အာဏာသိမ်းရန်ကြံစည်မှု

March 28, 2020

အာဏာသိမ်းရန်ကြံစည်မှုဖြင့် ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင်နှင့် လွှတ်တော် ဥက္ကဋ္ဌကို စစ်ဆေးမည် 

ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင်နဲ့  လွှတ်တော် ဥက္ကဋ္ဌဖြစ်သူ ဟွမ်ဂွယ်ဒိုကို အာဏာသိမ်း ဖို့ ကြံစည်အားထုတ်မှုနဲ့ စုံစမ်းစစ်ဆေးသွားမယ်လို့ ရှေ့နေချုပ် တာရက်ဆာအတ်က ကြေငြာလိုက်တယ်လို့ ရိုက် တာသတင်းက ဖေါ်ပြပါတယ်။  လက်ရှိမှာ ဗင်နီဇွဲလားရဲ့ကြားဖြတ်သမ္မတအဖြစ်လည်း နိုင်ငံပေါင်း ၅၀ ကျော်က အသိအမှတ်ပြုခံထားရတဲ့ ဂွယ်ဒိုဟာ လက်ရှိသမ္မတ နီကိုးလပ်စ်မာဒူရိုရဲ့ အစိုးရကို ဖြုတ်ချဖို့ လက်နက်ဝယ်ယူမှုတခုကို ကြီးကြပ်ခဲ့တယ်လို့ စွဲချက်က အဆိုပြုထားပါတယ်။  ဒီစွဲချက်ဟာ ဂွယ်ဒိုနဲ့  အမေရိကန်အကြံပေးတွေက လက်နက်ဝယ်ယူမှုကို ကြီးကြပ်ခဲ့တယ်လို့ ပြောဖူးတဲ့ အငြိမ်းစားဗိုလ်ချုပ်ကြီး ကလီဗာ အယ်လ်ကလာရဲ့ မှတ်ချက်တွေအပေါ် အခြေခံတည်ဆောက်ထားတာပါ။  ဗင်နီဇွဲလားတာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့မတ် ၂၃ ရက်နေ့ကလည်း တန်ဖိုး အမေရိကန်ဒေါ်လာ ငါးသိန်းဖိုးရှိတဲ့လက်နက်တွေပို့ဆောင်မှုတခုကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။  ဂွယ်ဒိုဟာ ၂၀၁၉ တုန်းကလည်း ပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်လို့ ကျမ်းကျိန်လွှာမှာ အချက် အလက်တွေ ဖုံးကွယ်ခဲ့တာ၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေဆီကနေ ငွေတွေလက်ခံခဲ့တယ်လို့ စွပ်စွဲခံရဖူးပါတယ်။  အမေရိကန်အစိုးရဟာ နိုင်ငံရေးအကျပ်အတည်းရင်ဆိုင်နေရတဲ့ ဗင်နီဇွဲလားလက်ရှိသမ္မတ မာဒူရိုနဲ့ အယ်လ်ကလာတို့လို ထိပ်တန်းအစိုးရအရာရှိကြီးတချို့ကို မတ် ၂၆ ရက်နေ့ကပဲ မူးယစ်ဆေးမှောင်ခိုမှုတွေနဲ့ တရားစွဲဆိုမှုတွေ လုပ်ထားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
1 year Ago
Up