အာဖဂန်နစ္စတန်နိုင်ငံ၊ ကဘူးလ်မြို့တော်မှာ စက်တင်ဘာ ၅ ရက်က ဗုံး ၂ လုံး ဆက်တိုက်ဖောက်ခွဲခံရပြီး အနည်းဆုံး လူ ၂၄ ဦး သေဆုံးတယ်လို့ အာဖဂန် အာဏာပိုင်တွေက ပြောပါတယ်။
အာဖဂန် ကာကွယ်ရေးဝန်ကြီးဌာန အနီးမှာ ဖောက်ခွဲခံရတာဖြစ်ပြီး သေဆုံးသူတွေထဲမှာ အာဖဂန်ဗိုလ်ချုပ်တဦးနဲ့ အဆင့်မြင့်စစ်အရာရှိ ၂ ဦးလည်း ပါဝင်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရသူက ပြောပါတယ်။
ပထမဗုံးကို အဝေးထိန်းခလုတ်နဲ့ ဖောက်ခွဲခဲ့တာဖြစ်ပြီး ကူညီကယ်ဆယ်တဲ့လူတွေ စုရုံးရောက်ရှိလာချိန်မှာ အသေခံဗုံးခွဲသူတဦးက ထပ်ပြီး ဖောက်ခွဲခဲ့တာလို့ သတင်းတွေက ဆိုပါတယ်။
လူ ၉၁ ဦးလည်း ဒဏ်ရာရခဲ့ကြပြီး ဖောက်ခွဲမှု ၂ ခုလုံးကို တာလီဘန်တွေက တာဝန်ခံ ကြေညာပါတယ်။
စက်တင်ဘာ ၅ ရက် ညပိုင်းမှာလည်း ကဘူးလ်မြို့တော်မှာ ဗုံးပေါက်ကွဲသံကြားရပြီး သေနတ်ပစ်ခတ်သံတွေလည်း ဆက်တိုက်ကြားခဲ့ရတယ်လို့ ကဘူးလ်မြို့တော် သတင်းတွေက ဆိုပါတယ်။
အဲ့ဒီပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး အသေးစိတ်တော့ မသိရသေးပါဘူး။
ကာကွယ်ရေးဝန်ကြီးဌာနနားမှာ ဖောက်ခွဲခံရတာကတော့ ညနေပိုင်း အစိုးရ၀န်ထမ်းတွေ ရုံးပြန်ချိန်ဖြစ်လို့ အရပ်သားတွေ၊ ရဲလုံခြုံရေးတွေနဲ့ စစ်မှုထမ်းတွေ သေဆုံးခဲ့ကြတယ်လို့ ဆေးရုံအာဏာပိုင်တွေက ပြောဆိုပါတယ်။
5 years Ago