အာဏာသိမ်းစစ်အုပ်စု

September 28, 2022

အာဏာသိမ်းစစ်အုပ်စု ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူပေါင်း ၂၃၂၄ ဦး ရှိလာ

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၁ နှစ်ခွဲကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၃၂၄ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၅,၆၈၃ ယောက်ထိရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၈ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ အယောက် ၁၂,၅၄၀ လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁,၄၉၃ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူအရေတွက်ကတော့ ၈၄ ယောက်ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက်အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၂၆ ယောက် ရှိလာခဲ့ပြီဖြစ်ပါတယ်။

လတ်တလောအချိန်ထိ အာမခံနဲ့ လွတ်မြောက်သူ ၂၂ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၃,၁၂၁ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အေအေပီပီကနေ လက်လှမ်းမီသမျှ မှတ်တမ်း ပြုစုထားချက်အရ အာဏာသိမ်းချိန်ကနေ ပြီးခဲ့တဲ့ ဩဂုတ်လကုန်ထိ အကြမ်းဖက်စစ်အုပ်စုက မတရားချိပ်ပိတ်သိမ်းဆည်းခဲ့တဲ့ နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း ၇၆၀ ခုထက်မနည်းရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ရက်က BBC သတင်းဌာနရဲ့ Media Action မှ ရေကြည်ရာအစီအစဉ်တင်ဆက်သူ  မထက်ထက်ခိုင်ကို အင်းစိန်အကျဉ်းထောင်တွင်း အထူးတရားရုံးက မတရားအသင်းဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇(၁) နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ စက်တင်ဘာ ၁၅ ရက်တုန်းကလည်း မထက်ထက်ခိုင်ကို ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ပြီး ဖြစ်ပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၂၅ ရက်က စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့မှ ရွှေဘိုမြို့ဘက်ကိုလာတဲ့ အင်အား ၆၀ လောက်ပါတဲ့ စစ်ကြောင်းဟာ မြေနီလျှိုကျေးရွာအနီး ကားလမ်းနံဘေးမှာ တောင်ယာလုပ်ကိုင်နေသူ ၂ ယောက် ကို ပစ်ခတ်ခဲ့တဲ့အတွက် ကျော်ဆန်းမြင့်မှာ သေဆုံးခဲ့ပြီး အုန်းရွှေကတော့ ပေါင်မှာကျည်ထိမှန်ပြီး အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

4 months Ago

February 2, 2022

အာဏာသိမ်းစစ်အုပ်စုအပေါ် ပိတ်ဆို့ဒဏ်ခတ်အရေးယူမှုများ မလုံလောက်သေး

အမေရိကန်၊ ယူကေနဲ့ ကနေဒါ တို့က မြန်မာအာဏာသိမ်းစစ်အုပ်စုနဲ့  စီးပွားရေးလုပ်ဖော်ကိုင်ဖက်တွေအပေါ် ပိတ်ဆို့ဒဏ်ခတ်အရေးယူမှုအသစ်တွေချမှတ်လိုက်တဲ့အပေါ်  Justice for Myanmar က ကြိုဆိုလိုက်ပေမယ့် စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့က လုံလောက်မှု မရှိသေးဘူးလို့ ထောက်ပြထားပါတယ်။

အမေရိကန်၊ ယူကေနဲ့ ကနေဒါတို့ဟာ မြန်မာစစ်အုပ်စုနဲ့ ဆက်နွှယ်နေတဲ့ လူပုဂ္ဂိုလ် ၇ ယောက်နဲ့ အဖွဲ့အစည်း ၂ ခုကို ဇန်နဝါရီ ၃၁ ရက်က ပိတ်ဆို့အရေးယူမှုတွေ ချမှတ်လိုက်တာဖြစ်ပါတယ်။

