အာဖဂန်တွင် အသေခံဗုံးခွဲ ၃၃ ဦးသေဆုံး

December 28, 2017

အာဖဂန်တွင် အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်၊ အနည်းဆုံး လူ ၄၀ သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်ရှိ Afghan Voice သတင်းဌာန ရုံးနဲ့ အနီးရှိ ရှီးယိုက် ယဉ်ကျေးမှုစင်တာမှာ ဒီကနေ့ အသေခံဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့တဲ့အတွက် အနည်းဆုံး လူ ၄၀ သေဆုံးခဲ့ပြီး ၃၀ ဒဏ်ရာရခဲ့ပါတယ်။ အာဖဂန်နစ္စတန်ကို ဆိုဗီယက်ကျူးကျော်မှု ၃၈ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနား ဆွေးနွေးပွဲ ပြုလုပ်နေစဉ်အတွင်း အသေခံဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ အများစုဟာ ဆွေးနွေးပွဲ တက်ရောက်နေတဲ့ ကျောင်းသားတွေ ဖြစ်ကြပါတယ်။ မျက်မြင်တဦးက “သေတဲ့လူတွေ အများကြီးတွေ့တယ်။ ကျနော့်အစ်ကိုဝမ်းကွဲကို သွားရှာတာ မတွေ့ဘူး။ သူဘယ်လိုများနေလဲ မသိဘူး။ သေဆုံးသူအရေအတွက် တိုးလာတယ်” လို့ ပြောပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် Afghan Voice သတင်းဌာနရှိ သတင်းထောက်တဦး သေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ အဲဒီသတင်းဌာန သတင်းထောက်တဦးက ပြောပါတယ်။ အခုတိုက်ခိုက်မှုဟာ မကြာသေးခင်က ပြုလုပ်တဲ့ အာဖဂန်သတင်းဌာန တိုက်ခိုက်မှုတွေထဲက နောက်ဆုံးတိုက်ခိုက်မှုဖြစ်ပြီး ပြီးခဲ့တဲ့လတုန်းကလည်း မြို့တော် ကဘူးလ်ရှိ ပုဂ္ဂလိက သတင်းဌာနတခု တိုက်ခိုက်ခံခဲ့ရတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago

June 25, 2015

အာရပ်စော်ဘွားများ သံတမန်ယာဉ် လုံခြုံရေးစစ်ကား အသေခံဗုံးခွဲခံရ

ဆိုမာလီနိုင်ငံ၊ မိုဂါဒစ်ရှူးမြို့တော်မှာ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) က သံတမန်မော်တော်ယာဉ်ကို လုံခြုံရေးယူပေးတဲ့ စစ်ကားဟာ ဇွန် ၂၄ ရက်နေ့က အသေခံကားဗုံးဖောက်ခွဲခံရလို့ လူအနည်းဆုံး ၁၂ ဦး သေဆုံးတယ်လို့ ဆိုမာလီရဲတပ်ဖွဲ့က ပြောပါတယ်။ ယူအေအီးနိုင်ငံက ထောက်ပံ့ပေးထားတဲ့ စစ်သင်တန်းတခုကို သွားရောက်စဉ် အခုလို တိုက်ခိုက်ခံရတာဖြစ်ပြီး ယူအေအီးသံအမတ်ကတော့ ကျည်ကာကားနဲ့ လိုက်ပါတာမို့ ထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။ “အသေခံဗုံးခွဲတိုက်ခိုက်မှုပါ။ မြင်ရသလောက် သေဆုံးသွားသူ အများစုဟာ အရပ်သားတွေပါ။ ၁၀ ယောက်ကျော် သေသွားတယ်။” ဒီတိုက်ခိုက်မှုကို ဆိုမာလီအကြမ်းဖက် အယ်ရှဘတ် စစ်သွေးကြွအဖွဲ့က လုပ်ဆောင်ခဲ့တာလို့ ပြောဆိုပြီး ပြည်ပရန်ကို ပစ်မှတ်ထား တိုက်ခိုက်တယ်လို့ ပြောဆိုပါတယ်။ အယ်ရှဘတ် အကြမ်းဖက်အဖွဲ့ဟာ ဆိုမာလီနိုင်ငံကို သိမ်းပိုက်ဖို့ အစိုးရကို စစ်ဆင်နေပြီး ပြီးခဲ့တဲ့ အပတ်ကလည်း ထောက်လှမ်းရေး သင်တန်းကျောင်းတခုကို အသေခံ ဗုံးခွဲတိုက်ခိုက်ခဲ့ကြပါတယ်။ အခုနှစ် ရာမာဒန်ဥပုသ်လအတွင်းမှာလည်း တိုက်ခိုက်မှုတွေကို အရှိန်မြှင့် လုပ်ဆောင်မယ်လို့ အယ်ရှဘတ်အဖွဲ့က ပြောဆိုထားပါတယ်။
6 years Ago
More News
Up