အာဖဂန်စစ်သား

June 17, 2018

အာဖဂန်စစ်သားများ နှင့် တာလီဘန်စစ်သွေးကြွများ အပြန်အလှန်ပွေ့ဖက်

အာဖဂန် စစ်သားတွေနဲ့ တာလီဘန်တွေ အိဒ်ပွဲတော် အပစ်အခတ် ရပ်စဲရေးကာလ အတွင်း အချင်းချင်း ပွေ့ဖက်ခဲ့ကြပါတယ်။ ဒါဇင်နဲ့ချီတဲ့ တာလီဘန် စစ်သွေးကြွတွေ အာဖဂန်နိုင်ငံ ဂါဇ်နီမြို့ထဲကို ဇွန် ၁၆ ရက်နေ့က ဝင်လာခဲ့ပါတယ်။ ရာမာဒန်ဥပုသ်လ ပြီးဆုံးပြီး အိဒ် နှုတ်ဆက်ခြင်း အထိမ်းအမှတ်အနေနဲ့ မမျှော်လင့်တဲ့ အပစ်အခတ် ရပ်စဲရေးအတွက် ပွဲဆင်နွှဲဖို့ပါ။ အာဖဂန်နစ္စတန် နိုင်ငံတလွှား မြို့တော် ကဘူးလ်အပါအဝင် မြို့အတော်များများမှာ စစ်သွေးကြွတွေနဲ့ စစ်သားတွေ အပြန်အလှန် ပွေ့ဖက်ကြပြီး သူတို့ရဲ့ စမတ်ဖုန်းတွေနဲ့ ဓာတ်ပုံ အတူတူ ရိုက်ကြပါတယ်။ တာလီဘန်တွေဟာ အိဒ်ပွဲတော် အတွင်း ၃ ရက်ကြာ အပစ်အခတ် ရပ်စဲရေးကို ဇွန် ၁၅ ရက်နေ့က စပြီး ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ဟာ အာဖဂန် အစိုးရက ကြေညာတဲ့ ဇွန်၂၀ ထိ ကြာမယ့် အပစ်အခတ် ရပ်စဲရေးနဲ့ ထပ်တူကျနေခဲ့တာပါ။ “ဒီမှာ အာဖဂန် စစ်သားတွေနဲ့ တွေ့ရတာ ဝမ်းသာတယ်။ ကျနော်တို့ရဲ့ မျှော်လင့်ချက်က အာဖဂန် နစ္စတန်မှာ တိုက်ပွဲတွေ အဆုံးသတ်ပြီး ငြိမ်းချမ်းရေး ရဖို့ပဲ” လို့ အမည်မသိ တာလီဘန် တိုက်ခိုက်ရေးသမားတယောက်က ပြောပါတယ်။ “ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပူးပေါင်းဖို့ ကျနော်တို့ ညီအစ်ကို တာလီဘန်တွေ မြို့ထဲလာခဲ့တယ်။ တယောက်ကို တယောက် ဆက်ပြီး သတ်မနေနိုင်တော့ဘူး။ ငြိမ်းချမ်းရေးကို လိုချင်တယ်” လို့ အမည်မသိ အာဖဂန် ရဲတပ်ဖွဲ့ဝင် တယောက်က ပြောပါတယ်။ တာလီဘန်တွေနဲ့ အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးမယ်လို့ သမ္မတ အဲ့ရှ်ရဲ့ဖှ် ဂါနီက တိုင်းပြည်ကို ပြောတဲ့ မိန့်ခွန်းအတွင်း ပြောပါတယ်။ ဇွန် ၁၇ မှာ သက်တမ်းကုန်မယ့် တာလီဘန်တို့ရဲ့ အပစ်အခတ် ရပ်စဲရေးကိုလည်း သက်တမ်းတိုးဖို့ တိုက်တွန်းခဲ့ပါတယ်။ သူမိန့်ခွန်းပြောနေချိန်မှာ နိုင်ငံအရှေ့ပိုင်းမှာ ကားဗုံးခွဲမှုကြောင့် လူအနည်းဆုံး ၂၆ ယောက် သေဆုံးခဲ့ပါတယ်။ တာလီဘန်တွေက သူတို့လက်ချက် မဟုတ်ဘူးလို့ ငြင်းပါတယ်။ အစ္စလာမ္မစ် နိုင်ငံအမည်ခံ အိုင်အက်စ်က သူတို့လက်ချက်ဖြစ်ကြောင်း အာမဒ် သတင်းဌာနကနေ ကြေညာခဲ့ပါတယ်။
3 years Ago
Up