အာဖဂန်နစ္စတန်တွင်

March 10, 2018

အာဖဂန်နစ္စတန်တွင် အသေခံဗုံးခွဲမှုကြောင့် ရဲ ၁ ဦး အပါအဝင် ၇ ဦးသေ

အာဖဂန်နစ္စတန် နိုင်ငံရဲ့မြို့တော် ကဘူးလ်က ရှီးယိုက် မွတ်စလင်တွေနေတဲ့ ရပ်ကွက်မှာ မတ် ၉ ရက်နေ့က အသေခံ ဗုံးခွဲသမားတယောက် သူ့ကိုယ်သူ ဖောက်ခွဲခဲ့လို့ လူအနည်းဆုံး ၇ ယောက် သေဆုံးတယ်လို့ gulf times media က အစီရင်ခံပါတယ်။ ရှီးယားဟာဇာရာ တိုင်းရင်းသား လူနည်းစုဝင် နိုင်ငံရေးခေါင်းဆောင် အဗ်ဒူအလီ မာဇာရီကို အောက်မေ့ သတိရတဲ့ အခမ်းအနားကို ပစ်မှတ်ထားတိုက်ခိုက်ဖို့ ရည်ရွယ်ပုံ ရတယ်လို့ အရာရှိတွေက ပြောပါတယ်။ သူ့ကို တာလီဘန်တွေက ၁၉၉၅ ခုနှစ်မှာ သတ်ဖြတ်ခဲ့တာပါ။ ဗုံးသမားကို လုံခြုံရေး စစ်ဆေးရေး စခန်းမှာ ရပ်ခိုင်းချိန်မှာ ပေါက်ကွဲခဲ့လို့ ရဲ ၁ ယောက်နဲ့ အရပ်သား ၆ ယောက် သေဆုံးပါတယ်။ အရပ်သား ၁၅ ယောက်လည်း ဒဏ်ရာရတယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာန ဒုပြောခွင့်ရက ပြောပါတယ်။ ရှီးယိုက် မွတ်စလင်တွေနဲ့ ဟာဇာရာ တိုင်းရင်းသား လူအုပ်တွေကို ပစ်မှတ်ထားပြီး ဆက်တိုက် တိုက်ခိုက်ရာမှာ အစ္စလာမ္မစ်နိုင်ငံ အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေကို သစ္စာခံတဲ့ အုပ်စုတစုက တာဝန်ခံခဲ့ပါတယ်။ ဒါပေမယ့် အာဖဂန်နဲ့ အနောက်ဥရောပ လုံခြုံရေး အရာရှိတွေကတော့ သူတို့ချည်း သက်သက်လုပ်ခဲ့တာဆိုတဲ့ အချက်ကို သံသယ ရှိကြပါတယ်။ အရင် ၂ ပတ်ကတော့ သမ္မတ အဲ့ရှ်ရဲ့ဖ်ဂါနီက တာလီဘန်တွေကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ပူးပေါင်းဖို့ ဆော်သြခဲ့ပါတယ်။ ငြိမ်းချမ်းရေးအတွက် တိုက်ရိုက် ဆွေးနွေးဖို့ အာဖဂန် အစိုးရရဲ့ ကမ်းလှမ်းချက်ကို လက်ခံရေး တာလီဘန်တွေအပေါ် ဖိအားတွေ များနေပါတယ်။
4 years Ago

March 9, 2018

အာဖဂန်နစ္စတန်တွင် အမျိုးသမီး ရဲအရာရှိအင်အား တိုးလာ

အာဖဂန်နစ္စတန် နိုင်ငံအတွင်းမှာ အမျိုးသမီး ရဲအရာရှိတွေ အင်အားတိုးလာပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံတောင်ပိုင်း ကန်ဒဟာ ပြည်နယ်ထဲ ရဲအရာရှိတယောက်ဟာ လွန်ခဲ့တဲ့ ၃နှစ်က တာလီဘန်တွေ သတ်တာ ခံခဲ့ရပါတယ်။ သူ့ဇနီးကတော့ စောင့်ရှောက်ဖို့ ကလေး ၄ ယောက်နဲ့အတူ ကျန်ရစ်ခဲ့တာပါ။ အသက် ၃၅ နှစ်အရွယ် ရှိုခရီယာဟာ ကလေးတွေကို ပျိုးထောင်ဖို့ ဝင်ငွေရရေးနဲ့ တိုင်းပြည်တာဝန် ထမ်းဆောင်ဖို့ ရဲတပ်ဖွဲ့ထဲဝင်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ပြောပါတယ်။ သူ့တာဝန်ဟာ စစ်ဆေးရေး ဂိတ်တွေမှာ ကားတွေ ယာဉ်တွေကို ရပ်ခိုင်းပြီး လုံခြုံရေး စစ်ဆေးရတာပါ။ အမျိုးသမီး ရဲအရာရှိတွေဟာ စစ်ဆင်ရေးနဲ့ အိမ်တွေကို ရှာဖွေရေးအတွင်း အမျိုးသမီးတွေကို ရှာဖွေ စစ်ဆေးရတယ်လို့ ရှိုခရီယာရဲ့ အထက်အရာရှိ အဗ်ဒူ ဘာကီက ပြောပါတယ်။ အရင်က ရဲမေမရှိခဲ့လို့ အိမ်တွေကို ရှာဖွေစီးနင်းချိန်မှာ ပြဿနာတွေ အများကြီး ရှိခဲ့တယ်။ အမျိုးသမီးတွေက ရဲတပ်ဖွဲ့ထဲ ဝင်ခဲ့တော့ လုံခြုံရေး ပိုအားဖြည့်နိုင်ပြီး စစ်ဆင်ရေးတွေမှာ တအား အသုံးတည့်တယ်လို့ သူက ဆက်ပြောပါတယ်။ ရှိုခရီယာကတော့ ရဲတပ်ဖွဲ့ထဲဝင်ဖို့ တခြားအာဖဂန် အမျိုးသမီးတွေကို အားပေးပါတယ်။ တာလီဘန်တွေလက်ထဲ ရောက်ခဲ့တဲ့ ၂၀၀၁ ခုနှစ် နောက်ပိုင်း ကနေ ခုထိ ကန်ဒဟာ ပြည်နယ်အတွင်း လေဆိပ်နဲ့ တခြားနေရာတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲအရာရှိ အမျိုးသမီး အယောက် ၁၁၀ အနည်းဆုံး ရှိတယ်လို့ ရဲမှူး ဖာတီမာ ဂျန်က ပြောပါတယ်။
4 years Ago
Up