အာဖဂန် အစိုးရသစ်

September 4, 2021

အာဖဂန်အစိုးရသစ်ကို တာလီဘန် ပူးတွဲတည်ထောင်သူ မူလာဘရာဒါ ဦးဆောင်မည်

တာလီဘန်အဖွဲ့ကို ပူးတွဲတည်ထောင်ခဲ့သူ  မူလာအဗ္ဗဒူဂါနီဘရာဒါဟာ မကြာခင်မှာ ကြေညာတော့မယ့် အာဖဂန်အစိုးရသစ်ကို ဦးဆောင်လိမ့်မယ်လို့ အစ္စလာမ္မစ်အဖွဲ့မှ သတင်းရင်းမြစ်တွေက စက်တင်ဘာ ၃ ရက်မှာ ပြောပါတယ်။

တာလီဘန်ရဲ့နိုင်ငံရေးရုံးကို ဦးဆောင်တဲ့ ဘရာဒါကို တာလီဘန်ရဲ့ ပူးတွဲတည်ထောင်တဲ့  ကွယ်လွန်သူ မူလာမိုဟာမက်အိုမာရဲ့ သားဖြစ်သူ မူလာမိုဟာမက်ယာကွတ်ဘ်နဲ့ ကာတာနိုင်ငံ ဒိုဟာမြို့က လက်ရှိ တာလီဘန်နိုင်ငံရေးရုံးရဲ့ ဒုတိယအကြီးအကဲ ရှိရာမိုဟာမက်အာဘတ်စ်စတန်နစ်ခ်ဇိုင်းတို့က အစိုးရထဲက ထိပ်တန်းရာထူးတွေမှာ ပူးပေါင်းလိမ့်မယ်လို့ သတင်းရင်းမြစ်သုံးခုက ပြောပါတယ်။ 

တာလီဘန်ရဲ့ အဓိပတိဘာသာရေးခေါင်းဆောင် ဟိုင်ဗတူလာအခွန်ဇာဒါဟာ ဘာသာရေးကိစ္စတွေနဲ့ အစ္စလာမ်သာသနာ မူဘောင်အတွင်းက အုပ်ချုပ်မှုကို အာရုံစိုက် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ နောက်ထပ် တာလီဘန် သတင်းရင်းမြစ်တစ်ခုက ဆိုပါတယ်။

အစိုးရသစ်ကိုကြေညာဖို့ နောက်ဆုံးအဆင့်ပြင်ဆင်မှုတွေ လုပ်နေတဲ့ ကဘူးလ်ကို အဆင့်မြင့်ဆုံး ခေါင်းဆောင်တွေအားလုံး ရောက်လာကြပြီလို့ အမည်မဖော်လိုသူ တာလီဘန်အရာရှိတစ်ဦးက ရိုက်တာကို ပြောပါတယ်။ 

လတ်တလောမှာ တာလီဘန်တွေဟာ ပန်ဂျ်ရှီယာတောင်ကြားက သူပုန်တိုက်ခိုက်ရေးသမား တွေကို တိုက်ခိုက်နေရပြီး စီးပွားရေးပြိုလဲမှုကိုလည်း ကာကွယ်ဖို့ ကြိုးပမ်းနေရပါတယ်။

3 months Ago
Up