အာဖဂန်သမ္မ

August 15, 2021

အာဖဂန်သမ္မတက ဒေသခံခေါင်းဆောင်များ၊ နိုင်ငံတကာမိတ်ဖက်များနှင့် အရေးပေါ်ဆွေးနွေး

အာဖဂန်နစ္စတန်နိုင်ငံမှာ သမ္မတအဲ့ရှ်ရဲ့ဖ်ဂါနီက ဒေသခံခေါင်းဆောင်တွေ၊ နိုင်ငံတကာ မိတ်ဖက်တွေနဲ့ အရေးပေါ် ဆွေးနွေးနေတယ်လို့ ရိုက်တာသတင်းဌာနက သြဂုတ် ၁၄ ရက်မှာ ဖော်ပြပါတယ်။

တာလီဘန်သူပုန်တွေရဲ့ ထိုးစစ်က မြို့တော် ကဘူးလ်နဲ့ နီးကပ်လာနေပြီး မြို့တော်တောင်ဘက်က ဝင်ပေါက်မြို့ တစ်မြို့ဖြစ်တဲ့ အဓိကမြို့ကို သိမ်းပိုက်ခဲ့အပြီး ခုလို ပြောလိုက်တာပါ။

ပြည်သူတွေ ရွှေ့ပြောင်းရတာ၊ အကြမ်းဖက်မှုနဲ့ မတည်ငြိမ်မှုတွေကို ထပ်ရင်ဆိုင်ရတာတွေ မဖြစ်အောင် ဟန့်တားဖို့ အာရုံစိုက်ထားတယ်လို့ သမ္မတက ပြောပါတယ်။

အမေရိကန်နဲ့ တခြားနိုင်ငံတွေကတော့ သူတို့ရဲ့ သံရုံးတွေကို ကယ်ဖို့ စစ်တပ်တွေ အမြန် လွှတ်နေကြပါပြီ။

နိုင်ငံရေး ကျေအေးဖို့နဲ့ အပစ်အခတ်ရပ်စဲဖို့ ဘယ်လိုဆွေးနွေးပွဲအတွက်မဆို သမ္မတက ရာထူးက နုတ်ထွက်ပေးရမယ်ဆိုတဲ့ တာလီဘန်တွေရဲ့ တောင်းဆိုချက်ကို တုံ့ပြန်မယ့် လက္ခဏာကိုတော့ သူက မပြခဲ့ပါဘူး။ 

အာဖဂန်ရဲ့ ဒုတိယအကြီးဆုံးမြို့ ကန်ဒဟာမြို့ကိုလည်း တာလီဘန်တွေက သိမ်းပိုက်ခဲ့ပြီး မုခ်ဦးထိပ်မှာ သူတို့အလံကို လွှင့်ထူနေတဲ့ပုံကို တာလီဘန် ပြောခွင့်ရက သူ့ရဲ့ တွစ်တာ အကောင့်မှာ သြဂုတ် ၁၄ ရက်က တင်ခဲ့ပါတယ်။

တာလီဘန်တွေက နိုင်ငံတဝန်း နယ်မြေတွေ ရုတ်တရက် စီးနင်းသိမ်းပိုက် ထားနိုင်ခဲ့ပေမဲ့ ကဘူးမြို့တော်ကတော့ အသိမ်းခံရလု ဆဲဆဲအနေအထားမှာ မဟုတ်ပါဘူးလို့ အမေရိကန်ရဲ့ ပင်တဂွန်စစ်ဌာနချုပ် ပြောခွင့်ရက သြဂုတ် ၁၃ ရက်မှာ ပြောပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂုတားရဲ့စ်ကလည်း အာဖဂန်မှာ တာလီဘန်တွေ ထိုးစစ်ဆင်နေတာကို ချက်ချင်းရပ်ဖို့ သြဂုတ် ၁၃ ရက်မှာ ဆော်သြလိုက်ပါတယ်။

အခုအချိန်ဟာ အသည်းအသန် ညှိနှိုင်းတာစရမယ့် အချိန်၊ အာဖဂန်ကို အထီးကျန်စေပြီး ပြည်တွင်းစစ်ကို ရှည်ကြာစေမယ့်ကိစ္စကို ရှောင်ရမယ့် အချိန်ပဲလို့ ဂုတားရဲ့စ်က သတင်းထောက် တွေကို နယူးယောက်မြို့မှာ ပြောပါတယ်။

4 months Ago
Up