အာဖဂန်နိုင်ငံသား

November 4, 2021

အာဖဂန်နိုင်ငံသားများအတွက် ဆောင်းကာလအကူအညီများ UNHCR ပေးပို့

အာဖဂန်နစ္စတန်နိုင်ငံမှာ ပြည်သူတွေဆောင်းရာသီအတွက် ပြင်ဆင်ရေးကူညီဖို့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က အရေး‌ပေါ် အကူအညီပစ္စည်း တန်ချိန် ၃၀ လောက်ကို သင်္ဘောနဲ့ တင်ပို့ပေးလိုက်ပြီလို့ UNHCR က ထုတ်ပြန်ထားပါတယ်။

အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ အာဖဂန်နိုင်ငံသားတွေအတွက် ဆောင်းရာသီ လိုအပ်ချက်တွေ အများစုပါတဲ့ အကူအညီတွေ ကဘူးမြို့တော်ကို ချာတာလေယာဉ်နဲ့ ရောက်လာခဲ့ပါတယ်။

အကူအညီတွေပါတဲ့ ချာတာ လေယာဉ် နောက်ထပ် ၂ စီး ဒီသီတင်းပတ် နှောင်းပိုင်းမှာ ထပ်ရောက်ဖို့ စီစဉ်ထားပြီး ယာယီတဲတွေထဲမှာ နေရသူတွေအတွက် အခင်းတွေနဲ့ အပူအအေး ကာကွယ်တဲ့ ပစ္စည်းတွေ ပါတယ်လို့ ဆိုပါတယ်။

“ဒီနှစ်ထဲမှာ လူ ၁၈ ဒသမ ၄ သန်းဟာ အကူအညီတွေ လိုနေတယ် ၊ အခု ဆောင်းရာသီ ရောက်ပြီမို့ လာမယ့်နှစ်မှာ လူ ၂၄ ဒသမ ၄ သန်းဟာ စားနပ်ရိက္ခာ၊ အမိုးအကာ၊ ကျန်းမာရေးနဲ့ အာဟာရ အကူအညီတွေ လိုအပ်မယ်လို့ ခန့်မှန်းထားတယ်။ အထောက်အပံ့တွေ ပေးဖို့ အင်မတန် အဆောတလျင် လိုအပ်နေတယ်” လို့ UNHCR ရဲ့ အာဖဂန်နစ္စတန် ဆိုင်ရာ အရေးပေါ် ညှိနှိုင်းဆောင်ရွက်ရေးမှူး တာ့ခဲရှိ မိုရိယာမက ပြောပါတယ်။

အနောက်နိုင်ငံတွေက ကျောထောက်နောက်ခံပေးထားတဲ့ အစိုးရကို တာလီဘန်တွေက တိုက်မထုတ်ခင်ကတည်းက အာဖဂန်ပြည်သူ ၁၈ သန်းကျော်ဟာ လူသားချင်းစာနာမှု အကူအညီတွေကို လိုအပ်နေခဲ့တာလို့ UNHCR က ပြောပါတယ်။

ခုတော့ တိုက်ပွဲတွေကြောင့် ပြည်နယ်တွေကနေ ထွက်ပြေးလာတဲ့ လူအများအပြားဟာ မြို့တော် ပတ်လည်က ယာယီတဲတွေထဲမှာ နေရပြီး အေးခဲနေတဲ့ ရာသီဥတုကြောင့် အထောက်အပံ့တွေ အရေးပေါ် လိုအပ်နေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ 

4 weeks Ago

August 14, 2021

အာဖဂန်နိုင်ငံသား ရာချီ ပါကစ္စတန်နယ်စပ်သို့ ထွက်ပြေး

တာလီဘန်တွေဟာ အာဖဂန်နစ္စတန်ကို သိမ်းပိုက်ထိန်းချုပ်မှုတွေ ပိုတိုးလာတာကြောင့် အာဖဂန်လူမျိုး ရာပေါင်းများစွာဟာ သြဂုတ် ၁၃ ရက်က ပါကစ္စတန် နယ်စပ်ဝင်ထွက်ဂိတ်ဆီကို ထွက်ပြေးလာကြပါတယ်။

ပါကစ္စတန်-အာဖဂန် နယ်စပ်ဂိတ်တံခါးကို သီတင်းတပတ်ကြာလောက် ပိတ်ထားပြီး နောက်မှာ ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့တွေဟာ ၂ နိုင်ငံ ကုန်သွယ်နယ်စပ်ဂိတ်ကို ဖြတ်ကျော် ဝင်ရောက်လာတဲ့ အာဖဂန်လူမျိုးတွေကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့ပါတယ်။ 

