အာဖဂန်စ္စတန်နိုင်ငံ မြို့တော် ကဘူးလ်မှာ ဇူလိုင် ၂၈ ရက်က ဒုသမ္မတ ကိုယ်စားလှယ်လောင်း အမ်ရူလာဟ် ဆာလဲဟ်ရဲ့ ရုံးခန်းအဆောက်အဦမှာ အသေခံဗုံးခွဲမှုနဲ့ သေနတ်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး လူ ၂၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ အာဖဂန်နစ္စတန် အစိုးရက ဒီကနေ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုတွေကြောင့် လူအယောက် ၅၀ လောက် ဒဏ်ရာရခဲ့ပြီး ဒုသမ္မတ ကိုယ်စားလှယ်လောင်း အမ်ရူလာဟ် ဆာလဲဟ်လည်း ဒဏ်ရာရခဲ့ပါတယ်။
လူသွားလူလာများတဲ့ အချိန်မှာ အသေခံဗုံးခွဲသမားက သူ့ကိုယ်သူ ဖောက်ခွဲပြီး မကြာခင်မှာပဲ အမ်ရူလာဟ် ဆာလဲဟ်ရဲ့ လေးထပ်အဆောက်အဦ ရုံးထဲကို စစ်သွေးကြွသုံးယောက် ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။
အဲဒီ စစ်သွေးကြွသုံးယောက်ကို အာဖဂန်တပ်ဖွဲ့ဝင်တွေက သုတ်သင်ခဲ့တယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာနက ပြောပါတယ်။
၆ နာရီကြာတဲ့ အဲဒီတိုက်ခိုက်မှုတွေအတွင်း အရပ်သား အယောက် ၁၅၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရ နာ့စ်ရတ်ရာဟီမီက ပြောပါတယ်။
တနင်္ဂနွေနေ့က တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ဘယ်အဖွဲ့ကမှ တာဝန်ယူပြောကြားတာ မရှိသေးပါဘူး။
ဒုသမ္မတ ကိုယ်စားလှယ်လောင်း အမ်ရူလာဟ် ဆာလဲဟ်နဲ့ အာဖဂန်နစ္စတန် နိုင်ငံရေးသမားတွေ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး လှုပ်ရှားမှုတွေစပြီး နာရီပိုင်းအကြာမှာပဲ အခုလို တိုက်ခိုက်ခံခဲ့ရတာပါ။
အာဖဂန်နစ္စတန်သမ္မတ ရွေးကောက်ပွဲကို စက်တင်ဘာ ၂၈ ရက်မှာ ကျင်းပဖို့ မျှော်မှန်းထားပါတယ်။
ဒါပေမယ့် နိုင်ငံတွင်းမှာ တာလီဘန်နဲ့ အိုင်အက်စ် စစ်သွေးကြွတွေရဲ့ ပုန်ကန်တိုက်ခိုက်မှုတွေ နေ့တိုင်းနီးပါး ရှိနေတာကြောင့် လုံခြုံရေးအခြေအနေ ယိုယွင်းနေတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
2 years Ago