အာဏာသိမ်းစစ်ခေါင်းဆောင်

June 20, 2022

အာဏာသိမ်း စစ်ခေါင်းဆောင်၏ အင်းယားလမ်းနေအိမ်ရောင်းချမှု ဒေါ်လာ ၇ သန်းခွဲ ရရှိထား

အာဏာသိမ်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရန်ကုန်မြို့ အင်းယားလမ်း နေအိမ်ကို NUG အစိုးရက  ရောင်းချနေရာမှာ လတ်တလောအချိန်ထိ အမေရိကန်ဒေါ်လာ ၇ သန်းခွဲဖိုး၊ ၇၅ ရာခိုင်နှုန်းကျော်ထိ ရှယ်ယာရောင်းချထားရပြီး ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရားသဖြင့် ရယူထားတဲ့ ရန်ကုန်မြို့၊ အင်းယားလမ်းက နိုင်ငံတော်ပိုင်မြေဟာ ၁ ဒသမ ၈၆ ဧက ကျယ်ဝန်းပြီး ကာလပေါက်ဈေး အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော်ရှိပေမဲ့ ကာလတန်ကြေးရဲ့ ၃ ပုံ ၁ ပုံ၊ အမေရိကန်ဒေါ်လာ ၁၀ သန်း တန်ဖိုးဖြတ်ပြီး NUG က ရှယ်ယာတစုကို အမေရိကန်ဒေါ်လာ ၁၀၀ သတ်မှတ်ပြီး အစုရှယ်ယာ ၁ သိန်းတိတိ ရောင်းချနေတာပါ။

ဒါဟာ အာဏာရှင် အဆုံးသတ်နိဂုံး (The End of Dictatorship-EOD) အစီအစဉ်ရဲ့ ကနဦးခြေလှမ်း ဖြစ်တယ်လို့လည်း ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က လက်မှတ်ရေးထိုး ထုတ်ပြန်ထားပါတယ်။

“နိုင်ငံသစ်ဟာ ဆုတောင်းရုံနဲ့တော့ မရ။ နွေဦးတော်လှန်ရေး အောင်မြင်မှသာ၊ အောင်မြင်ဖို့ အားလုံးပါဝင် တိုက်ပွဲဆင်မှသာ ရပါမယ်။ EOD ဟာလည်း တော်လှန်ရေးအတွက် ကြီးမားတဲ့ အထောက်အကူ ဖြစ်လို့ ဝယ်ယူကြပါ။ မိမိရဲ့ နီးစပ်ရာ ဆွေမျိုး မိတ်ဆွေတွေ ဝယ်ယူဖို့ အဆင်ပြေအောင် ကူညီလမ်းညွှန်ပေးကြပါ။ EOD ရှယ်ယာ အရောင်းဟာ ဒေါ်လာ ၇ ဒသမ ၅ သန်းကျော်သွားပြီ။ ပထမ ပရောဂျက် ၁၄ အင်းယားရဲ့ ၇၅ ရာခိုင်နှုန်း ကျော်ပြီပေါ့။ EOD နဲ့ အခြားပရောဂျက်တွေရဲ့ ထောက်ကူမှု ရလဒ်အဖြစ် နွေဦးတော်လှန်ရေးရဲ့ အရွေ့တွေ၊ အောင်မြင်မှုတွေ မြင်နေရပါပြီ။ ဒါပေမဲ့ ၇၅ ရာခိုင်နှုန်း အောင်မြင်သော တော်လှန်ရေး ဆိုတာ တကယ်တော့ မအောင်မြင်သေးတာပါပဲ။ ၁၀၀ ရာခိုင်နှုန်း အောင်မြင်ရပါမယ်။ တော်လှန်ရေး အောင်ဖို့ ဆက်တွန်းကြပါ။” လို့ The End of Dictatorship-EOD က ပြောပါတယ်။

ဒါ့အပြင် မင်းအောင်လှိုင် မတရား ရယူသိမ်းပိုက်ထားတဲ့ တခြားသော အိမ်နဲ့ အဆောက်အအုံတွေ၊ စစ်ကောင်စီခေါင်းဆောင်တွေ မတရားပိုင်ဆိုင်ထားတဲ့ အိမ်ခြံမြေတွေကို တခုပြီးတခု ကြိုပွိုင့်နဲ့ ရောင်းချပြီး တော်လှန်ရေးအတွက် အရေးတကြီး လိုအပ်နေတဲ့ ဘဏ္ဍာရန်ပုံငွေတွေကိုလည်း ဆက်လက်ရှာဖွေသွားမယ်လို့ ဆိုပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရားသဖြင့် ရယူထားတဲ့ နိုင်ငံတော်ပိုင် ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အင်းယားလမ်း၊ ခြံအမှတ် ၁၄ က မြေနဲ့အဆောက်အအုံကို ကြိုတင်ရောင်းချနိုင်ရေး ပြည်သူ့ဆန္ဒကောက်ယူတဲ့ စစ်တမ်းတခုကို ဒီမတိုင်ခင်က ပြုလုပ်ခဲ့ပြီး စစ်တမ်းကောက်တဲ့ ၆ ရက်တာကာလအတွင်း စုစုပေါင်းဆန္ဒပြုသူ ၁၈,၀၀၀ ကျော်ရဲ့ ၉၇ ရာခိုင်နှုန်းကျော်က ဝယ်ယူမယ်လို့ ဆန္ဒပြုခဲ့ကြပြီး ဝယ်ယူဖို့ အဆိုပြုပမာဏ စုစုပေါင်းက ငွေကျပ် ၃၄ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၇ သန်း) လောက် ရှိပါတယ်။