အမေရိကန်ဦးဆောင်တဲ့ နိုင်ငံခြားတပ်ဖွဲ့တွေ ဆုတ်ခွာချိန်မှာ ပြီးခဲ့တဲ့လက အာဖဂန်တလွှား အဓိကကျတဲ့နေရာတွေကို သိမ်းယူနိုင်ခဲ့တဲ့ တာလီဘန်တွေဟာ အာဖဂန်နစ္စတန်နိုင်ငံသားတွေကို ဗီဇာကင်းလွတ်ခွင့်ရပ်ဆိုင်းဖို့ ပါကစ္စတန်ရဲ့ ဆုံးဖြတ်ချက်ကို ကန့်ကွက်တဲ့အနေနဲ့ သြဂုတ် ၆ ရက်မှာ ပိတ်ပစ်မယ်လို့ ကြေညာခဲ့ပါတယ်။ 

သဘောထားတင်းမာတဲ့ အစ္စလာမ္မစ်တာလီဘန်တွေက အာဖဂန်နစ္စတန်နိုင်ငံသားတွေကို အာဖဂန်နိုင်ငံသား မှတ်ပုံတင်ကတ် (သို့) ပါကစ္စတန်မှ ထုတ်ပေးတဲ့ ဒုက္ခသည်မှတ်ပုံတင်ကတ်ပြားနဲ့ ဖြတ်ကျော်ခွင့်ပြုဖို့ ပါကစ္စတန်ကို တောင်းဆိုထားပါတယ်။ 

ပါကစ္စတန်ကို ဆေးကုသဖို့ ရောက်လာကြတဲ့ အာဖဂန်လူမျိုး ရာပေါင်းများစွာဟာ အာဖဂန်နစ္စတန်ရဲ့ ဒုတိယအစည်ကားဆုံး Chaman-Spin Boldak နယ်စပ်ဖြတ်လမ်းကနေတဆင့် အာဖဂန်နစ္စတန်ကို ဝင်ရောက်ဖို့ ရက်အတော်ကြာ စောင့်ဆိုင်းနေရတာပါ။

 နယ်စပ်အရာရှိတွေဟာ အတားအဆီးတွေဆီ သွားနေကြတဲ့ အာဖဂန်လူမျိုးတွေကို လက်ကိုင်တုတ်တွေသုံးပြီး တားဆီးခဲ့ကြပါတယ်။ 

တာလီဘန်တွေ မသိမ်းပိုက်ခင်ကတော့ ဒီနယ်စပ်ဖြတ်လမ်းမှာ ကုန်တင်ကားအစီး ၉၀၀ လောက် နေ့စဉ် အသွားအလာရှိပါတယ်။ 

ဗီဇာမလိုဘဲ ခရီးသွားလာခွင့်အတွက် ပါကစ္စတန်နဲ့ နယ်စပ်ကိုဖွင့်ခြင်းမှာ သာမန်အာဖဂန် လူမျိုးတွေဆီကနေ အကျိုးအမြတ် ရရုံမက တာလီဘန် တိုက်ခိုက်ရေးသမားတွေနဲ့ တပ်မှူးတွေ နေထိုင်ကြတဲ့ ပါကစ္စတန်ရဲ့ဒေသတွေဆီကို လမ်းကြောင်းပေါက် လွယ်ကူသွားတာပါ။ 

ပါကစ္စတန်နဲ့ တာလီဘန်တွေဟာ ကောင်းမွန်တဲ့ဆက်ဆံရေးကို ရေရှည်ထိန်းသိမ်းထားပေမဲ့ စက်တင်ဘာ ၁၁ ရက်ဖြစ်စဉ်မှာ အမေရိကန်ကိုတိုက်ခိုက်ခဲ့တဲ့ အယ်လ်ကိုင်ဒါစစ်သွေးကြွတွေကို ခိုလှုံခွင့်ပေးခဲ့တဲ့အတွက် ၂၀၀၁ ခုနှစ်မှာ အစွန်းရောက် အစ္စလာမ္မစ်တွေကို အာဏာမှဖြုတ်ချခဲ့တဲ့ အမေရိကန်ဦးဆောင်တဲ့ အာဖဂန်နစ္စတန် ကျူးကျော်မှုအပြီးမှာ ပါကစ္စတန်-တာလီဘန် ဆက်ဆံရေး အဆုံးသတ်ခဲ့တယ်လို့ အစ္စလာမ်မာဘတ်က ပြောပါတယ်။ 

တာလီဘန်တွေကို ပါကစ္စတန်က ထောက်ခံမှုတွေဆက်ပေးနေသလို တာလီဘန် ခေါင်းဆောင်အတော်များများကလည်း ပါကစ္စတန်မှာ လုံခြုံပျော်မွေ့နေတယ်လို့ အနောက်အစိုးရ တွေနဲ့ ကဘူးလ်အစိုးရတို့က ပြောဆိုထားပြီး အစ္စလာမ်မာဘတ်ကတော့ တချို့ အချက်တွေကို ငြင်းဆန်ထားပါတယ်။ 

4 months Ago
Up