အာဏာသိမ်း စစ်အစိုးရ ခေါင်းဆောင်

February 2, 2021

ဒီမိုကရေစီလမ်းကြောင်းပေါ်လျှောက်ရန်အာဏာသိမ်း စစ်အစိုးရ ခေါင်းဆောင် ပြော

မြန်မာနိုင်ငံရဲ့  ပကတိအခြေအနေနဲ့ ကိုက်ညီတဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ခိုင်ခိုင်မာမာလျှောက်လှမ်းဖို့ အာဏာသိမ်း စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက် ဒီကနေ့ ဖေဖော်ဝါရီ ၂ ရက်နေ့ နေပြည်တော် သမ္မတအိမ်တော်မှာ  ပထမဆုံးအကြိမ် ကျင်းပတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးမှာ ထည့်သွင်းပြောဆိုသွားတာပါ။

“ပြည်သူများနှင့် နိုင်ငံတကာ၏ တုံ့ပြန်ချက်များရှိကြောင်း၊ နိုင်ငံတကာနှင့်ဆက်ဆံရာမှာ မိမိတို့နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒဖြစ်သည့် လွတ်လပ်၍တက်ကြွသောနိုင်ငံခြားရေးမူဝါဒ၊ ကြားနေမူဝါဒ နှင့် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ နိုင်ငံအားလုံးနှင့် မိတ်ဝတ်မပြတ်ဆက်ဆံရေး၊ ငြိမ်းချမ်း စွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ရပ် အပေါ်တွင် ခိုင်ခိုင်မာမာရပ်တည်၍ မိမိတို့နိုင်ငံ ၏ ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာလျှောက်လှမ်းရန်ဖြစ်ကြောင်း၊ ဒီမိုကရေစီ လမ်းကြောင်းဆိုရာတွင် မိမိတို့နိုင်ငံနှင့်ကိုက်ညီသည့် ဒီမိုကရေစီလမ်းကြောင်းကို ပြောခြင်းဖြစ်ကြောင်း၊ ကိုယ့်နိုင်ငံ၏ Stand အပေါ်တွင်သာယူပြီး သွားရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် လွတ်လပ်ပြီးတက်ကြွသည့် ဘက်မလိုက်သော နိုင်ငံခြားရေး မူဝါဒနှင့် သာ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ မိမိတို့သည် ကြားကာလတာဝန်ယူရသော အဖွဲ့အစည်း ဖြစ်သဖြင့် မှားယွင်းဆောင်ရွက်၍မရဘဲ အလေးထားဆောင်ရွက်ရန်လိုကြောင်း၊ ဒီမိုကရေစီ စနစ်ကိုလျှောက်လှမ်းရာတွင် မြန်မာနိုင်ငံ၏ ပကတိအခြေအနေနှင့် ကိုက်ညီသည့် ဒီမိုကရေစီစနစ်ကိုသွားရန်ဖြစ်ကြောင်း၊” ဗိုလ်ချုပ်မှူးကြီးက ပြောပါတယ်။

ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး  မဲစာရင်းမှားယွင်းမှုတွေကို ဖော်ထုတ် ဆောင်ရွက်မှာဖြစ်ပြီး  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အသစ်ပြန်လည်ဖွဲ့စည်းပြီး ဆောင်ရွက်မယ်လို့လည်း ပြောပါတယ်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနဲ့ ပတ်သက် ထုတ်ပြန်ထားတဲ့ အမိန့်တွေ ပြင်ဆင်ချက် မထုတ်ပြန်မီအချိန်အထိ အတည်ပင် ဖြစ်ကြောင်း၊ ပြည်ပက မှာထားတဲ့ ကာကွယ်ဆေးတွေ ရောက်ဖို့ လိုအပ်တဲ့ လေယာဉ်ဖြတ်သန်းခွင့်ကိစ္စရပ်တွေကို လုပ်ထုံး လုပ်နည်းနဲ့အညီ ဆက်လက်ဆောင်ရွက် သွားရမယ်လို့လည်းဆိုပါတယ်။ 

စီးပွားရေးနဲ့ပတ်သက်ပြီး   ကိုဗစ်ကာလအကြောင်းအမျိုးမျိုးကြောင့် စက်ရုံ၊ အလုပ်ရုံတွေ ပိတ်ထားရလို့ စီးပွားရေးကျဆင်းခဲ့ကြောင်း၊ စီးပွားရေးကိုနလန်ထူ အောင်ဆောင်ရွက်ဖို့နဲ့  အလုပ်လက်မဲ့ဖြစ်နေသူတွေ ဝင်ငွေရရှိတဲ့ အလုပ်အကိုင်တွေ ရရှိအောင် ဆောင်ရွက်ပေးဖို့ တိုက်တွန်း သွားပါတယ်။အဆိုပါအစည်းအဝေးကို ယာယီသမ္မတဦးမြင့်ဆွေ၊ ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဦးဝဏ္ဏမောင်လွင်၊ ဦးဝင်းရှိန်၊ ဦးကိုကိုလှိုင်၊ ဦးချစ်နိုင်၊ ဦးကိုကို၊ ဦးမြင့်ကြိုင်နဲ့  ဒေါက်တာသက်ခိုင်ဝင်းတို့ တက်ရောက်ကြတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
ဓာတ်ပုံ- DSINFO

10 months Ago
Up