ဒီရောင်းချမှုကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်စွဲနဲ့ ထုတ်ပြန်ထားတဲ့ “အကြမ်းဖက်စစ်ကောင်စီက သိမ်းယူထားသော တပ်ပိုင်မြေဆိုင်ရာ အခြေခံမူများ” အပိုဒ် ၄ နဲ့ အပိုဒ် ၅ အရ စီမံဆောင်ရွက်တာ ဖြစ်ပါတယ်။

6 days Ago

June 1, 2022

တိုင်းပြည်အေးချမ်းနေပြီဟု အာဏာသိမ်းစစ်ခေါင်းဆောင်ပြော

တိုင်းပြည် အေးချမ်းတဲ့ အနေအထားသို့ ရောက်ရှိလာပြီဖြစ်တယ်လို့  အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မေ ၃၁ ရက် နေပြည်တော်မှာ ကျင်းပတဲ့ စစ်ကောင်စီအစည်းဝေးမှာ ပြောကြားလိုက်ပါတယ်။

“နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်တာဝန်ကို စတင်ထမ်းဆောင်ချိန်တွင် နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများကြောင့် ဆူပူမှုများ ဖြစ်ပေါ်ခဲ့ကာ အချို့ EAO အဖွဲ့များ၏ သွေးထိုးမြှောက်ပင့်ပေးမှုများကြောင့် အကြမ်းဖက်မှုများအထိ ဖြစ်ပေါ်ခဲ့ပြီး ယနေ့အချိန်အထိ ဖြစ်ပေါ်လျက်ရှိကြောင်း၊ သို့သော် အကြမ်းဖက်မှုများကို ဖြေရှင်းဆောင်ရွက်ရာတွင် အတတ်နိုင်ဆုံး ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ အကြမ်းဖက်မှုများကြောင့် တာဝန်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း၊ ယခုအခါ အေးချမ်းသည့် အနေအထားသို့ ရောက်ရှိလာပြီ” လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

အခုပညာသင်နှစ်မှာ အခြေခံပညာကျောင်းတွေ ပြန်လည်ဖွင့်လှစ်ဖို့ ဆောင်ရွက်နေရာမှာ ကျောင်းသူကျောင်းသား ၄ သန်း ၉ သိန်းကျော် အပ်နှံပြီးဖြစ်သလို အဆင့်မြင့်ပညာနရေးမှာလည်း တက္ကသိုလ်တွေ၊ ကောလိပ်တွေ ပြန်လည်ဖွင့်လှစ် ကျောင်းသား၊ ကျောင်းသူများစွာ ပညာသင်ကြားနေကြပြီလို့ဆိုပါတယ်။

စီးပွားရေးနဲ့ပတ်သက်ပြီးလည်း နိုင်ငံရဲ့ကုန်သွယ်မှု လိုအပ်ချက်အရ တချို့သော ပြည်ပသွင်းကုန် တင်သွင်းတာကို ကန့်သတ်ခဲ့ရပေမဲ့ စက်သုံးဆီ၊ စားဆီ ကမ္ဘာ့ဈေးကွက် အခြေအနေအရ ဈေးနှုန်းမြင့်တက်ခဲ့ပေမဲ့ လုံးဝပြတ်လပ်ခြင်း မရှိအောင် စီမံခဲ့တယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

အားကစားကဏ္ဍမှာလည်း ပြီးခဲ့တဲ့  (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ  အရင်အကြိမ်တွေထက် ရလဒ် ပိုမိုကောင်းမွန်ခဲ့တယ်လို့ လည်း အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောပါတယ်။ နိုင်ငံပေါင်း ၁၁ နိုင်ငံ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ပြီးခဲ့တဲ့ ဗီယက်နမ် ဆီးဂိမ်းစ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံအလိုက် အဆင့် ၇ သာ အရင်အကြိမ်တွေကအတိုင်းပဲ ဆက်လက်ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။ 

စစ်ခေါင်းဆောင်က တိုင်းပြည်အေးချမ်းနေပြီး ပညာရေး၊ စီးပွားရေး၊  အားကစားကဏ္ဍ အသီးသီးမှာ တိုးတက်နေပြီလို့ ပြောနေပေမဲ့ လက်တွေ့ မြေပြင်မှာတော့  ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတွေမှာ တိုက်ပွဲတွေ ပြင်းထန် ဖြစ်ပွားနေတာဖြစ်ပါတယ်။

စစ်ခေါင်းဆောင် နေပြည်တော်မှာ ပြောကြားနေတဲ့ အချိန်နဲ့ မရှေးမနှောင်းမှာပဲ ရန်ကုန်မြို့လယ်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပြီး လူ ၁ ဦးသေဆုံး ၉ ဦးဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ 

နိုင်ငံတဝန်း ကျေးရွာတွေမှာ  စစ်ကောင်စီတပ်တွေက လူနေအိမ်တွေ၊ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေနဲ့ စေတီပုထိုးတွေပါမကျန် မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတဲ့ နေအိမ်ပေါင်း သောင်းချီရှိနေပြီဖြစ်ပြီး ပြည်သူ  ၁ သန်းနီးပါး နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေကြရပါတယ်။

Photo -MOl

4 weeks Ago
More News
Up