အာဏာသိမ်း စစ်ကောင်စီနဲ့ ပူးပေါင်း ဆောင်ရွက်သွားဖို့ မွန်ညီညွတ်ရေးပါတီ ဗဟိုကော်မတီဝင်တွေက ထပ်မံ သဘောတူ လိုက်ပါတယ်။
မွန်ညီညွတ်ရေးပါတီဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်တည်းက အာဏာသိမ်း စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဗဟိုအလုပ်မှုဆောင် အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ပေမဲ့ ဝေဖန်မှုတွေကြောင့် ဗဟိုကော်မတီအစည်းအဝေး ထပ်မံ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှာ ပါဝင်ဖို့ မတ် ၁၅ ရက်က သံဖြူဇရပ်မြို့မှာ ကျင်းပတဲ့ မွန်ညီညွတ်ရေးပါတီဗဟိုကော်မတီ အရေးပေါ် အစည်းအဝေး ခေါ်ယူကျင်းပခဲ့ပါတယ်။
ဒီအစည်းအဝေးမှာတော့ အာဏာသိမ်း စစ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အစည်းအဝေး တက်ရောက်သူ ဗဟိုကော်မတီဝင် ၉၀ မှာ ထောက်ခံသူ ၆၀ ဦး၊ ကန့်ကွက်သူ ၂၆ ဦးနဲ့ အများစုက ထောက်ခံခဲ့တဲ့အတွက်ကြောင့် နစကကောင်စီမှာ ပါဝင်ဖို့ ထပ်မံ သဘောတူလိုက်တာ ဖြစ်ပါတယ်။
အာဏာသိမ်း စစ်အစိုးရရဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှာ တာဝန်ထမ်းဆောင်ဖို့ မွန်ညီညွတ်ရေးပါတီ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဒေါက်တာဗညားအောင်မိုးကို တာဝန်ပေး အပ်ထားပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ဗိုလ်ချုပ်ရွာမှာ အာဏာသိမ်း စစ်ကောင်စီကခန့်အပ်တဲ့ အုပ်ချုပ်ရေးမှူးအသစ်ကို ရွာသူရွာသားတွေက လက်မခံဘဲ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးထဲကနေ မောင်းထုတ်ခဲ့ကြပါတယ်။
ဖေဖော်ဝါရီ ၂၃ ရက်မွန်းလွဲ ၁ နာရီခွဲလောက်မှာ အုပ်ချုပ်ရေးမှူးအသစ် ဦးတင်ဝင်းက ရဲနဲ့အတူ ရောက်လာရာမှာ ရွာသူ၊ ရွာသားတွေက လုံးဝလက်မခံဘဲ အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ စုရုံးဆန္ဒပြခဲ့ကြသလို သူ့အိမ်ရှေ့မှာလည်း သွားရောက် ဆန္ဒပြခဲ့ကြတယ်လို့ ဗိုလ်ချုပ်ရွာသားတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီလက်အောက်မှာ ပွဲလန့်တုန်းဖျာခင်းသူကို လက်မခံတဲ့အကြောင်းနဲ့ ကျေးရွာက အများရွေးထားတဲ့ အုပ်ချုပ်သူရဲ့စကားကိုသာ အားလုံးနားထောင်ကြမှာပါလို့ ဗိုလ်ချုပ်ရွာသူတစ်ဦးက ပြောပါတယ်။
မကွေးတိုင်းနဲ့ မန္တလေးတိုင်းအထဲက မြို့နယ်တချို့မှာလည်း အာဏာသိမ်း စစ်ကောင်စီအလိုကျခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေကို ဒေသခံတွေက ကန့်ကွက် ဆန္ဒပြတာတွေ ရှိနေပါတယ်။