အာဖဂန်မြို့တော်တွင် အသေခံဗုံးဖောက်ခွဲမှုကြောင့် အနည်းဆုံး လူ ၂၀ သေဆုံး

February 8, 2017

အာဖဂန်မြို့တော်တွင် အသေခံဗုံးဖောက်ခွဲမှုကြောင့် အနည်းဆုံး လူ ၂၀ သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံမြို့တော် ကဘူးလ်က တရားရုံးဝင်ပေါက်နားမှာ အသေခံဗုံးခွဲသမား တဦးက သူ့ကိုယ်သူ ဖောက်ခွဲခဲ့လို့ အနည်းဆုံး လူအယောက် ၂၀ သေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက် ညနေ ၃ နာရီ ၄၀ မိနစ်ကနေ ၄ နာရီကြား ဝန်ထမ်းအများအပြား အလုပ်ဆင်းချိန်မှာ ခုလို ဖောက်ခွဲခဲ့တာပါ။ ဒီအဖြစ်အပျက်ဟာ အသေခံ အကြမ်းဖက်တိုက်ခိုက်မှုလို့ စုံစမ်းစစ်ဆေးသူတွေက အတည်ပြုပါတယ်။ ရဲတွေကလည်း နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေ လုပ်အပြီးမှာ ပျက်စီးမှုဆိုင်ရာ အသေးစိတ် အစီရင်ခံစာကို ထုတ်ပြန်မှာပါ။ ယာဉ်ရပ်နားစခန်းနားက အဆောက်အဦနားမှာ တိုက်ခိုက်ရေးသမားက ဗုံးခွဲခဲ့တယ်၊ သေဆုံး ဒဏ်ရာရသူ အများစုက အရပ်သားတွေလို့ ကဘူးလ်ရဲတပ်ဖွဲ့ ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးဌာန အကြီးအကဲက ပြောပါတယ်။ အာဖဂန်သမ္မတ အဲ့ရှ်ရဲ့ဖ် ဂါနီကလည်း ဒီတိုက်ခိုက်မှုကို ပြစ်တင် ရှုတ်ချပါတယ်။ ဖေဖော်ဝါရီ ၇ ရက် ညနေပိုင်း ဗုံးခွဲမှုအတွက် ဘယ်အုပ်စုကမှ တာဝန်မခံသေးပါဘူး။ ဒါဟာ ကဘူးလ်မြို့တော်မှာ ၂၀၁၇ ခုနှစ်အတွင်း ဒုတိယမြောက် ဗုံးခွဲတိုက်ခိုက်မှုပါ။ ဇန်နဝါရီ ၁၀ ရက်နေ့က လွှတ်တော်နားမှာ ပေါက်ကွဲမှု ၂ ခုကြောင့် လူ ၃၈ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီတဲ့ လူတွေ ဒဏ်ရာရခဲ့ပါတယ်။
4 years Ago
Up