ် ရှိ၊ မရှိ ဆေးစစ်ချက် ၁ သန်းကျော်ကို လုပ်ဆောင်ပေးသွားမယ်လို့ သူက ဆိုပါတယ်။
WHO ရဲ့ ကပ်ဘေးဆိုင်ရာရန်ပုံငွေ Solidarity Response Fund မှာလည်း အလှူငွေ အမေရိကန် ဒေါ်လာသန်း ၁၅၀ လက်ခံရရှိထားပြီး ဒီငွေတွေကို ဆေးဘက်ဆိုင်ရာပစ္စည်းတွေနဲ့ မရှိမဖြစ် ထောက်ပံ့မှုတွေလုပ်ဖို့ လိုအပ်နေတဲ့နိုင်ငံတွေကို ထောက်ပံ့ပေးသွားမယ်လို့ ရိုက်တာသတင်းက ဖော်ပြထားပါတယ်။
11 months Ago