အမေရိကန်အစိုးရရဲ့ ဒဏ်ခတ်ပိတ်ဆို့စာရင်းမှာ ထပ်ထည့်ခံရသူ ၇ ယောက်ကတော့  စစ်ကောင်စီခန့် ရှေ့နေချုပ် ဒေါ်သီတာဦး၊ တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊  အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးတင်ဦး၊ စီးပွားရေးလုပ်ငန်းရှင် ဂျော်နသန်မျိုးကျော်သောင်း၊  စီးပွားရေးလုပ်ငန်းရှင် ဦးတေဇနဲ့ သားဖြစ်သူ ပြည့်ဖြိုးတေဇ၊ ထူးထက်တေဇတို့ ဖြစ်ကြပါတယ်။ ဒဏ်ခတ်အရေးယူပိတ်ဆို့ခံရတဲ့ အဖွဲ့အစည်း ၂ ခုကတော့  စစ်လက်နက်ဝယ်ယူရေးဌာနဖြစ်တဲ့ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)ရဲ့ စစ်လက်နက်ပစ္စည်းဝယ်ယူရေး ညွှန်ကြားရေးမှူးရုံးနဲ့ ဂျော်နသန်မျိုးကျော်သောင်းရဲ့  KT Services and Logistics (KTSL)  ကုမ္ပဏီတို့ ဖြစ်ပါတယ်။

အဆိုပါပိတ်ဆို့အရေးယူမှုတွေဟာ စစ်အုပ်စုရဲ့ အကြမ်းဖက်လှုပ်ရှားမှုကို လုပ်ဆောင်နိုင်တဲ့ ရန်ပုံငွေနဲ့ လက်နက်တွေစီးဆင်းမှုကို ဟန့်တားဆို့ အပြုသဘောဆောင်တဲ့ ခြေလှမ်းတရပ်သာ ဖြစ်ပြီး စစ်အုပ်စုရဲ့ အကြမ်းဖက်မှုကို ရပ်တန့်ဖို့တော့  မလုံလောက်သေးဘူးလို့ Justice for Myanmar က  ဆိုပါတယ်။

ဒါကြောင့် ရေနံနှင့်သဘာဝဓါတ်ငွေ့ ကဏ္ဍ အပါအဝင် တခြားသော ဒဏ်ခတ်ပိတ်ဆို့မှုတွေကိုလည်း အရေးတကြီး ဆောင်ရွက်ဖို့လိုအပ်တယ်လို့ ထောက်ပြထားပါတယ်။

မြန်မာစီးပွားရေးသုတေသီတဦးက “ကျနော်တို့ကသာ စစ်တပ်ကို ပိတ်ဆို့ဖို့ ပြောနေပေမဲ့ တခြားနိုင်ငံတွေကသူတို့ အကျိုးစီးပွားရှိမယ်ဆိုရင်ပေါ့ ဒီမိုကရေစီစံနှုန်းတွေနဲ့ လူ့အခွင့်အရေးစံနှုန်း မရှိတဲ့ တိုင်းပြည်တွေက ရှိနေတာပဲလေ။ ဒါကြောင့် ဒီဘက်က ဘယ်လောက်ပဲ ပိတ်ပိတ် တဖက်ကလည်းပွင့်နေမှာပဲလို့ ကျနော်တော့ ထင်တယ်။ ဆိုတော့ ၁၀၀ ရာခိုင်နှုန်းတော့ မထိရောက်နိုင်ဘူး။ ဒါပေမဲ့ သုညလည်း မဟုတ်ဘူးနော်။ အဲ့တော့ လုံးဝ မထိရောက်တာတော့ မဟုတ်ဘူး။ ဒါပေမဲ့ အတိုင်းအတာတခုအထိတော့ သူတို့ကို ပိတ်သွားစေနိုင်တယ်။ တနည်းအားဖြင့် စစ်ကောင်စီကို လူရာမဝင်အောင် လုပ်လိုက်တဲ့သဘောတော့ ဖြစ်စေပါတယ်။ အမေရိကား အပါအဝင် အနောက်နိုင်ငံကြီးတချို့က ပိတ်တယ်ဆိုတော့ စစ်ကောင်စီအဖို့ ဝင်ငွေရလမ်း ရပေါက်ကတော့  ကျဉ်းသွားစေပါတယ်။ ဘာလို့လဲဆို ဒီမိုကရေစီတိုင်းပြည်တွေဆီက ဝင်ငွေ မရနိုင်တော့လို့ တခြားလမ်းကပဲ သူရှာရတော့မှာပေါ့။ ဒီတော့ ထိရောက်မှု ရှိလား မရှိလားဆိုတာကို တိုင်းတာဖို့တော့ ခက်တယ်။” လို့ ဒီဗွီဘီကို ပြောပါတယ်။

