အာဖဂန်ဆေးရုံ

A d v e r t i s e m e n t With Us

October 16, 2015

စစ်ရာဇ၀တ်သက်သေများကို ဖျက်ဆီးရန် အမေရိကန် တင့်ကား ဆေးရုံအတွင်း ၀င်ရောက်

အမေရိကန်ပြည်ထောင်စု လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ အာဖဂန် ဆေးရုံထဲက သက်သေအထောက်အထားတွေကို ဖျက်ဆီးဖို့ အမေရိကန်တင့်ကားက ကြိုးစားခဲ့ပါတယ်။ အောက်တိုဘာ ၃ ရက် အာဖဂန်က နယ်စည်းမခြား ဆရာဝန်များရဲ့ ဆေးရုံကို အမေရိကန်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ လူနာ ၁၀ ဦးနဲ့ ဆေးရုံဝန်ထမ်း ၁၂ ဦး သေဆုံးခဲ့ပါတယ်။ ဒီအတွက် ဖြစ်လာနိုင်တဲ့ စစ်ရာဇ၀တ်မှု စုံစမ်းစစ်ဆေးမှုတွေနဲ့ ပတ်သက်ပြီး သက်သေ အထောက်အထားတွေကို ဖျက်ဆီးဖို့ ကြိုးစားတာလို့ ဗြိတိန် ဂါးဒီးယန်းသတင်းစာက ရေးပါတယ်။ အောက်တိုဘာ ၁၆ ရက် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ ထုတ်ပြန်ချက်မှာတော့ တင့်ကားက အမေရိကန်-နေတိုး-အာဖဂန် အသင်းက စုံစမ်းစစ်ဆေးသူတွေကို တင်ဆောင်လာတယ်လို့ အကြောင်းကြားခဲ့ကြောင်း ဆိုပါတယ်။ “ထုတ်ပြန်ခြင်းမရှိတဲ့ အတင်းအကျပ် ၀င်ရောက်မှုကြောင့် ပစ္စည်းတွေနဲ့ အလားအလာရှိတဲ့ သက်သေတွေ ပျက်စီးခဲ့ပြီး ဖိစီးမှုနဲ့ စိုးရွံ့မှုတွေ ဖြစ်စေတယ်” လို့ ထုတ်ပြန်ချက်က ရေးပါတယ်။ ဒီကျူးကျော်မှုနဲ့ ပတ်သက်ပြီး ပင်တဂွန်က တစုံတရာ မှတ်ချက်ပေး ပြောဆိုခဲ့ခြင်း မရှိပါဘူး။ အမေရိကန်က ဗုံးကြဲတိုက်ခိုက်ခဲ့ချိန် ဆေးရုံထဲမှာ လူနာနဲ့ ၀န်ထမ်း ၂၀၀ ရှိနေပြီး ၃ ဒါဇင်ချီတဲ့လူတွေ ဒဏ်ရာရခဲ့တယ်လို့ နယ်စည်းမခြား ဆရာဝန်တွေက ပြောပါတယ်။ ဒီတိုက်ခိုက်မှုဟာ ဂျီနီဗာ သဘောတူညီချက်ကို ချိုးဖောက်ပြီး စစ်ရာဇ၀တ်မှု ဖြစ်တယ်လို့ ပြောပါတယ်။ တိုက်ခိုက်မှုကြောင့် လူနာတချို့ အိပ်ရာပေါ်မှာ မီးလောင်သေဆုံးနေတယ်လို့ ဆိုပါတယ်။
5 years Ago

October 8, 2015

အာဖဂန်ဆေးရုံ တိုက်ခိုက်ခံရမှု စုံစမ်းပေးရန် အမ်အက်စ်အက်ဖ် တောင်းဆို

ပြီးခဲ့တဲ့တပတ်က အာဖဂန်နစ္စတန်မြောက်ပိုင်းက ခွန်ဒုစ်မြို့မှာ ဆေးရုံကို လေကြောင်းက တိုက်ခိုက်ခံရမှု စုံစမ်းပေးဖို့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (အမ်အက်စ်အက်ဖ်) က နိုင်ငံတကာကော်မရှင်တခုကို အောက်တိုဘာ ၇ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။ အဲဒီဆေးရုံကို နယ်စည်းမခြားဆရာဝန်များအဖွဲ့က ဖွင့်လှစ်ထားတာဖြစ်ပြီး ပြီးခဲ့တဲ့တပတ်က လူနာ ၄၀၀ ဆေးကုသမှု ပေးနေတာလို့ ဆိုပါတယ်။ အဲဒီတိုက်ခိုက်မှုကို အမေရိကန်စစ်တပ်က စုံစမ်းစစ်ဆေးပေးမှုကို မယုံကြည်ဘူးလို့ နယ်စည်းမခြား ဆရာဝန်အဖွဲ့ ဥက္ကဋ္ဌ Joanne Liu က ပြောဆိုပါတယ်။ တိုင်ကြားခဲ့တဲ့ အဖွဲ့အစည်းကတော့ ၁၉၉၁ ခုနှစ်က ဂျီနီဗာသဘောတူညီချက်နဲ့ ဖွဲ့စည်းထားတဲ့ အပြည်ပြည်ဆိုင်ရာ လူသားချင်းကူညီမှုဆိုင်ရာ ရာဇ၀တ်မှု စုံစမ်းဖော်ထုတ်ရေး ကော်မရှင် ဖြစ်ပြီး စစ်ပွဲတွေနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ကိုင်တွယ်တာပါ။ အဲဒီပစ်ခတ်မှုဟာ မှားယွင်းပစ်ခတ်မှုလို့ အာဖဂန်နစ္စတန်မှာရှိတဲ့ အမေရိကန်နဲ့ ညွန့်ပေါင်းတပ်ဖွဲ့တွေရဲ့ ဗိုလ်ချုပ်ကြီးက ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်နေ့က အမေရိကန်တရားရေးဌာန၊ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန၊ ပင်တဂွန်၊ နေတိုးအဖွဲ့နဲ့ အမေရိကန်-အာဖဂန် ပူးပေါင်းတပ်ဖွဲ့တွေလည်း စုံစမ်းစစ်ဆေးမှု လုပ်နေကြတယ်လို့ ဆိုပေမယ့် အဲဒီ စုံစမ်းမှုတွေကိုပဲ အားထားလို့ မရဘူးလို့  နယ်စည်းမခြား ဆရာဝန်များအဖွဲ့ ဥက္ကဋ္ဌက ပြောဆိုတာပါ။ တိုင်ကြားထားတဲ့ အပြည်ပြည်ဆိုင်ရာ လူသားချင်းဆိုင်ရာ ရာဇ၀တ်မှု စုံစမ်းဖော်ထုတ်ရေး ကော်မရှင်သာလျှင် စုံစမ်းဖော်ထုတ်ပေးနိုင်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းဖြစ်တယ်လို့ ဥက္ကဋ္ဌ Joanne Liu  က ပြောဆိုပါတယ်။
5 years Ago
Up