အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အစိုးရကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ မကွေးတိုင်း၊ ပွင့်ဖြူမြို့မှာ ဒီကနေ့ ဖေဖော်ဝါရီ ၈ ရက်မနက်က မြို့ခံ ပြည်သူလူထုတွေနဲ့ နိုင်ငံဝန်ထမ်းတွေ အများအပြားက ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။
သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေကို အမြန်ဆုံး လွှတ်ပေးဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။
မုံရွာမြို့မှာ အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့ မနက်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ပုံတွေကို ကြက်ခြေခတ်ထားတဲ့ ပိုစတာကမ်ပိန်းတစ်ခု ပြုလုပ်သွားပါတယ်။
အဲဒီပိုစတာတွေကို မြို့ထဲလမ်းမတွေမှာရှိတဲ့ အပင်တွေ၊ ဓာတ်မီးတိုင်တွေနဲ့ ကြေညာဆိုင်းဘုတ်တွေ စတဲ့နေရာတချို့မှာ ကပ်ထားတာကို တွေ့ရှိခဲ့ရတယ်လို့ ကုန်စိမ်းရောင်းတဲ့ ဈေးသည်တစ်ဦးက ပြောပါတယ်။
“ကျမ မနက်ဈေးထွက်တော့ တွေ့ခဲ့ရတာ၊ ဘယ်အချိန်က ကပ်သွားလဲတော့ မသိဘူး၊ ဘာဖြစ်ဖြစ် အခုလို အများပြည်သူတွေအားလုံး ဆန့်ကျင်ကြတာတွေ့ရတော့ ဝမ်းသာတယ်။ ကျေနပ်မိတယ်” လို့ ပြောပါတယ်။
မုံရွာမှာ ဖေဖော်ဝါရီ ၅ ရက်နေ့ကလည်း အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဖော်ပြထားတဲ့ စာရွက်အများပြားကိုလည်း မြို့ရဲ့နေရာအနှံ့ပြားမှာ ဖြန့်ဝေတာခဲ့ပါတယ်။
ဒါ့အပြင် မုံရွာမြို့က ဌာနဆိုင်ရာ တော်တော်များများက ဝန်ထမ်းတွေလည်း အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှား (Civil Disobedience Campaign) ပြုလုပ်ပြီး အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင်ကန့်ကွက်နေကြပါတယ်။