စီးပွားရေးလေ့လာသုံးသပ်သူတဦးရဲ့အမြင်ကတော့ “အခုဆိုရင် တိုင်းရင်းသားနယ်မြေတွေမှာ စစ်တပ်ကထုတ်တဲ့ ပစ္စည်းတွေကိုတွေ့တာ မြင်တာနဲ့ သိမ်းတယ် ၊ ဖျက်ဆီးပြစ်တယ်။ ဒါမျိုး လုပ်နေတာနော်။ အဲ့ဒါမျိုးကို တိုင်းရင်းသား နယ်မြေမှာတင်မဟုတ်ပဲ ပြည်မကြီးမှာလည်း စစ်တပ်နဲ့ဆက်နွှယ်တဲ့ ပစ္စည်းတွေကို သပိတ်မှောက်မယ်ဆိုရင်လည်း ဒါက ထိရောက်တာပဲနော်။ နောက်တချက်က ပြင်ပကနေ ဝင်နေတဲ့ဟာ ရေနံနဲ့ ကျောက်မျက်ပေါ့။ အဲ့ဒါတွေကိုလည်း ဘယ်ကနေ ဝင်နေလဲ၊ ဘယ်နိုင်ငံဆီ သွားနေလဲ ဆိုတာသေချာသိဖို့တော့ လိုတာပေါ့။ နောက်တချက်က သူတို့ကတော့ (ဗိုလ်ချုပ်ကြီးတွေက) သူတို့အမည်နဲ့လုပ်မှာမဟုတ်ဘူး။ သူ့သား အမည်၊ ဒါမှမဟုတ် သူတို့ အမျိုးအမည်တွေနဲ့ပဲ လုပ်ကြမှာ။ ဒါကလည်း အမည်တခုက ထင်ရှားသွားပြီးဆိုရင် တခြားအမည်နဲ့ သူတို့က ဆက်လုပ်မှာပဲနော်။ အဲ့တော့ ဒါတွေကို နောက်ကြောင်းခံ သေသေချာချာလိုက်နိုင်ဖို့ အရမ်းအရေးကြီးတယ်။ တကယ်လို့လိုက်နိုင်ပြီဆိုရင် အဲ့ဒီ့ အချက်အလက်တွေကို အနောက်နိုင်ငံတွေဆီ ပို့လိုက်ပြီး ပိတ်ဆို့မယ်ဆိုရင် သူတို့ဝင်ငွေတွေက ပိတ်သွားလိမ့်မယ်။ အဲ့တော့ ကျနော်မြင်တာက နှစ်လမ်းပေါ့။ နိုင်ငံတကာနဲ့ဆက်ဆံတဲ့ လမ်းကြောင်းရယ်၊ ပြည်တွင်းမှ စားသုံးသူတွေက သူတို့ရဲ့ ထုတ်ကုန်ပစ္စည်းတွေကို သပိတ်မှောက်တဲ့လမ်းကြောင်းရယ်။ အဲ့ဒီ့ ၂ခုစလုံးကို တပြိုင်နက်တည်း လုပ်နိုင်မယ်ဆိုရင် အတိုင်းအတာတခုအထိ ပိုပြီးထိရောက်မယ်” လို့ဆိုပါတယ်။

မြန်မာစစ်တပ်ရဲ့ ရက်စက်ယုတ်မာတဲ့ ရာဇဝတ်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့  ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့အရေးယူမှု တွေချမှတ်ဖို့ ကမ္ဘာတဝန်းမှာရှိတဲ့ ဒီမိုကရေစီနိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ ယူကေ၊ ဥရောပသမဂ္ဂ၊ ကနေဒါ၊ နယူးဇီလန် နိုင်ငံတို့မှ လွှဲပြီး သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်တို့က မြန်မာစစ်ကောင်စီနဲ့ သူတို့ရဲ့  စီးပွားရေးလုပ်ဖော်ကိုင်ဖက်တွေအပေါ် တစုံတရာ အရေးယူပိတ်ဆို့မှု မရှိသေးတဲ့အပေါ်မှာ Justice for Myanmar က မီးမောင်းထိုးထောက်ပြထားပါတယ်။

Photo Credit- Justice for Myanmar-

12 months Ago
More News
Up