အာဖဂန်နစ္စတန်နိုင်ငံရဲ့ မြို့တော်ကဘူးက ရာချီတဲ့ အိုးအိမ်စွန့်ခွာ မိသားစုတွေအတွက် စားနပ်ရိက္ခာနဲ့စောင်တွေကို အကူအညီပေးရေးအေဂျင်စီတွေက အောက်တိုဘာ ၁၃ ရက်မှာ ဝေပေးခဲ့ပါတယ်။
ကုလသမဂ္ဂရုံးစိုက်ရာ ပရဝုဏ်အတွင်း ဝေပေးနေတဲ့ စားနပ်ရိက္ခာတွေနဲ့ အခြေခံ အိမ်သုံးပစ္စည်းတွေ ကို လူတွေ တန်းစီ လာယူခဲ့ကြပြီး မိသားစု အများအပြားက အကူအညီ အသည်းအသန် လိုနေပေမဲ့ အကူအညီပေးရေးဟာ စိန်ခေါ်မှု ကြီးတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
လာမယ့် ဆောင်းရာသီမှာ အာဖဂန်ဟာ အငတ်ဘေး အကြီးအကျယ် ဆိုက်မယ့် အလားအလာကို ရင်ဆိုင်ရမယ်ဆိုတဲ့ သတိပေးချက်တွေ ထွက်ပေါ်လာအပြီး လူသားချင်း စာနာမှုအကူအညီတွေ အာဖဂန်ကို စတင် ရောက်ရှိ လာပါပြီ။
ဒီအကူအညီ ဖြန့်ဖြူးရေးကို ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR)၊ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်မှု အဖွဲ့အစည်း (IOM) ၊ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် WFP နဲ့ ဒိန်းမတ် အကူအညီပေးရေးအဖွဲ့အစည်း DACAAR တို့က ကြီးကြပ်ခဲ့ပါတယ်။
တနင်္လာနေ့က အေးစိမ့်နေတဲ့ ရာသီဥတုကြောင့် ကဘူးမြို့ အတွင်းက ထောင်ချီတဲ့ စစ်ဘေးရှောင် မိသားစုတွေကို အကူအညီတွေ အရေးပေါ် ပေးဖို့ ပိုလိုအပ်ကြောင်း သိသာလာခဲ့ပါတယ်။
သူတို့အများအပြားဟာ ပြည်နယ်တွေကနေ ထွက်ပြေးလာသူတွေဖြစ်ပြီး မြို့ပတ်လည်က ယာယီတဲတွေ ခိုလှုံစရာ နေရာတွေမှာ နေထိုင် အိပ်စက် နေရတာပါ။
တာလီဘန်တွေက အာဖဂန်ကို သိမ်းပိုက်အပြီး ပြည်သူ တဝက်လောက်ရှိတဲ့ လူ ၁၈သန်းကျော်ဟာ လူသားချင်း စာနာမှု အကူအညီတွေ လိုနေတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ပြောပါတယ်။
လူဦးရေရဲ့ ၉၇ ရာခိုင်နှုန်းဟာ အဆိုးဆုံးအခြေအနေ အောက်ကို လာမယ့်နှစ်မှာ ရောက်ဖို့ရှိပြီး ဆင်းရဲမွဲတေသွားနိုင်တယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။