အာဖဂန်နစ္စတန် အကြမ်းဖက်မှု

A d v e r t i s e m e n t With Us

February 15, 2016

အာဖဂန်နစ္စတန် အကြမ်းဖက်မှုများအတွင်း အရပ်သား ထိခိုက်သေဆုံးမှု အမြင့်ဆုံးဖြစ်လာ

အာဖဂန်နစ္စတန်နိုင်ငံမှာ ပြီးခဲ့တဲ့နှစ်အတွင်း အကြမ်းဖက်မှုတွေအတွင်း ထိခိုက် သေဆုံးသူ အရပ်သားဦးရေဟာ မှတ်တမ်းတင်ခဲ့တဲ့နှစ်တွေအတွင်း အမြင့်ဆုံးဖြစ်လာတယ်လို့ ကုလသမဂ္ဂအဖွဲ့ကြီးက ထုတ်ပြန်ပါတယ်။ ၂၀၁၅ ခုနှစ်အတွင်း အရပ်သား ထိခိုက်သေဆုံးသူအားလုံး ၁၁၀၀၀ ကျော်ခဲ့ပြီး အရင်တနှစ်ကထက် ၄ ရာခိုင်နှုန်း ပိုမြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။ ထိခိုက်သေဆုံးသူ ၄ ဦးတိုင်းမှာ ကလေး ၁ ဦးပါဝင်ပြီး အရပ်သားတွေ နေထိုင်တဲ့ ဒေသတွေမှာ တိုက်ပွဲတွေ၊ အသေခံဗုံးခွဲတိုက်ခိုက်မှုတွေနဲ့ တခြားအကြမ်းဖက်မှုတွေ ပါဝင်တယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒီအကြမ်းဖက်တိုက်ခိုက်မှုတွေဟာ ရက်စက်ရိုင်းစိုင်းပြီး နိုင်ငံတကာဥပဒေအရ ခွင့်မပြုတဲ့လုပ်ရပ်တွေလို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဇရိ အယ်လ် ဟူစိန် (Zeid Ra'ad al-Hussein) ကပြောဆိုပါတယ်။ နိုင်ငံတကာတပ်တွေကို အာဖဂန်နစ္စတန်နိုင်ငံကနေ ရုပ်သိမ်းခဲ့တဲ့ ၂၀၁၁ ခုနှစ်၊ အာဖဂန်နစ္စတန်နိုင်ငံက နေတိုးတပ်တွေ စစ်ဆင်ရေးတာဝန်တွေကို ရပ်ဆိုင်းလိုက်တဲ့ ၂၀၁၄ ဒီဇင်ဘာလ နောက်ပိုင်းနှစ်တွေ တနှစ်ထက်တနှစ် အရပ်သားသေဆုံးနှုန်းက မြင့်တက်လာတာပါ။ အရင်တနှစ်ကထက် ၂၀၁၅ ခုနှစ် အရပ်သား သေဆုံးမှု ၁၅၆ မှု လျော့နည်းခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရရှိသူအရေအတွက်က မြင့်တက်ခဲ့တဲ့အတွက် မှတ်တမ်းယူခဲ့တဲ့၂၀၀၉ ခုနှစ် နောက်ပိုင်း အရပ်သားထိခိုက်သေဆုံးနှုန်း အမြင့်ဆုံးဖြစ်လာတာပါ။ အမျိုးသမီးထိခိုက်သေဆုံးမှု ၃၇ ရာခိုင်နှုန်း တိုးလာခဲ့ပြီး ကလေးထိခိုက် သေဆုံးနှုန်းကလည်း ၁၄  ရာခိုင်နှုန်း တိုးမြင့်လာခဲ့ပါတယ်။ ကလေးတွေ ထိခိုက်သေဆုံးမှု အခုလောက် သိသိသာသာ တိုးလာတာ ဘယ်လိုမှ လက်ခံနိုင်စရာမရှိဘူးလို့ အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂကူညီထောက်ပံ့ရေးအဖွဲ့ရဲ့ အရာရှိ ဒယ်နီယယ်လာ ဘဲလ်(Danielle Bell)ကလည်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
5 years Ago
Up