အာဖဂန်နစ္စတန်နိုင်ငံ

February 17, 2020

အမေရိကန်-တာလီဘန် ဆွေးနွေးပွဲ အာဖဂန်နိုင်ငံတွင်း အကြမ်းဖက်မှုများ လျှော့ချနိုင်မည်ဟု ကုလမျှော်လင့်

အမေရိကန်နဲ့ တာလီဘန်တွေကြား ဆွေးနွေးပွဲတွေဟာ အာဖဂန်နစ္စတန်နိုင်ငံအတွင်း အကြမ်းဖက်မှုတွေ လျှော့ချရေး ဦးတည်နိုင်ပြီး ဒုက္ခသည်တွေ နေအိမ်ကို ငြိမ်းငြိမ်းချမ်းချမ်း ပြန်သွားနိုင်ဖို့ မျှော်လင့်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂုတားရဲ့စ်က ဖေဖော်ဝါရီ ၁၆ ရက်မှာ ပြောလိုက်ပါတယ်။ ရေရှည်တည်မြဲတဲ့ နိုင်ငံရေးအခြေကျမှုနဲ့၊ အမြဲတမ်း အပစ်အခတ်ရပ်စဲရေးကို ဦးတည်စေမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ယုံကြည်မှုတည်ဆောက်ရာမှာ အကြမ်းဖက်မှု လျှော့ချရေးက အရေးကြီးတယ်လို့ ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး ရှားမာမွတ် ကူရေးရှီးက ပါကစ္စတန် မြို့တော် အစ္စလာမ်မာဘတ်မှာ ကျင်းပတဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲအတွင်း ပြောပါတယ်။ အကြမ်းဖက်မှု လျှော့ချရေး သီတင်းတပတ်ကြာ အစည်းအဝေးအပြီး ဖေဖော်ဝါရီ ၁၄ ရက်မှာ အမေရိကန်အစိုးရဟာ တာလီဘန်တွေနဲ့ သဘောတူညီချက် ရခဲ့ပါတယ်။ ဒါဟာ အာဖဂန်နစ္စတန်ကနေ အမေရိကန်တပ်တွေ ပြန်ရုပ်သိမ်းရေးအတွက် ဒီလကုန်မှာ သဘောတူစာချုပ်ချုပ်နိုင်ဖို့ လမ်းကြောင်းဖော်တာလဲ ဖြစ်ပါတယ်။ ဒါဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အတွက် ကာလကြာရှည် ကြိုးစားခဲ့တဲ့ ရည်မှန်းချက်တွေထဲက တရပ်လည်း ဖြစ်ပါတယ်။  
2 years Ago

December 12, 2019

ဘာဂရမ်မြို့က အမေရိကန်စစ်စခန်း တိုက်ခိုက်ခံရသဖြင့် ၁ ဦးသေဆုံး၊ ၆၀ ကျော် ဒဏ်ရာရ

ဘာဂရမ်မြို့က အမေရိကန်စစ်စခန်းကို အာဖဂန်နစ္စတန်နိုင်ငံက အသေခံဗုံးခွဲသမားတွေ ဒီဇင်ဘာ ၁၁ ရက်က ဝင်တိုက်ခဲ့လို့ နာရီဝက်ကြာ တိုက်ပွဲဖြစ်ခဲ့ပြီး ၁ ယောက် သေဆုံးပြီး အယောက် ၆၀ ကျော် ဒဏ်ရာရတယ်လို့ အာဖဂန်နဲ့ နေတိုးအရာရှိတွေက ပြောပါတယ်။ အမေရိကန်အစိုးရက တာလီဘန်စစ်သွေးကြွတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ရပ်ထားရာက ပြန်စဖို့ သုံးသပ်နေချိန်မှာ တိုက်ခိုက်မှုဖြစ်ခဲ့တာပါ။ တာလီဘန်တွေဟာ အာဖဂန်နိုင်ငံအတွင်း ပိုင်နက်အများအပြားကို ထိန်းချုပ်ထားပြီးတဲ့နောက် ၂၀၀၁ ခုနှစ် မှာ အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်တွေ တိုက်ခဲ့လို့ အာဏာ လက်လွှတ်ခဲ့ရတာပါ။ တိုက်ခိုက်သူတွေက အခြေစိုက်စခန်းနဲ့ နိုင်ငံခြားတပ်တွေဆီ ဝင်ချင်ခဲ့လို့ မိနစ် ၃၀ ကြာ တိုက်ပွဲ ဖြစ်ခဲ့တယ်လို့ အခြေစိုက်စခန်းတည်ရှိရာ ပါဝမ်ပြည်နယ် အုပ်ချုပ်ရေးမှူးရဲ့ ပြောခွင့်ရက ပြောပါတယ်။ အခြေစိုက်စခန်း ဝင်ပေါက်ရဲ့ တောင်ဘက်မှာ တိုက်ခိုက်သူ ၂ ယောက်က ဖောက်ခွဲရေး ပစ္စည်းတွေ တင်ထားတဲ့ ကားတွေကို ဖောက်ခွဲခဲ့တာပါ။ ဒီတိုက်ခိုက်မှုကြောင့် ဒေသခံတွေအတွက် ဆောက်နေတဲ့ ဆေးဘက်စခန်းတခု ဆိုးဆိုးရွားရွား ထိခိုက်ခဲ့တယ်လို့ နေတိုးဦးဆောင်တဲ့ စစ်ဆင်ရေးအဖွဲ့က ကြေညာချက် ထုတ်ပြန်ပါတယ်။
2 years Ago
Up